(ခ) - ပင်းတယမြို့နယ်၊ပြည်သူ့ဆေးရုံကို ခုတင် (၅၀)ဆံ့ဆေးရုံ အဖြစ်မှခုတင်(၁၀၀)ဆံ့ဆေးရုံ အဖြစ်သို့တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၂.၂၀၁၇)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပင်းတယမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ၏ ဒေသဦးစီးအဖွဲ့ ရုံးစိုက်ရာမြို့လည်း ဖြစ်ပါကြောင်း၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံသည် ပင်းတယမြို့နယ် တစ်မြို့နယ်တည်းသာမဟုတ်ဘဲ အနီးအနား ပတ်ဝန်းကျင်ရှိ ရပ်စောက်၊ ရွာငံ၊ ပေါ်ဆိုင်း၊ ဟဲဟိုးစသည့်မြို့များရှိ လူနာများပါ ဆေးကုသမှုခံယူနေသည့် ဆေးရုံကြီးလည်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ဓနု တိုင်းရင်းသားလူမျိုးများသာမက တွန်ရိုး၊ ပအိုဝ်း၊ ပလောင်တိုင်းရင်းသား အားကိုးအားထားရာ ဆေးရုံ လည်းဖြစ်ပါကြောင်း၊ မြို့နယ်လူဦးရေ ၈၀၀၀၀ ကျော်ရှိပါကြောင်း၊ ထို့ကြောင့် မူလက ၂၅ ခုတင်ဆံ့ ဆေးရုံရှိခဲ့ရာမှ ၂၆-၃-၂၀၁၄ ရက်နေ့တွင် ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အဆင့်မြင်‌့တင် တိုးမြှင့်‌့ပေးခဲ့ပါကြောင်း၊ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ထမ်းအင်အားကို တိုးချဲ့ခန့်ထားခဲ့ပါကြောင်း၊

ဤသို့တိုးချဲ့ခန့်ထားသော်လည်း လက်ရှိအခြေအနေတွင် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသည် ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင်  ၅၁၁၇ ဦး၊ ပြင်ပ လူနာ ၂၈၂၅၁ ဦးကို ထိရောက်စွာကုသပေးနေတာ တွေ့မြင်နေရပါကြောင်း၊  နေ့စဉ်အတွင်းလူနာအနေဖြင့် တစ်နေ့ပျမ်းမျှအတွင်းလူနာ ၈၀ မှ ၁၀၀ အထိရှိနေပြီး ပြင်ပလူနာအနေဖြင့် တစ်နှစ်ကို ၁၀၀ ခန့်မှ ၁၂၀ အထိ ဆေးကုသမှုပေးနေသည်ကို  တွေ့မြင်နေရပါကြောင်း၊ ထို့ကြောင့် လူနာခုတင်အသုံးပြုမှုနှုန်းကို လေ့လာကြည့်ပြန်ရင်လည်း ခွင့်ပြုခုတင် ၁၆၉ ရာခိုင်နှုန်းရှိပြီး သုံးစွဲခုတင် ၁၂၁ ရာခိုင်နှုန်းရှိနေပါကြောင်း၊ ထို့ကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ်မှ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင်‌့ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုဝန်ကြီးပင်းတယပြည်သူ့ဆေးရုံကို ခုတင် ၅၀ မှ ခုတင် ၁၀၀ ဆံ့ ဆေးရုံးအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့်ပတ်သက်၍ မိမိတို့က ဆေးရုံအညွှန်းကိန်း Hospital Per foment အနေများကို လေ့လာပါကြောင်း၊ မလေ့လာမီ ဆေးရုံကြီးသည် အနီးအနားဆေးရုံကြီးများနှင့် သွားလာမှုလွယ်ခြင်း၊ ခက်ခြင်းမှာလည်း အများကြီးမူတည်နေပါကြောင်း၊ အကယ်၍ သွားလာမှုခက်ခဲပါက မိမိတို့အနေဖြင့် ဦးစားပေးပြီး လုပ်ပါကြောင်း၊ ပင်းတယဆေးရုံအနီးတွင် ပွေးလှတိုက်နယ်ဆေးရုံနှင့် ၈ မိုင်၊ ကားလမ်းဖြင့် မိနစ် ၃၀၊ မိုင်းအင်းတိုက်နယ်ဆေးရုံနှင့် ၁၂ မိုင်၊ ကားလမ်းဖြင့် မိနစ် ၄၀၊ စက်စံထွန်း ခုတင် ၅၀၀ ဆေးရုံကြီးနှင့် ၆၃ မိုင်ကွာဝေးပြီး ကားလမ်းနှင့် ၂ နာရီကြာပါကြောင်း၊

သို့သော် Hospital Performance Indicator ကို ပြန်ကြည့်ရာတွင်  ဆေးရုံကို ၁၆ ခုတင်မှ ၂၅ ခုတင်တိုးပါက ၁၅၀ ရာခိုင်နှုန်းရှိရမည်ဖြစ်ပါကြောင်း၊ Hospital bed Occupancy Rate ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၅ ခုတင်မှ ခုတင် ၅၀ တိုးပါက ၁၅၀ ရာခိုင်နှုန်း၊ ခုတင် ၁၀၀ မှ ခုတင် ၂၀၀ တိုးပါက ၂၀၀ ရာခိုင်နှုန်းရှိရပါကြောင်း၊ ယခုတိုးမည်မှာ ၂၀၀ ရာခိုင်နှုန်း မရှိပါကြောင်း၊ Hospital bed Occupancy Rate သည် အများဆုံး ၁၅၁ သာ ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၁၃၆၊ ၂၀၁၅ ခုနှစ်တွင် ၁၅၁ သာ ရှိပါကြောင်း၊ Out Inpatient အနေဖြင့် ၆၀ မှ ၇၅ ယောက် ကြားတွင်ရှိပါကြောင်း၊ သို့သော် ယင်းဆေးရုံသည် ခုတင် ၅၀ ဖြစ်သည့်အတွက် ဝန်ထမ်းပေါင်း ၈၁ ယောက် ရှိရမည်ဖြစ်သော်လည်း ၄၈ ယောက်သာရှိသည်ကို တွေ့ရပါကြောင်း၊ အကယ်၍ ခုတင် ၅၀ မှ ခုတင် ၁၀၀ ကိုတိုးပေးမည်ဆိုပါက ဝန်ထမ်းပေါင်း ၂၀၁ ယောက် ခန့်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းပေါင်း ၂၀၁ ယောက်ကို လောလောဆယ်တွင် ခန့်ထားရန် အခြေအနေ မပေးသေးပါကြောင်း၊ နောက်ထပ် သုံးလေးငါးနှစ်မှသာ ဖြစ်နိုင်သည့် အလားအလာ ရှိပါကြောင်း၊

သို့သော် ဆေးရုံတွင် လုပ်နေသော ဆရာဝန်များကို ကြည့်ရာတွင်  လက်ထောက်ဆရာဝန် ၆ ဦးရှိရမည်တွင် ၅ ဦးသာ ရှိပါကြောင်း၊ သို့သော် အသေးစိတ်လေ့လာကြည့်ရာ ရှိနေသည့် ၅ ယောက်တွင် ၂ ယောက်သည်  M.S.C တက်နေသည့်အတွက် ယင်းနှစ်ယောက်ကို အမြန်ဆုံး ဖြည့်ပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သွားဆရာဝန် တစ်ဦးရှိသော်လည်း Post Graduate M.S.C တက်နေသည့်အတွက် သွားဆရာဝန်လည်း အမြန်ဆုံးချထားပေးမည်ဖြစ်ပါကြောင်း၊ သူနာပြုအဆင်‌့(၃)က ၇ ဦးတွင် ၇ ဦးရှိပြီး  အဆင့်(၄) ၁၄ ဦးတွင် ၁၄ ဦးရှိသည့်အတွက် အားလုံး အဆင်ပြေပါကြောင်း၊ သို့သော် ယင်းဆေးရုံသည် လူနာရှိသင်‌့သည်ထက် ပိုများနိုင်ပါကြောင်း၊ ခုတင် ၅၀ ဆံ့ဆေးရုံတွင် ၇၅ ယောက်ခန့်ရှိသည့်အတွက် ဆေးလုံလောက်မှုအင်အားက ၅၀ ခုတင်ဖြင့်သာ ပေးသည့်အတွက် လူနာများကိုကြည့်ရန်အတွက် ဆေးပစ္စည်းနှင့် ဆေးများကို တိုးပေးရန် အစီအစဉ်ရှိပါကြောင်း၊ ဆေးရုံကြီးကို ယခုလောလောဆယ်တွင် မတိုးပေးသော်လည်း မိမိတို့က Close Monitoring လုပ်နေပါကြောင်း၊ ဆက်ပြီးတက်နေတယ်ဆိုလို့ရှိရင်တော့ ပေးသင်‌့တယ်ဆိုရင် ချက်ချင်းစဉ်းစားပြီး ပေးမည်ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံ၏ အစိုးရအသစ်တက်လာသည့်အချိန်တွင် ပြည်သူ့ကျန်းမာရေး Public Health ကို ဇောက်ချပြီး အထူးအားပေးပြီးလုပ်ပါကြောင်း၊ ယခုလောလောဆယ်အချိန်တွင် ဆေးရုံခုတင်တိုးပေး၍ မရသေးပါကြောင်း၊ မိမိတို့အနေဖြင့် မော်နီတာလုပ်ပြီး လိုအပ်လျှင် လိုအပ်သလို လုပ်ပေးရန်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။