မေးခွန်း အကြောင်းအရာ
၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီမှ ၂၉-၁၀-၁၉၇၃ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်ထိလည်း ဖျက်သိမ်းထားခြင်း မရှိသေးပါကြောင်း၊ အဆိုပါအဖွဲ့ကို ဒုတိယဝန်ကြီးအဆင့်ရှိသူ တစ်ဦးကို ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်ဥက္ကဋ္ဌအဖြစ်ခန့်ပြီး အဖွဲ့ဝင်အဖြစ် အခြေခံပညာ၊ အဆင်မြင့်ပညာမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ပါဝင်စေလျက် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှု အောက်မရှိဘဲ သီးခြားလွတ်လပ်သော အစိုးရအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၎င်း အဖွဲ့၏ တာဝန်ယူ မှု၊ တာဝန်ခံမှုကို ဥပဒေတွင် ဖော်ပြခြင်းသည် အစိုးရက အခြေခံပညာရေးဟု သတ်မှတ်သော ပညာအဆင့်အတန်း ကုန်ဆုံးသည့်အခါ စာစစ်အဖွဲ့မှ ဤဥပဒေအရ စစ်ဆေးသော စာမေးပွဲကို တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမည်ဟု ပါရှိပါကြောင်း၊ ထိုအချိန်က စာမေးပွဲနှင့်ပတ်သက်သော အရာမှန်သမျှကို မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဋ္ဌမှ တာဝန်ယူ၊ တာဝန်ခံပါကြောင်း၊ ယခုချိန်တွင် ဤဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးဘဲ မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ဖျက်သိမ်းပြီး ၂၀၁၂ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက် စာစစ်ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဦးစီးဌာနသည် ပညာရေးဝန်ကြီးအား တာဝန်ခံလျက် ညွှန်ကြားရေးမှူးချုပ် တစ်ဦးခန့်အပ်ပြီး အခြေခံပညာရေးကို သတ်မှတ်သော ပညာအဆင့်အတန်း ကုန်ဆုံးသည့်အခါ စစ်မေးသည့် လေးတန်း (Grade-V)၊ ရှစ်တန်း(Grade-IX)နှင့် တက္ကသိုလ်ဝင်တန်း (Grade-XI) စာမေးပွဲများကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေသည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် မိမိသိရှိလိုသည့် မေးခွန်းမှာ ၁၉၇၃ ခုနှစ်၊ ပညာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲခြင်းမဟုတ်သော သီးခြားရပ်တည်နေသည့် မြန်မာနိုင်ငံစာစစ်အဖွဲ့ကို ဥပဒေဖျက်သိမ်းခြင်း မရှိသေးဘဲ မည်သည့်အတွက်ကြောင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပါကြောင်းနှင့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် (၄)တန်း၊ (၈)တန်း စာမေးပွဲများတွင် မေးခွန်းများမှားယွင်းခြင်း၊ ဖြေဆိုခြင်း မပြုမီရက်များတွင် ကြိုတင်ပေါက်ကြားပြီး ဖြေဆိုသည့်အချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့မြင်ကြားသိခဲ့ရပါကြောင်း၊ ၎င်း ဖြစ်ရပ်များအတွက် စာစစ်ဦးစီးဌာနမှ တာဝန်အရှိဆုံးသူမှ တာဝန်ယူ၊ တာဝန်ခံနိုင်မည်လား၊ သို့တည်းမဟုတ် စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား တာဝန်ခံဆောင်ရွက်ရသည့်အတွက် ပညာရေးဝန်ကြီးဌာနက မည်သူကို တာဝန်ယူ၊ တာဝန်ခံ အရေးယူဆောင်ရွက်ပါမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၇၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှစ၍ စနစ်သစ်အုပ်ချုပ်ရေးအရ အစိုးရဌာနအဖွဲ့အစည်းများကို အသစ်ပြန်လည်ဖွဲ့စည်းရာတွင် ယခင်စာစစ်မင်းကြီးရုံးအား မြန်မာနိုင်ငံစာစစ်အဖွဲ့ဟူ၍ သီးခြားအဖွဲ့အဖြစ် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တစ်သီးတစ်ခြား ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့တွင် ဥက္ကဋ္ဌတစ်ဦးကို ခန့်ထားပြီး စာမေးပွဲဆိုင်ရာလုပ်ငန်းများ၊ အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်ပေးရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ဆောင် ရွက်စေခဲ့ပါကြောင်း၊ တော် လှန်ရေး ကောင်စီ သည် မြန်မာတစ်နိုင်ငံလုံးတွင် လုပ်ဆောင်ရသော စာမေးပွဲများအား ကျင်းပစစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းရပ်များကို ၂၉.၁၀.၁၉၇၃ ရက်နေ့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၆ ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပေးပြီးနောက် မြန်မာနိုင်ငံစာစစ်အဖွဲ့အနေဖြင့် (က) အခြေခံပညာအထက်တန်းစာမေးပွဲ၊ (ခ) အခြေခံပညာအဋ္ဌမတန်းစာမေးပွဲ၊ (ဂ) မှတ်ပုံတင်စာရင်းကိုင်စာမေးပွဲ (၁၉၇၄ ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့သည်)၊ (ဃ) စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းစာမေးပွဲ (၁၉၇၅ ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့သည်)၊ (င) သီးခြားကူးသန်း ရောင်းဝယ်ရေးစာမေးပွဲ၊ (စ) ဗဟိုတရားရုံးချုပ်ရှေ့နေနှင့် အထက်တန်းရှေ့နေစာမေးပွဲ (၁၉၇၂ ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်)၊ (ဆ) မှတ်ပုံတင်ရှေ့နေ သင်တန်းစာမေးပွဲနှင့် (ဇ) တက္ကသိုလ်ဝင်စာမေးပွဲကို ၁၃-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ စာစစ်အဖွဲ့ကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော အမျိုသားပညာရေး ဥပဒေအရလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုအောက်ရှိ သီးခြားဦးစီးဌာန အဖြစ်ထားရှိ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ မေးခွန်းမှားယွင်းခြင်းနှင့် ဖြေဆိုခြင်းမပြုမီရက်များ တွင် မေးခွန်းပေါက်ကြားခြင်း ကိစ္စနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရှေးဦးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခဲ့ပါကြောင်း၊ မေးခွန်းပေါက်ကြားမှုမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်များအရ စာစစ်ကြီးကြပ် ရေးမှူး တာဝန်ယူရသည့် အောက်ဖော်ပြပါ ကျောင်းအုပ်သုံးဦးနှင့် အခြားကျောင်းအုပ်တစ်ဦးတို့မှ မသမာသော နည်းလမ်းများသုံး၍ မေးခွန်းထုပ်ကို လက်ရာမပျက် ဖောက်ယူခြင်းကြောင့် သာ မေးခွန်း ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ (က) ဦးအောင်စိုးလင်း၊ အ.လ.က(ခွဲ) ကျောင်းအုပ်၊ အဋ္ဌမတန်းကြီးကြပ်ရေးမှူး၊ ထိန်စမ်းစာစစ်ဌာန၊ (ခ) ဦးမြတ်စိုး၊ အ.လ.က(ခွဲ) ကျောင်းအုပ်၊ စတုတ္ထတန်းကြီးကြပ်ရေးမှူး၊ သလုံးသွေး စာစစ် ဌာန၊ (ဂ) ဒေါ်လှလှရွှေ၊ အ.လ.က(ခွဲ)က ကျောင်းအုပ်၊ စတုတ္ထတန်းကြီးကြပ်ရေးမှူး၊ ထိန်ကန်စာစစ်ဌာန၊ (ဃ) ဦးထက်မြတ်ကျော်၊ အ.မ.က ကျောင်းအုပ်၊ ချောင်းပိုက်ကျေးရွာ၊ စာစစ်တာဝန်မရှိ (ကျောင်းသားများကို စာဖြေကျောင်းသို့ ပို့ပေးသူ) များဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန အနေဖြင့် တာဝန်ရှိသူလေးဦးအား ချောက်မြို့နယ်ပညာရေးမှူးမှ ရာထူးတာဝန်အလျောက် လျှိူ့ဝှက်လုံခြုံစွာ ထိန်းသိမ်းထားရမည့် မေးခွန်းလွှာများကို အချိန်မတိုင်မီ ဖွင့်ဖောက်ဖြန့်ဝေပေါက်ကြားစေမှုဖြင့် ချောက်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၅/၂၀၁၆) ဆုံးဖြတ်ချက်အရ အထက်ပါ ကျောင်းအုပ်လေးဦးအား ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ပြီး (Dismissal) ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဦးလှမိုး (အောင်မြေသာစံ)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခုလို လာရောက်ဖြေကြားပေးသည့် ပညာရေးဝန်ကြီးကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ မိမိမေးလိုသည့်မေးခွန်းတွင် အဓိကရှိသည်မှာ ဥပဒေတစ်ခု မဖျက်သိမ်းသေးဘဲ ဥပဒေကိုလွှမ်းမိုးပြီး မည်သည့်အရာမှ လုပ်၍မရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ဆုံးဖြတ်ချက်အရ ဦးစီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့်ရှိ/မရှိ၊ နောက်တစ်ချက်က တာဝန်ခံမှု၊ တာဝန်ယူမှုသည် အဆင့်ဆင့်ကြီးကြပ်ရမည့်သူများနှင့် မေးခွန်းများမှားယွင်းသည့်အတွက် မည်သူသည်တာဝန်ယူပြီး မည်သူတို့က အဆင့်ဆင့်စစ်ဆေးမည်ကိုသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
၎င်းမေးခွန်းကို ပြန်လည်ဖြေကြားနိုင်ရန်အတွက် မိမိအနေဖြင့် ပြန်လည်စိစစ်ပြီးမှ ပြန်လည်ဖြေကြားခွင့်ပြုရန်အတွက် လေးစားစွာတင်ပြအပ်ပါကြောင်းဖြင့် ဖြေကြားပါသည်။
