မေးခွန်း အကြောင်းအရာ
စဉ့်ကိုင်မြို့နယ်အားကစားကွင်းမျက်နှာစာရှိ ဆိုင်ခန်းများသည် ၁၉၉၇ ခုနှစ်တွင် မြန်မာ့အားကစား လောကအရှိန်အဟုန်ဖြင့်တိုးတက်လာရေးရည်မှန်းချက်ဖြင့် မြို့နယ်အားကစားကွင်း သာယာလှပ စေရန်နှင့် ရန်ပုံငွေရရှိစေရေးအတွက် ယခင်အားကစားဝန်ကြီးတစ်ဦး၏ညွှန်ကြားမှုဖြင့် အားကစား နှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ ညှိနှိုင်းပြီး စဉ့်ကိုင်မြို့နယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ၁၉၉၈-၉၉ ခုနှစ်တွင် ဆောက်လုပ်စေခြင်းဖြင့် ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ဝန်ကြီး ဌာန၏ ညွှန်ကြားချက်ဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူခဲ့ပါကြောင်း၊
စဉ့်ကိုင်မြို့နေ ပြည်သူများသည် အားကစားကွင်းမျက်နှာစာဆိုင်ခန်းများ ဆောက်လုပ်ခွင့်၊ ငှားရမ်းခွင့် တို့နှင့်ပတ်သက်၍ သိရှိခွင့်မရခဲ့ကြပါကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၏ ပြောကြားချက်အရ ဆိုင်ခန်းငှားရမ်းခများသည် တစ်လလျှင် ၅၀၀ ကျပ်၊ ၁၅၀၀ ကျပ်မှ ယနေ့ ၃၀၀၀ ကျပ်ဖြင့် တိုးမြှင့်ငှားရမ်းလာခဲ့ခြင်းဖြစ်ကြောင်း ၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အထိ သုံးနှစ်သက်တမ်းစာချုပ်တို့ဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် တစ်လ ၃၀၀၀ ကျပ်၊ တစ်နှစ်ငှားရမ်းခ ကျပ်နှုန်းဖြင့် ငှားရမ်းခဲ့ရာတွင် ဆိုင်ခန်း ၅၀ အတွက် တစ်နှစ်လျှင် ၁၈ သိန်းသာ ရရှိခဲ့ကြောင်း၊ ယခုလိုနည်းပါးသည့် ငှားရမ်းခ များဖြင့်ငှားရမ်းနေခြင်းသည် နောက်ကွယ်တွင်အဂတိလိုက်စားရန် အခွင့်အရေးပေးထားသလိုဖြစ်ရုံသာမက နိုင်ငံတော်အတွက်လည်း လွန်စွာနစ်နာပါကြောင်း၊ ငှားရမ်းခ ၃၀၀၀ ဖြစ်သည့်အတွက် လူတစ်ဦးကို ၁၀ ခန်းလောက်ထိ ရယူငှားရမ်းထားတာကိုလည်း တွေ့ရှိရပါကြောင်း၊
အစိုးရသစ်လက်ထက်တွင် ခေတ်ကာလနှင့် လျော်ညီသော ငှားရမ်းခများရရှိရေးပြင်ဆင်ရန် အတွက်မျှော်လင့်နေကြပြီး စဉ့်ကိုင်မြို့မှပြည်သူများသည် စာချုပ်သက်တမ်းပြည့်မည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကိုရောက်ရန် စောင့်မျှော်ခဲ့ကြပါကြောင်း၊ ၃၁-၁-၂၀၁၇ ရက်နေ့တွင် စာချုပ်သက်တမ်း တစ်နှစ်သက်တမ်း စာချုပ်ဖြင့် ၃၁-၁-၂၀၁၈ ရက်နေ့ထိ ဆိုင်ခန်းငှားရမ်းခကို ၃၀၀၀ ကျပ်ဖြင့်သာ ထပ်မံစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ပါကြောင်း၊
စဉ့်ကိုင်မြို့ပေါ်တွင် ဆိုင်ခန်းတစ်ခန်းငှားရမ်းခသည် တစ်လလျှင်အနိမ့်ဆုံး ၈၀၀၀၀ မှ ၁၅၀၀၀၀ ခန့်ရှိပါကြောင်း၊ အနိမ့်ဆုံးဈေး ၈၀၀၀၀ နှင့်တွက်ကြည့်မည်ဆိုပါက ဆိုင်ခန်းတစ်ခန်း တစ်နှစ်ငှားရမ်းခ သည် ၉၆၀၀၀၀ ဖြစ်၍ အခန်း ၅၀ အတွက် သိန်း ၄၈၀ ခန့်ရရှိမည်ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အတွက် သိန်းပေါင်းများစွာနစ်နာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအစိုးရ လက်ထက် တွင် အောက်ခြေအထိသေချာစွာစိစစ်နိုင်မှု အားနည်းခဲ့သည့်အတွက် တစ်နှစ်စာ ငှားရမ်း ခ သိန်း ၄၀၀ ကျော်ခန့် ထပ်မံနစ်နာခဲ့ရပြန်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စာချုပ်သက်တမ်း ပြည့်မည်ဖြစ်သည့်အတွက် ထပ်မံနစ်နာမှုမဖြစ်ရအောင် ခေတ်ကာလနှင့် လျော်ညီသော ငှားရမ်းခများ ပြင်ဆင်သတ်မှတ်၍ ငှားရမ်းခွင့်ကို ပွင့်လင်းမြင်သာစွာလုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ၁၀-၄-၂၀၁၇ ရက်နေ့တွင်ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ်(၁/၂၀၁၇) အရ နိုင်ငံပိုင်ပစ္စည်းများ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းဆောင်ရွက်ရာတွင် လိုက်နာရမည့်တင်ဒါလုပ်ထုံး လုပ်နည်းများနှင့် ညီအောင် လုပ်ဆောင်နိုင်ရန် သတိပြုရမည် ဖြစ်ပါကြောင်း၊
စာချုပ်ပါစည်းကမ်းချက်များအရ ငှားရမ်းခကိုပြင်ဆင်သတ်မှတ်ရမည်ဖြစ်သည့်အပြင် ငှားရမ်းသူများမှ စာချုပ်ပါစည်းကမ်းများကို လိုက်နာမှုရှိ/မရှိလည်း အမြဲမပြတ်စစ်ဆေး၍ လိုအပ်ပါက အရေးယူရမည် ဖြစ်ပါကြောင်း၊ စာချုပ်ပါစည်းကမ်းအရ လွှဲပြောင်းရောင်းချခြင်း မပြုရသော်လည်း ဆိုင်ခန်းတစ်ခန်းကို သိန်း၁၀၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုနေခြင်း၊ မူလဆိုင်ခန်းထက် အဆမတန်တိုးချဲ့ဆောက်လုပ်ထား ခြင်းများရှိနေပါကြောင်း၊ မူလစာချုပ်တွင် အရက်၊ ဘီယာရောင်းချခြင်းကို တားမြစ်ထား သော်လည်း ယခုအခါ မြန်မာ၊ မန္တလေး၊ ဒဂုံစသည်ဖြင့် ဘီယာမျိုးစုံရောင်းချနိုင်အောင် လိုင်စင်များ ချပေး ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
အားကစားကွင်းမျက်နှာစာတွင် ဆိုင်ခန်းများဆောက်လုပ်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှ မြန်မာ့အားကစား တိုးတက်ရေးနှင့် အားကစားကွင်းသာယာလှပရေးဖြစ်သော်လည်း ယနေ့အထိ အားကစားကွင်း၏ မျက်နှာစာဝင်ပေါက် ဆိုင်းဘုတ်များသည် မထင်မရှားမှေးမှိန်နေဆဲ ဖြစ်ပါကြောင်း၊ မျက်နှာစာတွင် အရက်၊ ဘီယာဆိုင်များ ခမ်းနားထည်ဝါသလောက် ကွင်းထဲတွင် လိုအပ်ချက်များအပြည့်ဖြစ် နေပါ ကြောင်း၊ သို့ဖြစ်ပါ၍ စဉ့်ကိုင်မြို့နယ်အားကစားကွင်း မျက်နှာစာရှိ ဆိုင်ခန်းများကို ခေတ်ကာလ နှင့်လျော်ညီသော ဆိုင်ခန်းငှားခများရရှိစေရေးနှင့် ကြမ်းခင်းဈေးများ ငှားရမ်းခွင့်များကို ပွင့်လင်း မြင်သာစွာသိရှိနိုင်ရေး၊ အားကစားကွင်းနှင့်မလျော်ကန်သည့် အရက်၊ ဘီယာဆိုင်များဖွင့်လှစ်ရောင်းချနေမှုများကို မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် မြို့နယ်ပြင်ပအားကစားပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၁၉၉၈ ခုနှစ်တွင် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ သဘောတူညီချက်ဖြင့် စဉ့်ကိုင်မြို့နယ်အားကစားကွင်းမျက်နှာစာ တစ်ခန်း လျှင် ၉ ပေ x ပေ ၂၀ အကျယ်ရှိသည့် ဆိုင်ခန်းပေါင်း ၅၀ ကို မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှတည်ဆောက်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ရှစ်နှစ်ခန့် တစ်ခန်းလျှင် တစ်လ ၅၀၀ ကျပ်နှုန်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တစ်ခန်းလျှင် တစ်လ ၈၀၀ ကျပ်နှုန်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ တစ်ခန်းလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ငှားရမ်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ မူလကောက်ခံလျက်ရှိသော ဆိုင်ခန်းခတစ်လလျှင် ၁၅၀၀ မှ ၃၀၀၀ ကိုတိုးမြှင့် ကောက်ခံခဲ့ပြီး ခေတ်ကာလနှင့်လျော်ညီစွာ ဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်ကောက်ခံရေးအတွက် ငှားရမ်းမှုတာဝန်ခံစိစစ်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့သို့ ၁၀-၂-၂၀၁၇ ရက်စွဲပါ စာအမှတ် ၁၀၇/ငစရ ၁/မတလ ၂၂၄ဖြင့် တင်ပြဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ၂၀၁၇ ရက်စွဲပါစာဖြင့် တာဝန်ခံစိစစ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် ညွှန်ကြားထားသည့်ညွှန်ကြားစာ ရှိပါကြောင်း။
အထက်ဖော်ပြပါ ဆိုင်ခန်းငှားရမ်းခ တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်၍ မိမိထံသို့မဟုတ် မိမိဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူခြင်းလုံးဝမရှိသည်ကို တွေ့ရသည့်အတွက် ယခုချက်ချင်း ဌာနဆိုင်ရာစုံစမ်းရေးအဖွဲ့ Departmental Enquire ဖွဲ့စည်းပြီး စစ်ဆေးလျက် ရှိပါကြောင်း၊ သို့ရာတွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ဆိုင်ခန်းခတိုးမြှင့်ကောက်ခံရေးသည် စာချုပ်အသစ်ပြန်လည်ချုပ်ဆိုသည့်အချိန်မှသာ ဆိုင်ခန်းခ တိုးမြှင့်ကောက်ခံနိုင်မည် ဖြစ်သော်လည်း စာချုပ်သက်တမ်းမပြည့်မီ သင့်မြတ်သောနှုန်းထားဖြင့် ဆိုင်ခန်းငှားရမ်းခများ ထပ်မံကောက်ခံရေးအတွက် စာချုပ်ပြောင်းလဲချုပ်ဆိုရေးကို ဗဟိုတိုင်းဒေသကြီး နှင့်ပြည်နယ်အားကစားကော်မတီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မိမိတို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ဆိုင်ခန်းများစာချုပ်ချုပ်ဆိုရာတွင် အငှားချထားသူများ၏ တာဝန်ဝတ္တရားအပိုဒ်(စ)တွင် လည်း ဖော်ပြထားပါကြောင်း။
အငှားချထားသည့် မြေ/အဆောက်အဦအတွင်း နိုင်ငံတော်မှ တားမြစ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်မလွတ်ကင်းသည့် အလုပ်များလုံးဝမလုပ်ရဟု ဖော်ပြထားသည့်အတွက် ဥပဒေနှင့်အညီ လုပ်ငန်းများဆောင်ရွက်မှုရှိ၊မရှိကို ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့၊ ၂၀၁၇ ခုနှစ်တွင် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ စဉ့်ကိုင်မြို့နယ် အားကစားကွင်းမျက်နှာစာရှိ ဆိုင်ခန်းသုံးခန်းတွင် ယစ်မျိုးလိုင်စင်ရောင်းချခွင့်နှင့် အရက်ဘီယာ များရောင်းချနေတာကို သိရှိရပါကြောင်း၊ မလျော်ကန်သည့်အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းနှင့်ပတ်သက်၍ ယစ်မျိုးလိုင်စင်ရောင်းချခွင့်၊ ပိတ်သိမ်းခွင့် ရှိသော သက်ဆိုင်ရာဒေသအာဏာပိုင် တာဝန်ရှိသူများနှင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ နှင့်လည်းကောင်း ညှိနှိုင်းအကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ပြီး နောင် စာချုပ်ချုပ်ဆိုရာတွင် အရက်၊ ဘီယာများကို လုံးဝဖွင့်လှစ်ရောင်းချခြင်း၊ ယစ်မျိုးလိုင်စင် ရသော်လည်း လုံးဝရောင်းချဖွင့်လှစ်ခြင်းမပြုရန် ထည့်သွင်းချုပ်ဆိုမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
