မေးခွန်း အကြောင်းအရာ
ရမ်းဗြဲမြို့နှင့်လေးတောင်တိုက်နယ်ဆေးရုံသည် ၁၅ မိုင်ခန့်ကွာဝေးပြီး တိုက်နယ်သုံးတိုက်နယ်၏ ကျေးရွာ ပေါင်း ၃၀ ကျော်၊ လူဦးရေပေါင်း ၃၀၀၀ ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တိုက်နယ်ဆေးရုံ တစ်ခုဖြစ်ပါကြောင်း၊ လေးတောင်တိုက်နယ်ဆေးရုံကို ၁၉၇၅ ခုနှစ်တွင် လေးတောင်တိုက်နယ်၊ ကျောက်ချောင်းတိုက်နယ်၊ ကန်တိုက်တိုက်နယ်သုံးခုမှ လူတစ်ဦး၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ့်အားကိုယ်ကိုး တာဝန်ယူတည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဆောင်တစ်ဆောင်၊ အမျိုးသားလူနာဆောင် တစ်ဆောင်၊ အမျိုးသမီးလူနာဆောင်တစ်ဆောင်၊ သံဃာတော်ဆောင်တစ်ဆောင်နှင့် ခွဲစိပ်ခန်းတစ်ခန်း ပါဝင်ကြောင်း၊ တိုက်နယ်ဆေးရုံဝင်းအတွင်း တိုက်နယ်ဆရာဝန်နေအိမ်တစ်လုံး၊ သူနာပြုဆရာမနေအိမ်တစ်လုံးနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် တန်းလျားဆောင်တစ်ဆောင်တို့ကို ဒေသ၏အနေအထားနှင့် အဆင်ပြေအောင် ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ပေးခဲ့ရာ ယခုအခါနှစ်ပေါင်း ၄၀ ကျော်ကြာမြင့် နေပြီဖြစ်သဖြင့် နေအိမ် အဆောက်အဦများ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁) လေးတောင်တိုက်နယ်ဆေးရုံအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရန် နေအိမ်အဆောက်အဦများကို ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောက်လုပ်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို လည်းကောင်း၊ (၂) လေးတောင်တိုက်နယ်ဆေးရုံအား ပိုမိုကောင်းမွန် သော အုတ်တံတိုင်းကာရံပေးရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် လေးတောင်တိုက်နယ်ဆေးရုံအတွက် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာနေထိုင်ရန် နှစ်ခန်းတွဲဆရာဝန်နေအိမ်တစ်လုံး၊ လေးခန်းတွဲသူနာပြုအိမ်တစ်လုံး၊ လေးခန်းတွဲဝန်ထမ်း နေအိမ်တစ်လုံး၊ မျက်နှာစာအုတ် တံတိုင်းခြံစည်းရိုး ခန့်မှန်းပေအရှည် ၄၀၀ ခန့်၊ ကျန်သုံးဘက်အတွက် ချိန်းလင့်ခြံစည်းရိုးကာရံပေးရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ရရှိပါက အမြန်ဆုံးဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
