မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ ပြောင်းကျေးရွာတွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွဲဝေချထားသော ဘဏ္ဍာငွေ ၂၁၆ သိန်းဖြင့် မူလတန်းကျောင်းဆောင်သစ်အား တိုးမြင့်မိုရ်ဦးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ရာ အရည်အသွေးမပြည့်မီသည့် အန္တရာယ်ရှိသော အဆောက်အဦအဖြစ် မြို့နယ်တာဝန်ရှိသူများမှ သတ်မှတ်ခဲ့သည့်အတွက် ဆောက်လုပ်ပြီးချိန်မှစ၍ ယနေ့အထိ ကျောင်းဆောင်သစ်အား ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုခြင်းမရှိသေးပါကြောင်း၊ မြို့နယ်တာဝန်ရှိသူများမှ အဆင့်ဆင့်စစ်ဆေးတင်ပြခဲ့ရာတွင် မကွေးတိုင်းဝန်ကြီးချုပ်မှ တာဝန်ယူဆောက်လုပ်ပေးသော တိုးမြင့်မိုရ်ဦးကုမ္ပဏီအား ကျောင်းဆောင်သစ် တစ်ဆောင်ထပ်မံ ဆောက်လုပ်ပေးရန် လမ်းညွှန်ထားခဲ့သည်ကို သိရှိရပါကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူ ဦးတိုးမြင့်အောင်မှ ၄-၄-၂၀၁၅ ခုနှစ်ရက်နေ့တွင် စတင်ဆောက်လုပ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းကို လည်းသိရပါသည်။ သို့သော် ယနေ့အချိန်အထိ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ယခုလက်ရှိတွင်လည်း အသုံးပြုနေသော ကျောင်းဆောင်အဟောင်းမှာ ချောင်းကမ်းပါးပေါ်တွင် ရှိနေပါသဖြင့် မိုးတွင်းအခါ ရေတိုက်စားမှုကြောင့် ကျောင်းဝိုင်း၏ ထက်ဝက်ကျော်တွင် ရေကြောင်းထဲသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ၏ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်သစ်အား အလျင်အမြန်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ပြောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုးမြင့်မိုရ်ဦးကုမ္ပဏီမှ ဆောက်လုပ်ပေးခဲ့သော ကျောင်းဆောင်သစ်သည် အရည်အသွေးမပြည့်မီသည့် ကိစ္စနှင့် ပတ်သက် ၍ မကွေးတိုင်းဒေသကြီး ပညာရေးမှူး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၁၉-၃-၂၀၁၆ရက်နေ့ တွင် တိုးမြင့်မိုရ်ဦး ကုမ္ပဏီနှင့် ပြောင်းကျေးရွာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော် မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး ခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေးရာ တွင် ကုမ္ပဏီဘက် မှ ပြောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်အတွက် ငွေကျပ် သိန်း ၁၅၀ တိတိကို ပေးလျော်မည်ဖြစ်ပြီး အဆိုပါငွေကို ၃၀-၄-၂၀၁၆ ရက်နေ့တွင် ပထမအရစ်အဖြစ် ကျပ်သိန်း ၁၀၀ ကို လည်းကောင်း၊ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ဒုတိယအရစ် အဖြစ် ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ပြောင်းကျေးရွာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီထံသို့ ပေးအပ်သွား မည်ဖြစ်ကြောင်းကို မကွေးတိုင်း ဒေသကြီးပညာရေး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေး မှူးများနှင့် အသိသက်သေများရှေ့တွင် သဘောတူလက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
