(ဃ)-ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် နိုင်ငံသားများ ဒီမိုကရေစီ အလေ့အကျင့် ရစေရန်နှင့် ပြည်သူလူထု အသိအမြင် မှန်စေရန်၊ လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒီမိုကရေစီစနစ်ဆိုသည်မှာ အစိုးရအဖွဲ့ တစ်ဖွဲ့တည်းက ဆောင်ရွက် အကောင်အထည်ဖော် ပေးရခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံသားများအားလုံး တက်ညီလက်ညီ အကောင်အထည်ဖော်ကြရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဖွဲ့စည်းပုံတွင်လည်း လောကပါလတရားနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်ဟု ပြောထားပါကြောင်း၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့် နိုင်ငံသားများသည် လောကပါလတရား တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီညွတ်ခြင်းဆိုသည်ကို မည်မျှအထိ သိရှိကြပြီဖြစ်သနည်း၊ ဒီမိုကရေစီ၏ သဘောတရား ပြည်သူလူထုအုပ်ချုပ်ခြင်းဆိုသည်ကို မိမိတို့နိုင်ငံသားများ မည်မျှ နားလည်ကြသနည်း၊ ဒီမိုကရေစီ၏ အခြေခံမူဖြစ်သော ပြည်သူလူထုပူးပေါင်း ပါဝင်မှု၊ ဒီမိုကရေစီ၏ ယဉ်ကျေးမှုဖြစ်သည့် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း သဘောတရားများကို နိုင်ငံသားများ မည်မျှအထိ သိကြသနည်း၊ လိုက်နာကျင့်သုံးနိုင်ကြသည်ဆိုသည်မှာ ဒီမိုကရေစီ အကောင်အထည်ဖော်မှု၊ အောင်မြင်မှု၊ မအောင်မြင်မှုကို ရိုက်ခတ်မည်ဖြစ်ပါကြောင်း၊
မိမိတို့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်လျှင် သေသေချာချာသိပြီး လုပ်မှသာ တည်တည်ငြိမ်ငြိမ်ဖြင့် အောင်မြင်မည်ဖြစ်ကြောင်း၊ လုပ်ရင်းဖြင့် သိလာသည်များ ရှိသော်လည်း နစ်နာ ဆုံးရှုံးမှုများ ဖြစ်တတ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု ဒီမိုကရေစီဖော်ဆောင်ရန်အတွက် သိရှိစေရန် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသော၊ ဦးဆောင်နေသော အစိုးရတစ်ရပ်က အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်သူကို ကျယ်ကျယ်ပြန်ပြန့် သတင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်၊ သတင်းခိုင်ခိုင်မာမာ ပညာပေးနိုင်တာ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းရှိသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
တစ်ဆက်တည်းမှာပင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူကို စိတ်ချလုံခြုံရသည့်ဘဝ ရစေချင်၍ ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများက ဆင်းသက်မှသာလျှင် ပြည်သူ့ဘဝစိတ်ချရမည်ဆိုသည်ကို နိုင်ငံသားများကို အသိပေးစေလိုပါကြောင်း၊
ဒီမိုကရေစီစနစ်ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်မှသာလျှင် ပြည်သူများ၏ဘဝ လုံခြုံမှုရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ဘဝ စိတ်ချရရန်၊ လုံခြုံမှုရရန် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နိုင်ငံသားများက ဆင်းသက်ရန်နှင့် ဒီမိုကရေစီစနစ် စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်စေရန် ပြည်သူများကိုယ်တိုင်သိရန် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးစေလိုသည့်အတွက် ယခုအချိန်တွင် ဆောင်ရွက်နေခြင်းများ ရှိ/မရှိနှင့် ရှေ့ဆက်၍ မည်သည့်ကိစ္စများ ဆောင်ရွက်ရန် ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် နိုင်ငံသားတိုင်း ဒီမိုကရေစီအလေ့အကျင့်ရှိရန် လိုအပ်ပါကြောင်း၊ အလေ့အကျင့်ရရန်အတွက် နိုင်ငံသားတိုင်းတွင် အသိ၊ ဉာဏ်ပညာ အခြေခံရရှိရန် လိုအပ်ပါကြောင်း၊ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားနှင့်အညီ မြို့နယ်၊ ကျေးရွာများတွင် ပညာဆီမီးတန်ဆောင် ထွန်းညှိနိုင်ရန် စာကြည့်တိုက်များကို ပြန်ကြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားပါကြောင်း၊ လူတိုင်း စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာပါက အသိပညာ၊ အတွေးအခေါ်၊ အယူအဆများ မှန်ကန်ရင့်သန်လာပြီး နိုင်ငံတော်ကဖော်ဆောင်နေသည့် ဒီမိုကရေစီလမ်းကြောင်းတွင် တည့်မတ်စွာ လိုက်ပါနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအစိုးရသစ်၏ ပြည်သူကို မျက်နှာမူခြင်း မူဝါဒအရ ပြည်သူများထံကို အသိပညာနှင့် သတင်းအချက်အလက်များ မှန်ကန်စွာ ပေးပို့နိုင်ရန် မီဒီယာများက ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးရပါကြောင်း၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် ပြည်သူအားလုံး ပါဝင်လာစေရန်အတွက် ပြည်သူများကိုယ်တိုင် ဒီမိုကရေစီအလေ့အကျင့်နှင့် မှန်ကန်သော သတင်းအချက်အလက်များ၊ အသိပညာများ ရရှိစေရန် ပြန်ကြားရေးဝန်ကြီးဌာနသည် ပညာပေးရန်၊ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် ရည်မှန်းချက်တာဝန် ၃ ရပ်ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊
ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် ပြည်သူအားလုံးက လွတ်လပ်မှုကို အဓိပ္ပာယ်ကောက်လွဲပြီး တလွဲဖော်ဆောင်မှုမရှိစေရန် ဒီမိုကရေစီ၏ ကျင့်စဉ်နှင့် အလေ့အထကို ပြည်သူလူထုက သိရှိပြီး ပူးပေါင်းပါဝင်လာမှသာလျှင် ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်ရာမှ လူတစ်ဦး ချင်းစီဖြင့် အဖွဲ့အစည်းအသီးသီးတို့အကြားတွင် မတူသည့် သဘောထားအမြင်များ ရှိနိုင်သည်ဆိုသည့် အချက်ကို လက်ခံနားလည်ပြီး အများစု၏ အားဖြင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများကို အစိုးရဘက်က တစ်ဖက်သတ် ပြောနေခြင်းမျိုးမဟုတ်ဘဲ အများပြည်သူဘက်က ပြန်လည်ပြောဆိုသည့် အသံများ၊ အထင်အမြင်များ၊ ရေးသားချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ဒီမိုကရေစီ အလေ့အကျင့်ရရှိရေးနှင့် အသိအမြင်မှန်ကန်ရေးတို့တွင် အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ပေးနေသည်များ ရှိပါကြောင်း၊ ဥပမာအားဖြင့် ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် ဒီမိုကရေစီစိတ်ထားအစီအစဉ်၊ ပြည်သူ့နီတိအစီအစဉ်နှင့် ဥပဒေရေးရာအဖြာဖြာ အစီအစဉ်များကို ပုံမှန်အစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသပေးနေသည်များ ရှိပါကြောင်း၊
သတင်းစာများတွင် ပြည်သူ့သဘောထားစင်မြင့်အပါအဝင် ပြင်ပဆောင်းပါးရှင်များ၏ အာဘော်များကို ထည့်သွင်းပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၅-၉-၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဒီမိုကရေစီလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေမည့် ရုပ်ရှင်ဇာတ်ကြားများနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တွေ့ဆုံပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် မြို့နယ်ရုံးများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးပါကြောင်း၊ စာပေရေချမ်းစင်နှင့် နံရံကပ် စာပေရေချမ်းစင်အိတ်များ ဆောင်ရွက်ပေးနေပါကြောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပြီး နံရံကပ်စာစောင်နှင့် ပြပွဲပြခန်းများ ခင်းကျင်းပြသခြင်းများ ပြုလုပ်ပါကြောင်း၊ ထိုကဲ့သို့ အများပြည်သူ ဝန်ဆောင်သည့်အလုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး စာကြည့်တိုက်များကို နဂိုမူလပုံသဏ္ဍာန်မှ လူမှုအခြေပြုဗဟိုဌာန (Community Centre) များ၊ လူမှုအခြေပြုစာကြည့်တိုက် (Community Library) များအဖြစ် အဆင့်မြှင့်တင်ပြီး ပြည်သူလူထုက စိတ်ဝင်စားသော၊ လိုအပ်ပါက အကူအညီတောင်းခံနိုင်သော၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတိုင်ပင်ချင်ပါက အသုံးပြုနိုင်သော၊ စုဝေးနိုင်သော အသုံးဝင် တန်ဖိုးရှိသည့် နေရာများအဖြစ် ပုံဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့နောက် ယင်းနေရာများတွင် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့် စာပေဆုများတွင်လည်း အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်သည့် စာပေဗိမာန်စာပေဆုများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် စာကောင်းပေမွန်များ ဖတ်ရှုနိုင်ရန် ဘာသာပြန်စာမူများအတွက် ပြဋ္ဌာန်းချက်များတွင် ထည့်သွင်းယှဉ်ပြိုင်စေခြင်းများလည်း ပြုလုပ်လျက် ရှိပါကြောင်း၊ လူငယ်များ အသိအမြင်ကြွယ်ဝစေမည့် စာအုပ် ၁၀၀ အစီအစဉ်ကဲ့သို့ အစီအစဉ်မျိုးများလည်း ဖော်ထုတ်ပြီး ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ခေါင်းစဉ်မျိုးစုံဖြင့် စာတမ်းဖတ်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော်များ ကျင်းပပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံသားများ ဒီမိုကရေစီအလေ့အကျင့်ရရှိရေးနှင့် ပြည်သူလူထု အသိအမြင်မှန်ကန်စေရေး၊ သတင်းအချက်အလက်နှင့် အသိပပညာဖြန့်ဝေခြင်းလုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပင်မလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
