(ဂ)-ဆားလင်းကြီးမြို့နယ်အတွင်းရှိမတောင့်တကျေး ရွာကျေးလက်ကျန်းမာရေးဌာနခွဲအားတိုက်နယ်ဆေး ရုံအဖြစ် ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၂.၂၀၁၇)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မတောင့်တဆေးရုံအဆောက်အဦကို မတောင့်တကျေးရွာဇာတိဖြစ်သော ဆရာတော် ဘန္ဒန္တသီလာ စာရ အမှူးပြု၍ မင်းကွန်းဆရာတော်ကြီးများ ဆက်လက်ဦးဆောင်ကာ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ကိုယ်ထူကိုယ်ထအဖြစ် ကျပ်ငွေသိန်း ပေါင်း ၃၆၉၀ အကုန်အကျခံကာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တိုက်နယ်ဆေးရုံအဆင့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ပြီးစီးခဲ့ပြီး ၁၁-၆-၂၀၁၅ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ယခုအခါ ရေ၊ မီး အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အပြင် ကတ္တရာလမ်းသွယ်များလည်း ရှိလာပြီဖြစ်သည့်အတွက်  မတောင့်တကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ပြုပါရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုဝန်ကြီးစစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မတောင့်တကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံကြီးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ၁၁-၆-၂၀၁၆ ရက်နေ့က လွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံ တင်ပြထားရှိပြီး ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင်လည်း ဘတ်ဂျက်တင်ပြ တောင်းခံ ကြောင်းနှင့် တင်ပြတောင်းခံထားသော ဘတ်ဂျက်ငွေလည်း ရရန်အခြေအနေရှိပါကြောင်း၊ ဘတ်ဂျက်ငွေရရှိပြီးပါက ချက်ချင်းခန့်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံတွင် လှူဒါန်းထားရှိသော Dressing Trolley, Bp Cuff, Mezin Trolley, Patient Trolley, Poti Table, Spot Light, LED, Drip Stand, Wheel Chair, Labour Bed, Weighing machine, Physiotherapy unit, Oxygen, Concentrator စသည့် ပစ္စည်းများကို ဆက်လက် Maintain ပြုလုပ်ခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊

အကယ်၍သာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို Sub-Center၊ Rural Health Center၊ ကျေးလက်ကျန်းမာရေးဌာန သို့မဟုတ် Station Hospital အဆောက်အဦများ လှူပေးမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက်များ ဆေးနှင့် ဆေးပစ္စည်းများအတွက် ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ပါကြောင်း၊ Station Hospital အတွက် ကျွန်တော်လူအင်အား ခန့်ထားပေးနိုင်မည်ဖြစ်သော်လည်း  ခုတင် ၅၀ ခန့်ဆိုပါက လိုအပ်သော လူအင်အားကို ခန့်အပ်ရန် လွယ်ကူခြင်းမရှိသည့်အတွက် Station Hospital ရရှိရန်အတွက် ပံ့ပိုးကူညီမှု အနည်းငယ်  လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဝင်းသိန်းဇော်(ဆားလင်းကြီး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် ဆေးရုံကျဉ်းသည်ဆိုပါက မြေလှူမည့်သူများ၊  လိုအပ်သော ခေတ်မီစက် တွေလည်း ဆေးရုံ အတွက်ဝယ်လှူမည့်သူများရှိသည့်အပြင်   ယခုကိစ္စအပေါ်ဆောင်ရွက်ပေးနေသော ဝန်ကြီးအပေါ်လည်း ယုံကြည့်အားကိုးမိသည့်အတွက်  ယခုမေးခွန်းအား ဖြစ်နိုင်မည်ဟုယုံကြည်၍ မေးမြန်းရခြင်း ဖြစ်ပါကြောင်း တင်ပြပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိအနေဖြင့် ပြန်လည်ဖြေကြားရန် မရှိပါကြောင်း ဖြေကြားပါသည်။

 အဆိုပါမေးခွန်းအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ မှတ်ချက်ပြုပြောကြားရာတွင်

မေးခွန်းက တစ်ဆက်တစ်စပ်တည်းကို တစ်ဆက်တစ်စပ်တည်းမေးပါက  ပြန်လည်ဖြေကြားမည့် ပြည်ထောင်စုဝန်ကြီးဌာနအတွက် အဆင်ပြေမည်မည်ဖြစ်ပါကြောင်း၊ ယခု မေးခွန်း မေးခွန်းမဟုတ်ဘဲ ကိုယ်စားလှယ်ကြီးအနေဖြင့် တင်ပြချင်သည်များကိုပါ ပြောကြားခဲ့သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဖြေကြားရန် မရှိဖြစ်ခဲ့ပါကြောင်း ပြောကြားပါသည်။