ရပ်စောက်မြို့နယ်သည် အရှေ့နှင့်အနောက် ၃၈ မိုင်၊ တောင်နှင့်မြောက် ၈၇ မိုင်ကျော်ကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင် ၂၀၅၀ ခန့်ကျယ်ဝန်းပါကြောင်း၊ ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာ ၂၃၀ ပါရှိပြီး လူဦးရေ တစ်သိန်းငါးသောင်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် စာရင်းများအရ မြို့ပေါ်နေ လူဦးရေ ၁၀၇၈၈ ဦး၊ ကျေးလက်နေပြည်သူ ၁၃၂၃၅၅ ဦးရှိပြီး တစ်နှစ်အောက်ကလေး ၃၂၇၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃၅၃၄ ဦး၊ ငါးနှစ်အောက်ကလေး ၁၀၄၃၈ ဦးရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ အထူးကု ဆရာဝန်ကြီးများနှင့် ပြသကုသရန်လိုအပ်သည့်အခါ ရပ်စောက်မြို့နှင့် ၄၈ မိုင်ဝေးကွာသော တောင်ကြီးဆေးရုံသို့ သွားရောက်ကုသရပါကြောင်း၊ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို အချိန်မီ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကုသနိုင်စေရန်နှင့် မလိုလားအပ်သော လူသားအရင်းအမြစ် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးကဏ္ဍစောင့်ရှောက်မှုများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ယခု ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံသည် ခုတင်(၅၀)ဆံ့ ဆေးရုံဖြစ်သည်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် ကလေးအထူးကုဆရာဝန်ကြီးများ၊ သားဖွား မီးယပ်နှင့်အထူးကုဆရာဝန်ကြီးများ၊ လိုအပ်သောဝန်ထမ်းများကို ဒေသ၏လိုအပ်ချက်များအရ ဖွဲ့စည်းပုံများတိုးချဲ့၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ ၎င်းကဏ္ဍများအပြင် ခွဲစိတ်ကုသရေးလုပ်ငန်းများ၊ ဓာတ်မှန်ရိုက်ခြင်းလုပ်ငန်းများ အဆင်ပြေချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား သတ်မှတ်ဗို့အားများ ပြည့်မီနိုင်စေရန် ဓာတ်တိုင်၊ မီးကြိုးပြန်လည်ပြုပြင်ရန်နှင့် ထရန်စဖော်မာ အသစ်တည်ဆောက် ပေးရန်လည်း လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ အင်္ဂါရပ်များနှင့်အညီ ဒေသ၏လိုအပ်ချက်များအရ (၁) ကလေး အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် လိုအပ်သော ဝန်ထမ်းများပြည့်မီစေရန် ခန့်ထားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) ခွဲစိတ်ကုသရေးနှင့် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမောအောင်မြင်စေရန် ဆောင်ရွက်နိုင်စေရေးအတွက် ထရန် စဖော်မာအသစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် ရပ်စောက်ပြည်သူ့ဆေးရုံကြီး ခုတင် (၅၀)ဆံ့ဆေးရုံတစ်ရုံဖြစ်ပြီး မြို့နယ်အတွင်း တိုက်နယ်ဆေးရုံ လေးရုံရှိပါကြောင်း၊ ရပ်စောက်ပြည်သူ့ဆေးရုံ ခုတင်(၅၀) အပါအဝင် တစ်နိုင်ငံလုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံများတွင် အထူးကုဆရာဝန်များ မရှိပါကြောင်း၊ ရိုးရိုးဆရာဝန်သာ ထားရခြင်းမှာ ယခုလတ်တလောဆရာဝန်အင်အားထုတ်လုပ်မှုက မမီနိုင်သည့်အတွက် ဖြစ် ပါကြောင်း၊ သို့သော်လည်း ဖွဲ့စည်းပုံကို ပြင်ရန်ရှိပါကြောင်း၊ ခုတင်(၅၀)တိုင်းကို မပေးပါကြောင်း၊ လူဦးရေ သိပ်သည်းထူထပ်မှုရှိသည့်နေရာ၊ လူနာများသည့်နေရာ၊ သွားလာမှုခက်ခဲသောနေရာရှိ ခုတင်(၅၀)ဆံ့ ဆေးရုံများကို ပထမဦးဆုံးအဆင့်ဖြင့် ဆေးပညာအထူးကု၊ နောက်ကလေးအထူးကု၊ နောက်တစ်ဆင့် တစ်ဆင့်စီ သွားဖွားကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သွားဖွားနှင့်ခွဲစိတ်ကို ချက်ချင်းမလုပ်နိုင်သည်မှာ သားဖွားနှင့်ခွဲစိတ်ကိုထည့်ပါက Operation တွင် မေ့ဆေးဆရာဝန် အကုန်လိုအပ်ပါကြောင်း၊ သို့သော်လည်း ခုတင်(၅၀)တွင် မရှိသည်မှာ ဖွဲ့စည်းပုံအရမရှိခြင်း ဖြစ်ပါကြောင်း၊ မကြာမီ ဖွဲ့စည်းပုံမြှင့်မည် ဖြစ်ပါကြောင်း၊ ရပ်စောက် ခုတင်(၅၀) ဆေးရုံက လမ်းပန်းဆက်သွယ်ရေးလည်းကောင်းသည့်အတွက် ပြဿနာရှိပါက တောင်ကြီးစဝ်စံထွန်းဆေးရုံ၊ နောက်ဗဟို အမျိုးသမီးနှင့်ကလေးဆေးရုံကြီး တောင်ကြီးနှင့် လွိုင်လင်ဆေးရုံများက သွား၍ရပါကြောင်း၊ ခန့်အပ်သော ဆရာဝန် ကျွမ်းကျင်ဝန်ထမ်းအင်အား ၄၆.၇ ရာခိုင်နှုန်းရှိသည့်အတွက် အလွန်မဆိုးလောက်ပါသော်လည်း ခွင့်ပြုဆရာဝန်က ရှစ်ယောက်၊ ခန့်ထားက သုံးယောက်ဖြစ်သည့်အတွက် မကြာမီ တစ်ယောက်၊ နှစ်ယောက် ထပ်မံပေးမည် ဖြစ်ပါကြောင်း၊ ယခု ဆရာဝန် ၁၃၀၀ ကျော်ခန့်ရန် ရှိပါကြောင်း၊ လာမည့် ၂ လအတွင်း၊ ဒီဇင်ဘာလောက်တွင် စတင်အလုပ်ဝင်မည့်အထဲက ခန့်ထားပေးမည် ဖြစ်ပါကြောင်း၊ သူနာပြု ၁၅ ယောက်ရှိပါကြောင်း၊ ၂၃ယောက် ရှိရမည့်နေရာတွင် ၁၅ ယောက်ရှိသည့်အတွက် ယခု ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် သူနာပြုအားလုံး ၁၆၇၃ ယောက် ထွက်ရှိလာသည့်အခါ ရပ်စောက်ကို ဦးစားပေးပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ရပ်စောက်မြို့နယ် ဆေးရုံကြီးတွင် ဆေးဘက်ကျွမ်းကျင်ဓာတ်မှန်တစ်ဦး၊ ဆေးမှတ်တမ်းတစ်ဦးရှိပါကြောင်း၊ ၎င်းတို့ထက် တစ်ဆင့်မြင့် သော ဆေးစပ်အဆင့်မြှင့် ကျွမ်းကျင်အဆင့်-၃ ဆေးစပ်များကိုလည်း ရာထူးတိုးလျှောက်လွှာခေါ်ယူပြီး တစ်နှစ် သင်တန်းပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြင့် လတ်တလောမပေးနိုင်သော်လည်း ဆေးဘက်ကျွမ်းကျင် ဓာတ်မှန် ဝန်ထမ်းနှင့် ဆေးဘက်ကျွမ်းကျင်ဆေးဝါးဝန်ထမ်းများအတွက် ဆေးရုံတွင် လူနာက ၄၀ မှ ၅၀ ခန့်သာရှိပါကြောင်း၊ လက်ရှိဝန်ထမ်းများဖြင့် လုံလောက်စွာ လည်ပတ်နိုင်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်များ နည်းပါးရသည်မှာ ဝန်ထမ်းများကို သုံးနှစ်သင်တန်း၊ ၂ နှစ်သင်တန်းများပေးပြီးပါက ဝန်ထမ်းများ အစိုးရအလုပ်ကို မဝင်ရောက် ပါကြောင်း၊ စာချုပ်များချုပ်ဆိုပြီး အနည်းဆုံး ၃ နှစ်၊ ၅ နှစ် စသည့်လုပ်ငန်းများလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ရပ်စောက် ခုတင်(၅၀) ဆေးရုံတွင် 100 KVA ထရန်စဖော်တစ်လုံးနှင့် 11 ကီလိုဗို့ ဓာတ်အားလိုင်း ပေ ၄၀၀ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ် ၁၃.၄၈၆ သန်းနှင့် 400 ဗို့လိုင်း ပေ ၁၅၀၀ တည်ဆောက်ခြင်းအပါအဝင် ဆက်စပ်လုပ်ငန်းများအတွက် ၁၆.၄၃ သန်း တို့ကို ဇွန်လ ၂၇ ရက်နေ့ ရက်စွဲပါစာဖြင့် ငွေများကိုခွဲဝေချမှတ်ပြီး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
