မေးခွန်း အကြောင်းအရာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာနကို ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိခဲ့ပါသော်လည်း တိုင်းရင်းဆေးပညာရှင်များသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ဦးဆောင်ဦးရွက်ပြုခွင့် အပြည့်အဝမရရှိသည့်အတွက် တိုင်းရင်းဆေးပညာလောက လွတ်လပ်ရေးမရရှိသည်ကို တိုင်းရင်းဆေးဆရာများ ခံစားနားလည်နေကြရပါကြောင်း၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တိုင်းရင်းဆေးလောကဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်နေသည်ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုဝန်ကြီး ကြိုးစားသော်လည်း အရာမထင်ဘဲ အဆိုးသံသရာထဲလည်နေရသည့် အဓိကအကြောင်းရင်းမှာ တိုင်းရင်းဆေးပညာဦးစီးဌာနကို ဦးဆောင်ဦးရွက်ပြုသည့် ညွှန်ကြားရေးမှူးချုပ်ကို လူမှန်နေရာမှန် ဖြစ်မနေခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေမှူးချုပ်၏ စီမံခန့်ခွဲမှုအလွဲများကို တိုင်းရင်းဆေးလောကတစ်ခုလုံး ဒုက္ခရောက်နေသည်ကို တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးထုတ်လုပ်သူများ အသင်းတို့က ဝန်ကြီးထံ အကြိမ်ကြိမ်တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်လည်း ညွှန်ကြားရေးမှူးချုပ်၏ တိုင်းရင်းဆေးပညာအပေါ် စေတနာမမှန်သည်များကို တွေ့ရှိရသည့်အခါ တိုင်းရင်းဆေးအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးအသင်း၊ ထုတ်လုပ်သူများအသင်းက တိုင်းရင်းဆေးကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိကာလတွင် ပြည်ထောင်စုဝန်ကြီးတာဝန်ယူစဉ် အပြောင်းအလဲမရှိပါက အခြေအနေပိုမိုဆိုးရွားလာမည့် အခြေအနေကို အချိန်မီပြုပြင်ပြောင်းလဲပေးရန် လိုအပ်ပါကြောင်း၊
တိုင်းရင်းဆေးပညာဦးစီးဌာနတွင် အနောက်တိုင်းပညာရှင်၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာ တက္ကသိုလ်ပါမေက္ခချုပ်အနက် ကောင်းစွာဦးဆောင်နိုင်သည်ကို အသိအမှတ်ပြုပါကြောင်း၊ သို့သော်လည်း အများစုသည် ၎င်းတို့သင်ယူ တက်မြောက်ကျွမ်းကျင်သည့်ပညာဖြင့် တိုင်းရင်းဆေးပညာတို့ သဘောသဘာဝ ကွဲပြားခြားနားခြင်း၊ တိုင်းရင်းဆေးပညာနှင့်သမိုင်းကိုမသိခြင်း၊ တိုင်းရင်းဆေးပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်း၊ တိုင်းရင်းဆေးကို မယုံကြည်ဘဲ ကိုယ်တတ်သိရာရှုထောင့်မှ တိုင်းရင်းဆေးပညာအပေါ် တစ်ဖက်သတ်အကဲဖြတ် ဆောင်ရွက်ချက်များကြောင့် တိုင်းရင်းဆေးပညာ လောကသည် ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ စိုးရိမ်သောကများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးပညာရှင်များတွင် ရင့်ကျက်သည့် အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များရှိပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးအနေဖြင့် စွမ်းဆောင်ရည်ရှိပြီး စေတနာမှန်ရှိသော တိုင်းရင်းဆေးကိုယုံကြည်သည့် ပုဂ္ဂိုလ်များကို ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနက ၂၉-၁-၁၉၉၈ ရက်နေ့ကစပြီး အဆင့် (၁) ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပြီး ရုံးချုပ်တွင် စီမံဘဏ္ဍာရေး၊ ကုသရေးဌာနခွဲ၊ ဆေးဝါးနှင့်ဘယဆေးဥယာဉ်၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုပြီး ရှိပါကြောင်း၊ နောက်တိုင်းဒေကြီးနှင့် ပြည်နယ်တွင်လည်း ဌာနမှူးရုံး ၁၅ ခု၊ မြို့နယ်ဦးစီးဌာန ၂၁၀ ခု၊ ခုတင် (၁၀၀) သုံးရုံ၊ ခုတင် (၅၀) ရှစ်ရုံ၊ (၂၅) ခုတင်ခြောက်ရုံ၊ (၁၆) ခုတင်ရှစ်ရုံ အစရှိသဖြင့် ဆောက်လုပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးပညာလောကကို တိုးတက်အောင်လုပ်မည်ဆိုလျှင် တိုင်းရင်းဆေးပညာရှင်တစ်ခုတည်းနှင့် လုပ်၍မရပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် စီမံခန့်ခွဲရေးလုပ်ငန်းများ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများ၊ သင်ကြားရေးလုပ်ငန်းများ၊ ဓာတ်ခွဲခန်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ စက်ရုံလုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ၊ ဥယာဉ်လုပ်ငန်းများ ရှိသည့်အတွက် Management ကျွမ်းကျင်သည့် Expert, Medical Education နှင့် သင်ကြားရေးကျွမ်းကျင်သူ Laboratory ဓာတ်ခွဲခန်းကျွမ်းကျင်သူ၊ သုတေသနပညာရှင်၊ အင်ဂျင်နီယာများလည်းလိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးပညာ တိုးတက်ဖို့ဆိုလျှင် တိုင်းရင်းဆေးပညာရှင်တစ်ခုနှင့် လုပ်၍မရပါကြောင်း၊ ဘက်စုံပါဝင်မှသာ တိုင်းရင်းဆေးပညာ တိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာရှင်မဟုတ်သည့် ဆေးဝါးဗေဒပညာရှင် Pharmacologist များ၊ အာဏုဗေဒဇီဝ Microbiologist များ၊ ရောဂါဗေဒ Pathologist များ၊ Anatomist ခန္ဓာဗေဒပညာရှင်များ၊ ရုက္ခဗေဒ Botanist များလည်းလိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနကို ဦးဆောင်မည့် ညွှန်ကြားရေးမှူးအဆင့်က ပြုလုပ်မည့်သူအနေဖြင့် အဆိုပါလုပ်ငန်းနယ်ပယ်အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် လမ်းညွှန်မှုပေးရမည် ဆိုသည်မှာ များပြားလှသော ပညာရှင်များပါဝင် ဆောင်ရွက်သည့် လုပ်ငန်းဌာနဖြစ်သည့်အတွက် အခြားဝန်ကြီးဌာနများနှင့်မတူဘဲ အသွင်သဏ္ဌာန်အားဖြင့်လည်း လုပ်ငန်းသဘာဝများစွာ ကွာပါကြောင်း၊ ထို့ကြောင့် ဆရာဝန်တစ်ဦးတည်း လုပ်၍မရ အကုန်လုံးပေါင်းစပ်လုပ်မှသာလျှင်ရနိုင်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မည်သူ့ကို ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ပါမောက္ခချုပ် ခန့်ထားရမည်ဆိုသည်မှာ သတ်မှတ်ထားခြင်း မဟုတ်ပါကြောင်း၊ သို့သော်လည်း လုပ်ငန်းတာဝန်ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်နိုင်သည့်သူ၊ ပညာအရည်အချင်း၊ စိတ်ဓာတ်၊ လုပ်သက်၊ လုပ်ငန်းကျွမ်းကျင်မှု အချက်များကိုအခြေခံပြီး ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတွင် ညွှန်ကြားရေးမှူးချုပ်ဖြစ်ဖြစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်ဖြစ် မည်သူမဆို ဖြစ်နိုင်ပါကြောင်း၊ တိုင်းရင်းဆေးပညာရှင်လည်း ဖြစ်နိုင်ပါကြောင်း၊ အခြားကျွမ်းကျင်သည့် Management Expert လည်း ဖြစ်နိုင်ပါကြောင်း၊ မိမိအနေဖြင့် ၎င်းကိစ္စကိုလည်း သိသည့်အတွက် ကိုယ်တိုင် Manage လုပ်နေပါကြောင်း၊ ထို့နောက် တိုင်းရင်းဆေးပညာ၏ ဖွဲ့စည်းပုံကို ပြန်ကြည့်သည့်အခါ ခွင့်ပြုအရာထမ်း ၅၁၈ ဦး ရှိသည့်အနက် လက်ရှိဝန်ထမ်းအင်အားမှာ ၂၄၇ ဦး၊ ၄၇.၇ ရာခိုင်နှုန်းက အရာရှိများဖြစ်ပြီး ၎င်းတို့ထဲတွင် ၁၈၈ ဦး တိုင်းရင်းဆေးပညာရှင်များ ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ အရာရှိခန့်ထားသည့် ၂၄၇ ယောက်တွင် ၁၈၈ ဦးသည် တိုင်းရင်းဆေးပညာရှင်များ ဖြစ်သည့်အတွက် ၇၆.၁ ရာခိုင်နှုန်းသော အရာထမ်းများသည် တိုင်းရင်းဆေးပညာရှင်များ ဖြစ်သည်ကို မိမိတို့တွေ့ရှိရပါကြောင်း၊ နောက်တစ်ချက်က ဆရာဝန် ၂၃ ဦးသာ ခန့်ထားပြီး ၎င်းတို့ ၂၃ ဦးကို လောလောဆယ်ခန့်ထားသည့် ၂၄၇ ဦးနှင့်တွက်မည်ဆိုလျှင် ၉.၃ ရာခိုင်နှုန်း ရှိပါကြောင်း၊ ဝန်ထမ်းအားလုံးနှင့် တွက်မည်ဆိုလျှင် ၁.၀၉ ရာခိုင်နှုန်း ဖြစ်သည့်အတွက် ဆရာဝန်များ အများကြီးခန့် မထားပါကြောင်း၊ သို့သော် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (ကုသ) ပါမောက္ခများ တွင် တိုင်းရင်းဆေးပညာရှင်စစ်စစ်များ ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး (ကုသရေး) တို့သည်လည်း ဆရာဝန်နှင့်တိုင်းရင်းဆေးပညာ နှစ်မျိုးစလုံးကို ကျွမ်းကျင်သည့် သူများဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူး (ဆေးဝါး) ဆိုသူဆိုလျှင်လည်း တိုင်းရင်းဆေးနှင့် ဓာတုဗေဒဘာသာရပ်ဆိုင်ရာ ပညာရှင်များကို ခန့်ထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ လစ်လပ်လျက်ရှိသော ရာထူးအဆင့်ဆင့်တွင် တိုင်းရင်းဆေးပညာရှင်းများနှင့် သီးသန့် သက်ဆိုင်သည့် နေရာတွင် မိမိအနေဖြင့် ခန့်အပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အရာထမ်းတွင် ၅၁၈ ယောက်ခွင့်ပြုထားသော်လည်း ၂၄၇ ယောက်သာ ခန့်အပ်ထားပါပြီး အမှုထမ်းတွင် လေးထောင်ကျော်မှ ၁၈၀၀ ခန့်သာ ခန့်အပ်ထားပါကြောင်း၊ ယခုလက်ရှိ အစိုးရက ဘတ်ဂျက်ပေးသည့်အပေါ် လျာထားချက်တိုးတက်ပြီး ခန့်အပ်ရန်ရှိပါကြောင်း၊ မိမိအနေဖြင့် တိုင်းရင်းဆေးပိုမိုတိုးတက်စေရန် Technical Advising Group on Traditional Medicine မှ အကြံဉာဏ်များရယူပြီး ပြုလုပ်နေသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အကြံဉာဏ်များကို လည်း လက်ခံပြီး တိုင်းရင်းဆေးလောကကြီးတစ်ခုလုံးကို တိုးတက်ရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဝန်ကြီးဖြေဆိုသွားသည့်အထဲတွင် များပြားသည့် ပညာရှင်များပါဝင်သည်ကို မိမိတို့အနေဖြင့် လက်ခံပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်နေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်လည်း ဆရာဝန်မဟုတ်သည့် ပုဂ္ဂိုလ်များ လိုအပ်၍ခန့်ထားသည်ကို မိမိတို့သိရှိရပါကြောင်း၊ သို့သော် တိုင်းရင်းဆေးပညာကို ဦးဆောင်သည့် ပုဂ္ဂိုလ်က တိုင်းရင်းဆေးပညာရှင်သာ ဦးဆောင်သင့်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ကိုယ်တိုင် ညွှန်ကြားရေးမှူးချုပ်များကို အဆင့်ဆင့်ကြည့်မည်ဆိုလျှင် တခြားပညာရှင်များကို ခန့်ထားသည်မှာ တစ်ယောက်မှ မတွေ့ရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က ကျန်းမာရေးပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်ကိုထမ်းဆောင်အခါတွင် စွမ်းရည်ပြည့်စွာဖြင့် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် ဆရာဝန် ၂၃ ဦးက တိုင်းရင်းဆေးလောကကြီး တစ်ခုလုံးကို ချိတ်ဆက်ပြီး ဦးဆောင်နေခြင်းကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာနသည် ယခုကဲ့သို့ အဆီအငေါ်မတည့်ဘဲ ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လစ်လပ်နေသည့် အဆင့်၊ ရာထူးများ အများကြီးကျန်ရှိနေသည်ကို စာရင်းဇယားဖြင့် တင်ပြပြီး မည်သည့်အချိန်တွင် စိစစ်ပြီးခန့်ထားပေးရန် ရှိမည်ကိုလည်း သိရှိလိုပါကြောင်းနှင့် မိမိတို့ လုပ်သက်ရှစ်နှစ်ခွဲမှစပြီး ၁၈ နှစ်အထိရှိသည့် ဝန်ထမ်း ၂၃ ဦးသည် ပြီးခဲ့သည့်နှစ်က အရာရှိ စာမေးပွဲဖြေဆိုထားသည်ကို ဆက်လက်ပြီး ဆောင်ရွက်ပေးခြင်းမရှိဘဲ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိသည့်အတွက် နစ်နာခြင်းများရှိနေပါကြောင်း၊ ထို့ကြောင့် လစ်လပ်သည့် နေရာများတွင် ခန့်ထားပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဝန်ထမ်းရွေးချယ်ရေးနှင့် ညှိပြီးလုပ်သည်မှာ အချိန်ကြာမြှင့်သည့်အတွက် ဦးစီးအရာရှိ ဖြစ်မည့်ကိစ္စကို အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန် သို့သော်လည်း ခန့်အပ်သည့်နေရာတွင်လည်း သူ့နေရာနှင့်သူ ခန့်အပ်မည် Botanist လိုသည့်နေရာတွင် တိုင်းရင်းဆေးပညာရှင် ခန့်၍မရပါကြောင်း၊ လူမှန်နေရာမှန်ကို ခန့်ရန် မိမိအနေဖြင့် ဝန်မလေးပါကြောင်း၊ ထို့ကြောင့် ခြောက်လ၊ တစ်နှစ်အတွင်း နည်းနည်းစောင့်ကြည့် စေချင်ပါကြောင်း၊ စောင့်ကြည့်သည့်အခါတွင်လည်း မည်မျှတိုးတက်သည်ကိုလည်း သိရှိရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မေးခွန်းများ မည်သည့်အတွက် မေးမြန်းရသနည်းဆိုသည်မှာ ဆေးထုတ်လုပ်သူနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနက တင်းကြပ်မှုများအပေါ် မူတည်သည့်အတွက်ကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်သည့်ဆေးများသည် အာနိသင်မရှိခြင်း၊ အန္တရာယ်ရှိသည့်ဆေးဆိုလျှင် ပြည်သူများ ဒုက္ခရောက်ခြင်းများကြောင့် သေသေချာချာ ကိုင်တွယ်ရသည့်အတွက် မကျေမလည်ဖြစ်ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်သူ၏ အကျိုးကိုရှေးရှုပြီး သတင်းစာတွင် ကြေညာရပါကြောင်း၊ ထို့ကြောင့် မကျေမလည် ဖြစ်သည်ဟု မိမိထင်မြင်မိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် အချိန်အနည်းငယ် စောင့်ကြည့်ပေးစေချင်ပါကြောင်း၊ မိမိတို့ဘက်မှလည်း ဒိထက်တိုးတက်မည်ဟုလည်း ယုံကြည်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
