မေးခွန်း အကြောင်းအရာ
နမ့်အွန်ရေတံလျှောက်သည် မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာတွင် တည်ရှိပြီး နမ့်အွန်ရေထွက်မှ စုစည်းရေများကို စိုက်ဧက ၂၀၀ ဝန်းကျင်သို့ ရေတံလျှောက်မှတစ်ဆင့် ပေးပို့လျက်ရှိပါကြောင်း၊ ၎င်း၏ပိုလျှံရေများသည် နားဆိုင်းဆည်အတွင်းသို့စီးဝင်၍ အထောက်အကူ ပြုပေးပါကြောင်း၊ ယခင်လွှတ်တော် သက်တမ်းတွင် နမ့်အွန်ရေတံလျှောက်ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြန်လည်ပြုပြင်မွမ်းမံထားပါကြောင်း၊ နမ့်အွန် ရေတံလျှောက်သည် ရှေးယခင်က မရှိမဖြစ်ဆောင်ရွက်ထားသော ရေတံလျှောက်ဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားတွင် သံပေါင်သံရင်းမှ တစ်ဝက်တစ်ပျက် တပ်ဆင်ထားသည့်အတွက် ထပ်မံတပ်ဆင်ပေးရန် လိုအပ်နေပါကြောင်း၊ ရေတံလျှောက်ပင့်ထိန်းထားသည့်တိုင်များကို ကျောက်စီကွန်ကရစ် ဆောင်ရွက်ပေးနိုင် ခဲ့သော်လည်း ယခုလက်ရှိအလယ်တိုင်နှစ်လုံးသည် လျှိုဝင်လမ်း၊ လျှိုအောက်ရေဝင်လမ်းတည့်တည့် ကျရောက် နေပါသဖြင့် အောက်ခြေဘက်ရေစီးကြောင်း၏ ထိုးဖောက်မှုဒဏ်ကြောင့် ပျက်စီးစပြုနေပါကြောင်း၊ အလယ် တိုင်နှစ်တိုင်ပြိုလဲပါက ရေတံလျှောက်ခါးလယ် ကျိုးကျမည်ဖြစ်ပါကြောင်း၊ ရေတံလျှောက်အထက်ဘက် ရေဝင် လမ်းကြောင်းနေရာတွင်လည်း ရေလွှဲပေါက်နှင့် ရေတံခါးများ ထိန်းသိမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရေတံလျှောက်ရေဝင်လမ်းကြောင်းများကိုလည်း ကျောက်စီမြောင်းအဖြစ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ်တွင် ကျူပင်၊ ကိုင်းပင်များ ထူထပ်စွာပေါက်ရောက်သည့်အတွက် ရေဝင်လမ်းကြောင်းပိတ်ဆို့ပြီး ရေစီး ကြောင်းပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရပါကြောင်း၊ ဤအခြေအနေကို တောင်သူဦးကြီးများ စုပေါင်းထည့်ဝင်ငွေဖြင့် မြေတူးစက်ကြီးများငှားရမ်းပြီး ဖြေရှင်းခဲ့ရပါကြောင်း၊ ယခုခေတ်တွင် ငွေကြေးကောက်ခံရန်မလွယ်ကူခြင်း၊ လုပ်အား ဆင့်ခေါ်ရန်မလွယ်ကူခြင်းတို့ကြောင့် ရေတံလျှောက်ကို တောင်သူများ ရေရှည်တွင် ထိန်းသိမ်းဆောင်ရွက်သွားရန် မလွယ်ကူသည့်အတွက် ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်မှုပြုပေးပါရန်လည်း တင်ပြအပ်ပါကြောင်း၊ မေးခွန်း(၁) နမ့်အွန်ရေတံလျှောက်၏ လိုအပ်သည့်ပြုပြင်မွမ်းမံမှုများဖြစ်သော သံပေါင်သံရက်မ ဆက်လက် တပ်ဆင်ပေးခြင်း၊ ကွန်ကရစ်တိုင် အောက်ခြေမွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၂) နမ့်အွန်ရေတံလျှောက် ရေဝင်လမ်း၊ ရေထိန်းတံခါးနှင့် ရေလွှဲတံခါး တပ်ဆင်ပေးရန်၊ ရေဝင်လမ်းကြောင်းထိပ်မှ ရေထွက်ဦးအထိ ကျောက်စီနံရံထိန်းဆောင်ရွက်ပေးရန် အစီအစဉ်များ သိရှိလိုပါကြောင်း၊ မေးခွန်း(၃) နမ့်အွန်ရေတံလျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ နားဆိုင်းကျေးရွာအနောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်အွန် ရေထွက်မှ ရေကိုသွယ်ယူပြီး နမ့်ကတ်ချောင်းကိုဖြတ်ကာ တည်ဆောက်ထားသော နမ့်အွန်ရေတံလျှောက်သည် ဒေသကတည်ဆောက် ထိန်းသိမ်းထားသော ရေပေးအဆောက်အအုံတစ်ခုဖြစ်ပါကြောင်း၊ လယ်မြေဧက ၂၃၅ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ အဆိုပါရေတံလျှောက်သည် အလျား ပေ ၂၀၀၊ အမြင့် ၃၅ ပေရှိပြီး မူလကသစ်သားတိုင်၊ သစ်သားအခင်း၊ အကာများဖြင့် တည်ဆောက်ထားပါကြောင်း၊ သစ်သားတိုင်များသည် ခိုင်ခံ့မှုအားနည်းသည့်အတွက် လွန်ခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျပ်သန်း ၄၀ ကျော် ကျခံသုံးစွဲပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ၍ သစ်သားတိုင်များအစား ကျောက်စီကွန်ကရစ်တိုင်ဖြင့် အခိုင်အမာ ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၄ သန်းကျော်ဖြင့် သံပေါင်ရက်မတပ်ဆင်ခြင်း၊ ရေသွားလမ်းသစ်သားကြမ်းခင်းနှင့် အကာပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကိုသာ ပြုပြင်ပေးနိုင်ခဲ့သည့်အတွက် လက်ရှိအခြေအနေအရ ထပ်မံပြုပြင်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊
နမ့်အွန်ရေထွက်ကရေကို သွယ်ယူထားသော ရေဝင်မြောင်းသည် နှစ်စဉ်ရေတိုက်စားပြီး ကျိုးပေါက် လျက်ရှိသည့် အတွက် တောင်သူများတုတ်တန်းရိုက်ပြီး မြေအိတ်၊ သဲအိတ်ဖြင့် ပိတ်ဆို့ဆောင်ရွက်ထားနေရပါကြောင်း၊ နောင် ရေရှည်အဆင်ပြေချောမွေ့စွာ ရေပေးဝေနိုင်ရေးအတွက် ရေဝင်မြောင်း၏ထိပ်တွင် အကျယ် ပေ ၄၀၊ အမြင့် ၆ ပေ ရှိသော အခိုင်အမာရေလွှဲဆည်နှင့် ရေသွင်းတံခါးတည်ဆောက်ခြင်း၊ ရေဝင်မြောင်းကို ပုံစံကျမြေဖို့ပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ နမ့်အွန်ရေတံလျှောက်ပြုပြင်ခြင်း၊ ရေလွှဲဆည် နှင့်ရေသွင်းတံခါး အခိုင်အမာတည်ဆောက်ခြင်းနှင့် ရေဝင်မြောင်းပုံစံကျ မြေဖို့ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် စိစစ်တွက်ချက်မှုအရ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၃၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ နမ့်အွန် ရေတံလျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဌာနက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ပေးရန်ကိစ္စနှင့် ပတ်သက်ပြီး နမ့်အွန် ရေတံလျှောက်သည် မူလကတည်းက ဒေသကထိန်းသိမ်းထားသော ရေပေးအဆောက်အအုံ တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီးဧက ၂၃၅ ဧကသာရှိသည့်အတွက် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရေသောက်တောင်သူများစုပေါင်းပြီး ဆောင်ရွက်ပါက ကောင်းမွန်နိုင်နင်းစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ အထူးပြင်ဆင်ရန်လိုအပ်လာပါက ပြည်နယ်ရန်ပုံငွေတင်ပြတောင်းခံပြီး ဌာနက တာဝန်ယူပြုပြင်ပေးလျက်ရှိသောကြောင့်လည်းကောင်း၊ ကျေးရွာက ဆက်လက်ထိန်းသိမ်းထားသင့်သော အသေးစားရေပေးအဆောက်အအုံတစ်ခုဖြစ်ပါကြောင်း၊ နမ့်အွန်ရေတံလျှောက်နှင့် ဆက်စပ်ရေပေး အဆောက်အအုံ များ၊ ရေဝင်မြောင်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်ငွေ ကျပ်သန်း ၁၃၀ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်း တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် အခြေခံကာ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
