(က)-ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် မော်လိုက်မြို့ ဆိပ်ကမ်းမြေထိန်းနံရံအား ၂၀၁၆ မြစ်ရေမတက်မီ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

cho cho winမော်လိုက်မြို့ အပါအဝင် အထက်လောင်းကောင်းကျေးရွာနှင့်အောက် ကြာအင်းကျေးရွာတို့တွင် မြစ်ကမ်း ပြိုကျမှုများ၊ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ ရွာများပြောင်းရွေ့ရခြင်းများရှိသည့်အပြင် ဒေသခံများအတွက်လည်း စိုးရိမ်ဖွယ်ရာအနေအထား ရှိပါကြောင်း၊ ၂၀၁၅ မြစ်ရေကြီးမှုကြောင့် မော်လိုက်မြို့ ကုန်တင်ကုန်ချ အလုပ်သမားရုံးကြီးမှာလည်း ပြိုကျလုနီးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်အနေဖြင့် မော်လိုက်မြို့ဆိပ်ကမ်းမြေထိန်းနံရံအား ၂၀၁၆ မြစ်ရေမတက်မီ အမြန်ဆုံးဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်နှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်
အဖြေ
ဖြေကြားချက် 

u thant zin mgချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကမ်းပြိုမှုများသည် နှစ်စဉ် နေရာ ၂၀ ဖြစ်ပွားလျက်ရှိပါကြောင်း၊ ချင်းတွင်းမြစ်၏ မြစ်ညှာပိုင်းတွင် သစ်တောများပြုန်းတီးခြင်း၊ ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် မြစ်ချောင်းများတွင် သဲနုန်းများ ပို့ချခြင်းဖြစ်ပေါ်လာပြီး မြစ်ကြမ်းပြင်မြင့်တက်လာကာ ရေကြောင်းပြောင်း လဲခြင်းများ၊ မြစ်ကမ်းပါးတိုက်စားပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်တစ်ခုလုံးကို ရေလမ်းကြောင်းကောင်းမွန်အောင် အဓိကထားလုပ်ဆောင်ရမည်ဖြစ်သော်လည်း မြစ်ကမ်းပါးပြိုကျမှုများကိုသာ ဖြေရှင်းနိုင်သည့် အနေအထားရှိပါကြောင်း၊ ယခုနှစ် ချင်းတွင်းမြစ်ကြောင်း တစ်ခုလုံးကောင်းမွန်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ချင်းတွင်းမြစ်ရေလမ်း ဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေသည် ကျပ်သန်း ၁၇၀ သာရှိပြီး ရေလမ်းပိုင်း၏ လေးနေရာကိုသာ ရေလမ်းကောင်းမွန်ရေး ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၏ တွက်ချက်ခန့်မှန်းချက်များအရ ချင်းတွင်း မြစ်ကြောင်းကြီးတစ်ခုလုံးကို ကောင်းမွန်အောင်လုပ်မည်ဆိုပါက သန်းပေါင်း ၁၈၀၀၀(၁၈ ဘီလံအထက်)သုံးစွဲရန်လိုအပ်ပြီး ငါးနှစ်အတွင်း ပြုပြင်ရမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခု ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ကျပ်သန်း ၁၇၀ သုံးစွဲခွင့်၍မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက်တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မော်လိုက်မြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၃-၁၄  ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ရွှေနဒီတည်းခိုခန်းအနီး အလျား ၁၆၀ ပေ သစ်သားပိုင် ကမ်းထိန်းနံရံကို ယခင်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ အဆိုပါ တည်ဆောက်ခဲ့သည့် ကမ်းထိန်းနံရံသည် သစ်သားပိုင်ဖြစ်ပြီး ခိုင်ခံ့မှုမရှိပါကြောင်း၊ အောင်းရေများနှင့် စွယ်တော်အင်းမှလာသော ရေများစိမ်‌့ဝင်သည်အောင်းရေများကြောင့် ကမ်းထိန်းနံရံ ဆိပ်ကမ်းပြိုကျမှုများကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ထပ်မံ ရေကြီးမှုကြောင့် မော်လိုက်မြို့ဆိပ်ကမ်းမှာရှိသည့် အလုပ်သမားရုံးမြစ်ကမ်းပါး အလျား ပေ ၁၀၀ ခန့် ပြိုကျခဲ့ပါကြောင်း၊ အလုပ်သမားရုံးသည် ပေ ၁၀၀ ရှည်လျားပြီး မော်လိုက်မြို့ ရွှေနဒီတည်းခိုခန်းမှာ ပေ ၁၆၀ ရှည်လျားပါကြောင်း၊ မော်လိုက်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် ကမ်းပြိုမှုများအတွက် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ နှစ်ခုလုံးကို ယခုနှစ်ဘတ်ဂျက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်တွင် မော်လိုက်မြို့ အလုပ်သမားရုံးအတွက် သန်း ၁၀၀၊ မော်လိုက်မြို့ ရွှေနဒီတည်းခိုခန်း မြစ်ကမ်းပါးထိန်းလုပ်ငန်းအတွက် ခွင့်ပြုငွေ သန်း ၁၁၀ အသီးသီးပါဝင်ပါကြောင်း၊ အလုပ်သမားရုံး ဆိပ်ကမ်းကမ်းပြိုမှု လုပ်ငန်းအတွက် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံဖြင့် အခိုင်အမာ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ မော်လိုက်မြို့ အလုပ်သမားရုံးဆိပ်ကမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုလည်း ဘိုးပိုင်လုပ်ငန်းအခြေပြုသည့် ကျောက်စီမြေထိန်းနံရံ ဆောက်မည်ဖြစ်ပါကြောင်း၊ ဘိုးပိုင်အခြေပြု မြေထိန်းနံရံ အလျားပေ ၁၀၀ တည်ဆောက်ခြင်းကို  ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းစတင်ပြီး ယခုနှစ်အတွင်းအပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မော်လိုက်မြို့ ရွှေနဒီတည်းခိုခန်း ကမ်းပြိုအလျား ပေ ၁၆၀ အတွက် မြေထိန်းနံရံတည်ဆောက်ရာတွင် အောက်ခြေကျောက်စီမြေထိန်း နံရံ၊ အထက်ကျောက်စီ မြေထိန်းနံရံနှစ်ခုကို ဘိုးပိုင်များတူးပြီး အခိုင်အမာဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ဘိုးပိုင်ကျောက်စီနံရံ အလျား ပေ ၁၆၀ အတွက် ကုန်ကျစရိတ်သည် ၂၄၂ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကုန်ကျငွေ ၂၄၂ သန်းကို  ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၂၇ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်တွင် ၁၁၀ သန်းနှင့် စုစုပေါင်း ၁၃၇ သန်းသုံးစွဲ၍  ယခုနှစ်တွင် အလျားပေ ၉၀ ကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်အဆိုပါ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ဧပြီလ စတုတ္ထပတ်အတွင်း စတင်ဆောင်ရွက်နေပြီး ဇူလိုင်ဒုတိယပတ်တွင် လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ပါကြောင်းနှင့် ရွှေနဒီတည်းခိုခန်းအတွက် ပေ ၉၀ မြေထိန်းနံရံတည်ဆောက်ခြင်းသည်လည်း ဇူလိုင်ဒုတိယပတ်အတွင်း ပြီးမည်ဖြစ်ပါကြောင်း၊ အလုပ်သမားဆိပ်ကမ်း မြေထိန်းနံရံတည်ဆောက်ခြင်းကို  မိုးရာသီကုန်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိုးရာသီတွင်  သဲအိတ်များ ကာရံခြင်း၊ မျှောတိုင်များ စိုက်ထူခြင်းများ ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်းဖြင့် ဖြေကြားသွားပါသည်။