မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ကြပြီး စိုက်ပျိုးမြေဧကပေါင်း ၁၂၀၀၀၀ ကျော်၊ မွေးမြူရေးကန်ဧရိယာပေါင်း ၆၅၀၀ ခန့်နှင့် အခြားနည်းလုပ်ငန်း လုပ်ကိုင်ခွင့်ဧရိယာပေါင်း ၁၈၀၀ ခန့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် မကျသေးသည်မှာ ၄၅၀၀ ပတ်ဝန်းကျင်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ငါးကန်နှင့် ကြက်ခြံတွဲပြီး လုပ်ကိုင်ကြပြီး ငါးမွေးမြူခွင့်လုပ်ငန်းလုပ်ကိုင်ရန် တစ်ဧကကို တစ်နှစ်လျှင် သုံးထောင်ကျပ် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရပါကြောင်း၊ အများစုသည် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းသမားများဖြစ်ပြီး ငွေအရင်းအနှီးမြောက်မြားစွာနှင့် လုပ်ကိုင်ကြသူများလည်းရှိပါကြောင်း၊
တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများနှင့် ရင်ဆိုင်နေရသည့်အခက်အခဲများသည် ငှေအရင်း အနှီးဖြစ်ပြီး ကြက်အကောင်တစ်ထောင်ကို သိန်း ၄၀ မှ ၅၀ ရင်းရသည့်အတွက် ပြင်ပ ငွေရှင်ဆီက ငါးကျပ်တိုး၊ တစ်ဆယ်တိုးပေးဖြင့် ငွေချေးငှားရပါကြောင်း၊ ထို့ကြောင့် ပုံစံ(၇)ရ လယ်သမားကဲ့သို့ နှစ်ချင်းဆပ် သို့မဟုတ် နှစ်လတ် ချေးငွေ ချေးပေးမည်ဆိုပါက ပိုမို အဆင်ပြေပါကြောင်းနှင့် ဥပဒေအရ ဖြေလျော့မှုများ ဆောင်ရွက်ပေးရန်လည်း အကြံပြုချင်ပါကြောင်း၊ နိုင်ငံတော်နှင့် ဒေသခံများအတွက် အကျိုးပြုလုပ်ငန်းဖြစ်ခြင်းကြောင့် စိတ်ချလက်ချတရားဝင်လုပ်ကိုင်ခွင့် ရရှိစေရန် စီစဉ်ပေးခြင်း၊ သင့်လျော်သည့်ဖြေလျော့မှုနှင့် စည်းကမ်းသက်မှတ်ချက်များ၊ အခွန်အခနှုန်းများ သတ်မှတ်ပြီး လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ပိုမို အဆင်ပြေနိုင်ပါကြောင်း၊
ထို့ပြင် ခေတ်မီနည်းပညာများ၊ မွေးမြူရေးနည်းပညာ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ရောဂါများ၊ ဆေးဝါးများ၊ အစာစပ်ပုံစပ်နည်းများ၊ သား၊ ငါးသိုလှောင်သည့် နည်းပညာများ လိုအပ်သည့် အတွက် ခေတ်မီနည်းပညာများကို သက်ဆိုင်ရာကတာဝန်ယူပြီး ပို့ချပေးမည်ဆိုပါက လုပ်ငန်းငယ်များအတွက် အင်မတန်အဆင်ပြေမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ခရမ်းမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ကြက်၊ ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မည်သို့ကူညီပံ့ပိုးပေးမည်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ခရမ်းမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ကြက်။ငါးမွေးမြူရေးငွေအရင်းအနှီးရရှိနေရေးနှင့် ပတ်သက်ပြီး မြစိမ်းရောင်(အသားကဏ္ဍ)က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်မြို့နယ်ကို တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာစီကို ကျပ်သန်း ၃၀ (သိန်း ၃၀၀) ထုတ်ချေးရန်လျာထားခဲ့ရာတွင် ခရမ်းမြို့နယ်က ကျေးရွာ တစ်ရွာပါဝင်ပါကြောင်း၊
လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန ချေးငွေပေးသည့်ဘဏ်တွေက ချေးယူရရှိနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပိုင်ဆိုင်မှုအထောက်အထားပြပြီး လုပ်ငန်းအာမခံအတွက် ထောက်ခံဆောင်ရွက်ပေးခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ထံကနေပြီးတော့ အတိုးနှုန်းသက်သာတဲ့ချေးငွေဖြစ်တဲ့ စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Agriculture and Rural Development Two Step Loan)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ အဆိုပါချေးငွေအနေဖြင့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍကို ထုတ်ချေးပေးနိုင်ရေးအတွက်ကို JICA နှင့် ထပ်မံညှိနှိုင်းရှိပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှလည်း စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ပိုင်တစ်နိုင် ကြက်။ငါး မွေးမြူရေးလုပ်ငန်းများကို လယ်ယာမြေအပေါ်တွင် လုပ်ကိုင်မည်ဆိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွေအပေါ်တွင် လုပ်ကိုင်ဆောင်ရွက်လိုပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လည်းကောင်း၊ ကျန်အခြားမြေပေါ်မှာဆောင်ရွက်မည်ဆိုပါက ယင်းနှင့်စပ်လျဉ်းပြီး စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီလည်းကောင်း လျှောက်ထားရယူဆောင်ရွက်နိုင်ပါကြောင်း၊
လယ်ယာမြေပေါ်မှာ လက်ရှိဆောင်ရွက်လျက်ရှိသော တစ်နိုင်တစ်ပိုင်(ကြက်။ငါး)မွေးမြူရေးကန် လုပ်ငန်းများသည် လယ်ယာမြေကို အခြားနည်းသုံးအဖြစ် နည်းဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့် မရရှိသေးပါက တရားဝင်ဖြစ်စေရေး လျှောက်ထားဆောင်ရွက် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ လျှောက်ထားဆောင်ရွက်ရာတွင်လည်း ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက် ထားခြင်းဖြစ်သည့်အတွက် အရေးယူပိုင်းရှိမည်ဖြစ်ပြီး တည်ဆဲလယ်ယာမြေဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင်ရန် ဖြေလျော့သွားနိုင်ရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လှော်ကား၊ လေးဒေါင့်ကန်၊ တွံတေးစခန်းဟူ၍ ငါးလုပ်ငန်းစခန်း ၃ ခုရှိပါကြောင်းပြီး ကြီးထွားနှုန်းကောင်းကာ မျိုးကောင်း မျိုးသန့်ငါးသားပေါက်များကို ဈေးနှုန်းချိုသာစွာရရှိရေးအတွက် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ဒေသခံငါးမွေးတောင်သူများကိုယ်တိုင် ငါးသားဖောက်နိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံး ၂ ခုကို ခရမ်းမြို့နယ် သက္ကယ်ကုန်းကျေးရွာနှင့် ပုဇင်းနီးကန်ကျေးရွာတို့တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၌ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ပြည်ပဈေးကွက်လိုအပ်ချက် စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက်ကိုလည်း ငါးလုပ်ငန်းဦးစီးဌာနမှ ISO 17025 အဆင့်ရှိ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးပြီး ထောက်ခံချက်များပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ခရမ်းမြို့နယ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းများသည် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း တွေဖြစ်သည့်အတွက် အအေးခန်းသိုလှောင်မှု Cold Storage အဆင့်တည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ်များ များပြားနိုင်သည့်အတွက် တိုင်းဒေသကြီးအတွင်း ပြည်သူများ ဈေးနှုန်းချိုသာ ဝယ်ယူစားသုံးနိုင်ရန် တိုင်းဒေသကြီးတို့က ကြီးကြပ်ပြီး ကြက်သားအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချစေရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး ခေတ်မီသိုလှောင်ရုံများ တည်ဆောက်နိုင်ရေးအတွက်ကို အစီအစဉ်များ ချမှတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ခေတ်မီ နည်းပညာ အကူအညီပေးခြင်းနှင့် ပတ်သက်ပြီး ကြက်မွေးမြူရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ တိရစ္ဆာန်အစားအစာ၊ တိရစ္ဆာန်ဆေးဝါးများအပါအဝင် နည်းပညာဆိုင်ရာ ပညာပေး ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ငါးမွေးမြူရေကန်ကထွက်ရှိလာသည့် ငါးများကို ဈေးကွက်ဝင် ရောင်းချနိုင်ရန် မွေးမြူသည့် နည်းပညာများပေးခြင်း၊ ငါးဆေးထိုးသားဖောက်သင်တန်းများ သင်ကြားပို့ချပေးခြင်း စသည့် နည်းပညာဆိုင်ရာပံ့ပိုးမှုများ၊ Tenical Assistance များအပြင် မွေးမြူသူများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
