၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့အပါအဝင် မတူပီမြို့တွင်လည်း မြေပြိုမှုဖြစ်ခဲ့ပြီး အိမ်ခြေ ၃၀ ကျော် ပျက်စီးခဲ့ပါကြောင်း၊ ဟားခါးမြို့ မြေပြိုမှုကို နိုင်ငံတော်အစိုးရနှင့် NGO များမှလည်း အမြောက်အမြား ကူညီထောက်ပံ့ ပေးခဲ့ကြသော်လည်း မတူပီမြို့တွင် ဖုန်းလိုင်းမကောင်းခြင်း၊ အင်တာနက်လိုင်းများ မရှိခြင်းတို့ကြောင့် လူသိနည်းခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုံးဝမရှိခဲ့ပါကြောင်း၊သို့သော် ပြီးခဲ့သော ပွင့်လင်းရာသီတွင် တစ်စုံတစ်ရာပြုပြင်ကာကွယ် ထိန်းသိမ်းတည်ဆောက်မှု မရှိသည့်အတွက် ယခုနှစ်မိုးရာသီတွင်လည်း မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယခုအတိုင်းသာ ထိန်းသိမ်းကာကွယ်မှုမပြုလုပ်ဘဲ ထားမည်ဆိုပါက မတူပီမြို့ ခါးပြတ်သွားနိုင်သည့် အခြေအနေ ဧကန်ကြုံတွေ့ လာနိုင်ပါကြောင်း၊
ယခုကဲ့သို့ မြေပြိုရသည့် အဓိကအကြောင်းအရင်းမှာ မြို့စတင်တည်ဆောက်စဉ်က ရေနုတ်မြောင်းများ စနစ်တကျ မတည်ဆောက်ထားခြင်းကြောင့် မိုးရာသီတွင် မိုးများပြီး ရေများတိုက်စားမှု နှစ်ပေါင်းများစွာ ကြုံတွေ့လာရခြင်းကြောင့် ဖြစ်ပါကြောင်း၊ မြေပြိုမှုကို အမြန်ဆုံးမကာကွယ်နိုင်ပါက လာမည့် လေး၊ ငါးနှစ်အတွင်း လုံးလုံး ပျက်စီးသွားနိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ အထူးအလေးထားပြီး မတူပီမြို့ ကာကွယ်ထိန်းသိမ်းရေးရန်ပုံငွေကို ထောက်ပံ့ပေးစေလိုပါကြောင်း၊
တစ်မြို့လုံး၏ ပြိုပျက်မှုအခြေအနေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာများနှင့် လေးရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၏ ကွင်းဆင်းတိုင်းတာမှု အသေးစိတ်အချက်အလက်များကို ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရကိုပေးပို့ပြီး ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ မတူပီမြို့ မြေပြိုမှုကို နိုင်ငံတော်သမ္မတရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပထမဦးစွာ ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ သုံးစွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါကြောင်း၊ သီးသန့်ရန်ပုံငွေအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များမှာ (၁) ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊(၂) ဘဏ္ဍာရေးနှစ်အတွင်းမသုံးစွဲလျှင် မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ခံချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခွင့်ပြုသောအသုံးစရိတ်ဖြစ်ခြင်းတို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးများအတွက် လက်ရှိပံ့ပိုးနေမှုများမှာ အဓိကအားဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျခံသုံးစွဲနေခြင်းဖြစ်ပါကြောင်း၊
အဆိုပါရန်ပုံငွေမှ ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၆ ခုနှစ် ဧပြီလမှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ စုစုပေါင်း ကျပ်သိန်းပေါင်း ၇၇၇၉.၁ လွှဲပြောင်းပေးပြီးသည့်အနက် ချင်းပြည်နယ် မင်းတပ်မြို့နယ် ချိုင့်ကျေးရွာ၌ ရွှေ့ပြောင်းနေအိမ် ၅၄ လုံးဆောက်လုပ်ရန် တစ်အိမ်လျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ကျပ် ၁၆၂ သိန်း၊ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်များအတွင်း သဘာဝဘေးကြောင့် ပြိုကျပျက်စီးအိမ် ၂၆ လုံးအတွက် တစ်အိမ်လျှင် နှစ်သိန်းနှုန်းဖြင့် ၅၂ သိန်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ဦးစားပေးပြန်လည်ပြုပြင်ရန် ဟားခါး၊ တီးတိန်၊ မတူပီ မြို့နယ်များအတွက် ကျပ်သိန်း ၁၆၂၅ သိန်း၊ တီးတိန်မြို့နယ်၊ အိုင်ဖားရွာ မြေပြိုအက်မှုကြောင့် ပြောင်းရွှေ့နေအိမ် ၁၅ လုံးအတွက် တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်သိန်း ၃၀ တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၊ မင်းတပ်၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံမြို့နယ်များမှ အဆောက်အဦ၊ တံတားများနှင့် ငါးကန်များ ပြန်လည်ပြုပြင်ရန်အတွက် ကျပ် ၁၅၃၆.၁ သိန်း လွှဲပြောင်း ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် ယခုနှစ်အတွင်း မင်းတပ်ခရိုင်၊ မတူပီမြို့နယ် နာပုံကျေးရွာနှင့် တူဖေကျေးရွာကြားရှိ ပျက်စီးခဲ့သော ကြိုးတံတားတစ်စင်းအတွက် ကုန်ကျငွေ ကျပ် ငါးသန်းအားလည်းကောင်း၊ ရွာတလိုင်းကျေးရွာနှင့် လိုတောကျေးရွာများရှိ ဘေလီသစ်သားတံတားတစ်စင်း တည်ဆောက်ရန်အတွက် ကျပ် ၃၇.၅ သန်းအားလည်းကောင်း၊ စုစုပေါင်း တံတားနှစ်စင်းပြုပြင်ရန် လိုအပ်ငွေကျပ် ၄၂.၅ သန်းကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း၊
ချင်းပြည်နယ်အတွင်းရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန့်မြို့နယ်နှင့် တွန်းဇံမြို့နယ် စသည့် မြို့နယ် (၉) မြို့နယ်တွင် မတူပီမြို့နယ်မှအပ ကျန် (၈) မြို့နယ်တွင် ၂၀၁၅ ခုနှစ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၉၆ ရွာရှိ ဘေးသင့်အိမ်ခြေ ၁၁၂၂၊ လူဦးရေ ၅၆၈၅ ဦး ဘေးသင့်ခဲ့မှုများနှင့် မတူပီမြို့ပေါ်တွင် နေအိမ်ပြိုကျပျက်စီးမှုအခြေအနေများ တင်ပြထားခြင်း မရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က စိစစ်တွေ့ရှိရပါကြောင်း၊ အကြောင်းအရင်းမှာ ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဘေးသင့်ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ တည်ဆောက်ပြုပြင်ခဲ့သဖြင့် ပျက်စီးမှုအခြေအနေအား ဆက်လက်တင်ပြတောင်းခံမှုမရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားထားပါကြောင်း၊ထိုသို့ တင်ပြထားခြင်းမရှိခဲ့သည်မှာ ဆက်သွယ်ရေးဖုန်းလိုင်းများ မကောင်းခြင်း၊ အင်တာနက်လိုင်းမကောင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ကိုယ်စားလှယ်တော်ကြီး၏ တင်ပြစာအရ သိရှိရသည့်အတွက် များစွာကိုယ်ချင်းစာမိပါကြောင်း၊
မိမိတို့နိုင်ငံတွင် မြေပြိုမှုများသည် တောင်ပေါ်ဒေသများတွင် ဖြစ်သကဲ့သို့ မြစ်ချောင်းများ၏ ကမ်းနားဘေးများတွင်လည်း ကမ်းပြိုမှုများဖြစ်ပေါ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ယင်းမြေပြို၊ကမ်းပြိုမှုများနှင့် ပတ်သက်၍ ဘေးကင်းလုံခြုံသည့်နေရာတွင် မြေနေရာချထားပေးရန် လိုအပ်သကဲ့သို့ ယင်းမြေနေရာချထားပေးမှုအပေါ်မူတည်၍ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့က အရေးပေါ်ပြောင်းရွှေ့ရမှုအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခြင်းကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းရှိ မြစ်များ၏ ကမ်းပါးပြိုမှုနှင့်ပတ်သက်ပြီး ရေရှည်ထိန်းသိမ်းမှုလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက မိမိတို့နှင့် သက်ဆိုင်သောဝန်ကြီးဌာနအလိုက် စီမံချက်များရေးဆွဲကာ နှစ်အလိုက် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း မတူပီမြို့ပေါ်တွင် ကြီးမားသော မြေပြိုအန္တရာယ်ကျရောက်နိုင်သည့်အတွက် ထိုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေမြောင်းများ၊ ရေထိန်းနံရံများအား တည်ဆောက်ရန်လိုအပ်မှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး လိုအပ်နေသော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးနိုင်ရေး အများဆုံးစီစဉ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
