(က)-ခန္တီးမြို့နယ်တွင်ပါရှိသော ပါးရိုကျေးရွာကျေး လက်ကျန်းမာရေးဌာနကိုပါးရိုကျေးရွာတိုက်နယ်ဆေး ရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂.၂.၂၀၁၇)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပါးရိုကျေးရွာသည် ခန္တီးမြို့နှင့် ၄၅ မိုင်ကွာဝေးပြီး ချီလီကျေးရွာနှင့် ထန်ပါခွေမြို့နယ်ခွဲ ကားလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နယ်နိမိတ်ထိစပ်သည့် တောင်ပေါ်ဒေသ နာဂတိုင်းရင်းသားများနေထိုင်ရာ ကျေးရွာလည်း ဖြစ်ပါကြောင်း၊ ကားလမ်း ရှိသော်လည်း မြေသားလမ်းဖြစ်သဖြင့် ပွင့်လင်းရာသီကာလမှသာ ကားများ သွားလာနိုင်သော်လည်း မိုးရာသီကာလ၌ ကားများသွားလာ၍ မရတော့သဖြင့် တောင်တက်တောင်ဆင်းလမ်းများဖြစ်ပြီး သွားလာရေး အလွန်ခက်ခဲသည့်ဒေသဖြစ်ပါကြောင်း၊

ပါးရိုကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားသော်လည်း ပါးရိုကျေးရွာအုပ်စုတွင် လူဦးရေ ၈၉၆ ဦးရှိပြီး အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မော်တောကျေးရွာ အုပ်စုလူဦးရေ ၃၀၉ ဦး၊ ခမွန်းကျေးရွာအုပ်စု လူဦးရေ ၆၅၆ ဦး၊ ကျေးရွာအုပ်စု လူဦးရေ ၉၆၈ ဦး၊  ကျောက်ရောကျေးရွာအုပ်စု လူဦးရေ ၃၅၅ ဦး၊ ပါရှောင်ကျေးရွာအုပ်စု လူဦးရေ ၅၅၉ ဦးနှင့် နယ်နိမိတ်နီးစပ်သည့် လဟယ်မြို့နယ်အတွင်းရှိ ကျောက်ခယ်ရွာမ လူဦးရေ ၃၉၀ ဦး၊ အာရကျင်ကျေးရွာမှ လူဦးရေ ၂၈၁ ဦး စုစုပေါင်းလူဦးရေ ၄၄၁၄ ဦးရှိသည့် ဒေသဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ခန္တီးမြို့သို့ လာရောက်ကုသမည် ဆိုပါကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ သွားလာအစားအသောက် စရိတ်အတွက် ငွေကြေး အခက်အခဲကြုံတွေ့ရခြင်း၊ လမ်းခရီးကွာ ဝေးခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးနေရခြင်းများ ကြုံတွေ့နေရပါကြောင်း၊

ထို့ကြောင့် ဒေသ၏ လိုအပ်ချက်အရ တိုက်နယ်ဆေးရုံတိုးမြှင့်ဖွင့်လှစ်ပေးမည်ဆိုပါက တောင်ပေါ်ဒေသနေ နာဂတိုင်းရင်းသားများအတွက် ဆရာဝန်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားတို့၏ ရောဂါအခြေအနေဆိုးမှ ကုသခံယူခြင်းမျိုးမဟုတ်ဘဲ မိမိကိုယ်ကို ကျန်းမာရေးကြိုတင် ကာကွယ်စောင့်ရှောက်နိုင်သည့် အသိပညာများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပါးရိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင်‌့ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ဖွင်‌့လှစ်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုဝန်ကြီးမိမိတို့ ပြန်လည်ကြည့်ရှုရာတွင် Rural Health Center ကျေးလက်ကျန်းမာရေးပိုင်မှာ ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၆၁၁ အိမ်၊ လူဦးရေ ၄၄၀၀ ရှိပါကြောင်း၊ Station Hospital လုပ်မည်ဆိုပါက  အနည်းဆုံး လူဦးရေ တစ်သောင်းမှ တစ်သောင်းငါးထောင်ရှိပြီး သွားလာရေးလွယ်ကူပြီး အနီးအနားရှိ  ကျေးလက်ကျန်းမာရေးဌာနခွဲကလူများလည်း Station Hospital ကို သွားလာရေး လွယ်ကူရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် Station Hospital ကနေပြီး မြို့နယ်ဆေးရုံကိုသွားရန်လည်း လွယ်ကူဖို့ လိုအပ်ပါကြောင်း၊ ကျန်အချက်များရှိသော်လည်း လူဦးရေက ၄၄၀၀ သာရှိသည့်အတွက် ၄၄၀၀ ရှိသည့်လူဦးရေကို မိမိတို့အနေဖြင့် ဆေးရုံတစ်ရုံ သတ်မှတ်ပေးမည်ဆိုပါက  ကျန်းမာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အင်အား၊ လူအင်အား၊ ငွေအင်အားနှင့် အဆင်မပြေပါကြောင်း၊ သို့သော် မိမိတို့ ပြန်လေ့လာရာတွင် ကျေးလက်ကျန်းမာရေးဌာနမှာ ဖားဆောင်း၊ ကျောက်ရွဲ့၊ ဟိတ်ထိ၊ ဆောင်းလင်း၊ ခမောင်းတို့တွင် ဌာနခွဲ(၅)ခု ရှိပါကြောင်း၊ Sub-center (၅)ခု၏ Sub-center တစ်ခုမှာ Mid-Point တစ်ယောက်ရှိရပါကြောင်း၊ Pageant  Tool ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)ရှိ တစ်ယောက်စီ ရှိရမည်ဖြစ်သော်လည်း ထိုကျန်းမာရေးဌာနခွဲတို့တွင် မရှိသည်ကို တွေ့ရပါကြောင်း၊ သူနာပြု ၂ ဦး၊ Pageant  Tool ၅ ဦး လစ်လပ်နေပါကြောင်း၊

သို့သော်လည်း အခုနှစ် ဘတ်ဂျက် မတ်လ ၃၁ ရက် မတိုင်ခင် Mid-Point ၁၉၅၉ ယောက် ခန့်ထားရန် ရှိပါကြောင်း၊ Pageant  Tool ကျန်းမာရေးကြီးကြပ် ၃၀၀၀ ခန့်ရန် ရှိပါသဖြင့် ပါးရိုကျေးရွာအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများကို မိမိတို့ ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပါးရိုရှိ ကျေးလက်ကျန်းမာရေးဌာနတွင် Mid-Point ရှိသော်လည်း Patient Tool ကျန်းမာရေးကြီးကြပ်(၂)က ၂ ဦးလစ်လပ်နေသည်ကိုလည်း မိမိတို့အနေဖြင့် ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် Rural Health Center ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် စမ်းသပ်ကိရိယာများပေးရာ မရှိပါက မိမိတို့အနေဖြင့် အမြန်ဆုံးပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် Rural Health Center ကို ကျေးလက်ကျန်းမာရေးဌာနကို Rural Health Center Case ဟူ၍ ပေးပါကြောင်း၊ ၂၇ မျိုးပါပါကြောင်း၊ Rural Health Center Case များကို အသစ်ဖွင့်သည့် RHC များတွင် မိမိတို့က ပေးပါကြောင်း၊ သို့သော် ပါးရိုအနေဖြင့် သွားလာရေးလည်းခက်ခဲသည့်အတွက် Rural Health Center Case ကိုလည်း ဆက်လက်ပြီး ရရှိစေရန် မိမိတို့ စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ်တွင် အခြေအနေအရ တိုးပေးရန် မလွယ်သော်လည်း အခြေအနေအားလုံးကို လေ့လာသုံးသပ်နေပါကြောင်း၊ ပြီးခဲ့သည့်လက မိမိတို့ လဟယ်၊ ခန္တီး၊ နန်းယွန်းကို နိုင်ငံတော်သမ္မတကြီးနှင့်လည်း မိမိ ရောက်ရှိခဲ့ပြီး အခက်အခဲများရှိသည်ကို နားလည်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ များတွင် လူအင်အားကို လုံးဝဖြည့်ပေးပြီး လိုအပ်သည့် ပစ္စည်း၊ ဆေးကိရိယာအားလုံးကိုလည်း ဖြည့်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။