(က)-(၁-၄-၂၀၁၆)ရက်နေ့ရှိဝန်ကြီးဌာနတစ်ခု ချင်း၏ရရန်ရှိသောကြွေးမြီများနှင့်ပေးရန်ရှိသောကြွေး မြီများ အခြေအနေကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၇.၂.၂၀၁၇)

ဦးခင်ချို (လှိုင်းဘွဲ့)ဝန်ကြီးဌာနအသီးသီး၏ ရရန်ရှိသော အကြွေးနှင့် ပေးရန်ရှိသော အကြွေးများနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ အခြေအနေမှန်ကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နိုင်ရန် လိုအပ်ပါကြောင်း၊ မည်သည့်ဝန်ကြီးဌာနများတွင် ရရန်ရှိသော ကြွေးမြီ အများဆုံးကျန်နေပြီး မည်သည့်အတွက်ကြောင့် ရရန်ရှိသည်များ များနေသည်ကို သိရှိလိုပါကြောင်း၊ မည်သည့်နည်းလမ်းများဖြင့် အပြည့်အဝရစေရန် ဆောင်ရွက်သင့်ပါသနည်း။

ပေးစရာရှိသည့် ကြွေးမြီများအနေဖြင့် မည်သည့်ဝန်ကြီးဌာနများသည် အများဆုံးကျန်ရှိနေပြီး မည်သည့်အတွက်ကြောင့် ပေးစရာများ များနေပါသနည်း။ မည်သည့်နည်းလမ်းများ ရှာဖွေပေးဆပ်ဆောင်ရွက်သင့်ပါသနည်း။ ရစရာရှိသည်နှင့် ပေးစရာရှိသည်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်မှု မည်သို့ရှိပါသနည်း။ ပေးစရာရှိသည်နှင့် ရစရာရှိသည်များကို ခုနှိမ်ရှင်းလင်းမည်ဆိုပါက ပိုပြီးရလာနိုင်မည့်ငွေ သို့မဟုတ် ပေးဆပ်ရမည့်အခြေအနေများအပေါ် မည်သည့်နည်းလမ်းများနှင့်  ရှင်းလင်းဆောင်ရွက်သင့်သည် စသည့် အကြံဉာဏ်များ၊ တင်ပြဆွေးနွေးမှုများ၊ ဝေဖန်အကြံပြုချက်များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနတစ်ခုချင်းချင်း ပေးရန်ကျန်ရှိသော ကြွေးမြီနှင့် ရရန်ကျန်ရှိသော ကြွေးမြီများနှင့် ပတ်သက်ပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် ကျန်ရှိနေသော အခြေအနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနများအနေဖြင့် ရရန်ရှိသော ကြွေးမြီများကို မည်သို့သော စီမံချက်များဖြင့် ရနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ပေးရန်ကျန်ရှိသော ကြွေးမြီများကိုလည်း မည်သို့သော အစီအစဉ်များဖြင့် ပေးဆပ်ရန် စီစဉ်ဆောင်ရွက်ထားကြောင့် အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၂၀၁၅ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရသစ်အနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ တာဝန်ထမ်းဆောင်နေကြပြီဖြစ်၍ အစိုးရသစ် စတင်တာဝန်ယူရသော ၁-၄-၂၀၁၆ ရက်နေ့ရှိ ဝန်ကြီးဌာနတစ်ခုချင်း၏ ရရန်ရှိသောကြွေးမြီများနှင့် ပေးရန်ရှိသော ကြွေးမြီများအခြေအနေကို အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ပထမဦးစွာ ပြည်တွင်းကြွေးမြီများနှင့်ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုချင်း၏ ရရန်ရှိသောကြွေးမြီများ၊ ပေးရန်ရှိသောကြွေးမြီများကို ရှင်းလင်းနိုင်ရန်အတွက် ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်စေခြင်း၊ ပြင်ပအဖွဲ့အစည်းများမှ ရရန်ရှိသော ကြွေးမြီများ အား သတ်မှတ်ရက်အတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက စဉ်ဆက်မပြတ် ကြွေးတောင်းခံစာများ၊ သတိပေးနှိုးဆော်စာများ ထုတ်ပြန်ခြင်း၊ တောင်းခံသင့်သော လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနများမှ ခေါ်ယူဆွေးနွေးတောင်းခံခြင်းများအပြင် ဒဏ်ကြေးကောက်ခံခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူ ခြင်းတို့ဖြင့်ပါ ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနများ၏ ပြည်တွင်းမှ ရရန်၊ ပေးရန်၊ နှစ်ဟောင်းကြွေးကျန်များ ရှင်းလင်းရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၃-၁၀-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၇၈၆/၂၅၂-စာရင်း/ အဖရ(၂၀၁၃) ဖြင့် ဒုတိယသမ္မတ(၂) ဦးစီးသော ဘဏ္ဍာရေးနှစ်အဆက်ဆက်ကြွေးကျန်များ စာရင်းရှင်းလင်းရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းအဖွဲ့၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် အောက်ပါနည်းလမ်းများကို ချမှတ်၍ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 (က) နှစ်ပေါင်းများစွာကကျန်ရှိသော ပုဂ္ဂလိကများထံမှ ကြွေးများကို ယင်းပုဂ္ဂိုလ် (ပုဂ္ဂလိက) ထံမှ တောင်းခံရန်၊ မရပါက ဥပဒေကြောင်းအရ ဆောင်ရွက်ရန်၊

 (ခ) ကြွေးစာရင်းပေါ်နေသည့် နိုင်ငံပိုင်ဌာန၊ အဖွဲ့အစည်းများ၏ ကြွေးများအတွက် ရရန်၊ ပေးရန်များကို တိုက်ဆိုင်ညှိနှိုင်း၍ ရရန်၊ ပေးရန် ကိုက်ညီနေသည့် အကြွေးများကို Paper Transaction နည်းလမ်းဖြင့် စာရင်းရှင်းလင်းဆောင်ရွက်ရန်၊

(ဂ) ရရန်၊ ပေးရန်မကိုက်ညီသည့် နိုင်ငံပိုင်ဌာန၊ အဖွဲ့အစည်းများ၏ အကြွေးများကို ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၉၈၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၄၂/၈၆)ပါ နိုင်ငံပိုင် ပစ္စည်းဆုံးရှုံးမှုစာရင်း (ရရန်အကြွေးစာရင်း)မှ ပယ်ဖျက်ရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ရန်၊

(ဃ) အပိုဒ်ခွဲ(က)အရ ပုဂ္ဂလိကထံမှတောင်းခံရန် မည်သို့မှမဖြစ်နိုင်တော့ကြောင်း ခိုင်လုံသေချာသည့် ရရန်ကြွေးမြီများကို ယခင် စီမံကိန်းနှင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၉၈၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြောငြာစာအမှတ် (၄၂/၈၆)ပါ နိုင်ငံပိုင်ပစ္စည်းဆုံးရှုံးမှုစာရင်း (ရရန်အကြွေးစာရင်း)မှ ပယ်ဖျက်ရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ရန် တို့ဖြစ်ပါကြောင်း၊

ဆက်လက်၍ ပြည်ပချေးငွေများနှင့်စပ်လျဉ်းပြီး ပြည်ပချေးငွေများသည် ချေးငွေစာချုပ်ချုပ်ဆိုပြီးနောက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဆိုင်းငံ့ကာလအတွင်း၌ ချေးငွေထုတ်ယူသုံးစွဲသည့် ပမာဏအပေါ် ကျသင့်အတိုးကိုသာ ပေးဆပ်ရပြီး ဆိုင်းငံ့ကာလကုန်ဆုံးသည့်အခါ သတ်မှတ် ထားသော အချိန်ဇယားများအတိုင်း ကျသင့်သည့်အတိုးနှင့် အရင်းပေးဆပ်ငွေတို့ကို အရစ်ကျ ပေးဆပ်ရပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ချေးငွေသုံးစွဲသည့်ဌာန၊ အဖွဲ့အစည်းတို့၌ ချေးငွေနှင့်ပတ်သက်သည့် မှတ်တမ်းများ စနစ်တကျထားရှိပြီး ချေးငွေတစ်ခုချင်းအလိုက် အရင်း/အတိုး ပေးဆပ်ရမည့် အချိန်ဇယားများအတိုင်း အရင်းနောက်ဆုံးအရစ် ပေးချေပြီးသည့်အခါမှသာ ၎င်းချေးငွေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာချေးငွေပေးသည့် နိုင်ငံ၊ အဖွဲ့အစည်းများနှင့် ချေးငွေစာရင်း ရှင်းလင်းမှုများ ပြီးပြတ်ပါကြောင်း၊

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး/ဦးစီးဌာနများဟာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲကြရာတွင် ပြည်ပချေးများရယူထားသည့် အဖွဲ့အစည်းများသည် ပြည်ပချေးငွေအရင်း ပြန်လည်ပေးဆပ်ရန် သို့မဟုတ် အတိုးနှင့်စရိတ်များ ပေးချေရန်တို့အတွက် အသုံးစရိတ်မှာ ထည့်သွင်းလျာထားပြီး ရှင်းလင်းတင်ပြရမည်ဖြစ်ပါကြောင်း၊ ၎င်းအသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ ပုဒ်မခွဲ(ခ)အရ ဖြတ်တောက်ခြင်းမပြုရပါကြောင်း၊ သို့ပါ၍ ပြည်ပချေးငွေသုံးစွဲသည့် သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ရယူထားသည့်ချေးငွေ၏ စည်းကမ်းချက်များအပေါ် မူတည်၍လည်းကောင်း၊ ထုတ်ယူသုံးစွဲသည့် ချေးငွေပမာဏအပေါ် မူတည်၍လည်းကောင်း၊ အရင်း၊ အတိုးပေးဆပ်ရမည့် အချိန်ဇယားများကို ရေးဆွဲပြီး ဘတ်ဂျက်လျာထားခြင်းနှင်‌့ အချိန်မီပေးချေခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီနှင့် ပတ်သက်၍ အခါအားလျော်စွာလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် မေးခွန်းများဖြေကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင် သီးသန့်ရှင်းလင်း တင်ပြခြင်း၊ အဆိုပါဖြေကြားချက်နှင့် ရှင်းလင်းတင်ပြချက်များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြားအစီအစဉ်တို့တွင် ဖော်ပြခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Website မှာ ဖော်ပြခြင်းတို့ဖြင့် အများပြည်သူ သိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နှစ်စဉ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရာတွင်လည်း ကြွေးမြီအခြေအနေများကို ထည့်သွင်းတင်ပြလျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနအလိုက် ပေးရန်ရှိသော ပြည်ပကြွေးမြီစာရင်းမှာ ချေးငွေထုတ်ယူသုံးစွဲသည့် ငွေကြေး အမျိုးအစားများအလိုက် စာရင်းပြုစုထားရှိရခြင်းဖြစ်ပါကြောင်း၊ ၃၁-၃၂၀၁၆ ရက်နေ့တွင် ရှိသော ငွေလဲလှယ်နှုန်းကို အသုံးပြုပြီး အနီးစပ်ဆုံးညီမျှသည့် အမေရိကန်ဒေါ်လာတန်ဖိုးဖြင့် ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ပြည်ပကြွေးမြီစာရင်းတွင် ထပ်မံရယူသော ချေးငွေများ၊ ပြန်လည်ပေးဆပ်နေသည့်အရင်း၊ အတိုးများ ရှိသည့်အတွက် အချိန်နှင့် အမျှ ကိန်းဂဏန်းများသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း၊ အဆိုပါ ပြည်ပကြွေးမြီများသည် ဝန်ကြီးဌာနတစ်ခုချင်းတွင်လည်း လက်အောက်ခံ ဌာနအဖွဲ့အစည်းများ၌ အချိန်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ပေါ်နေမည် ဖြစ်သည့်အတွက် သိလိုသည့်ဝန်ကြီးဌာန၊ သိလိုသည့်ပမာဏများကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခြင်းအားဖြင့်လည်း သိရှိနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။