(က)- အသုံးပြုခွင့်ရပ်ဆိုင်းခဲ့သော ပြည်လေယာဉ် ကွင်းနေရာအား ရှေးဟောင်းဇုန် နှင့်ဆက်စပ်လုပ် ငန်းများ လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန မှ စွန့်လွှတ်ပေးရန်နှင့် လေယာဉ်ကွင်း အသစ်တစ် ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၂) ရက်မြောက်နေ့ (၂၉.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin soe soe kyiကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသည့် (၃၈)ကြိမ်မြောက် World Heritage Convention  သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း၊ ပျူသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် အသိအမှတ်ပြုခဲ့ပါကြောင်း၊ ယခုကဲ့သို့ အသိအမှတ်ပြုနိုင်ရန်အတွက် ရှေးဟောင်းဇုန်အတွင်း တည်ရှိကျရောက် နေသော လေယာဉ်ကွင်းကို အသုံးပြုမှုရပ်ဆိုင်းပေးခဲ့ရပါကြောင်း၊ လေယာဉ်အဆင်း/အတက်တွင် ဖြစ်ပေါ်လာသော တုန်ခါမှုများသည် ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းဘုရားစေတီပုထိုးများကို ထိခိုက်နိုင်သည့် အတွက်ဖြစ်ပါကြောင်း၊ ပြည်လေယာဉ်ကွင်းဟောင်းနေရာသည် ၁၉၅၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈-၆၉ ခုနှစ် ပြင်ဆင်ပြီးသည့်အချိန်တွင် လေယာဉ်ပြေးလမ်းအရှည် ၄၅၀၀ ပေနှင့် အကျယ် ၁၅၀ ပေ ရှိပါကြောင်း၊ F-27 အမျိုးအစား ဖော်ကာလေယာဉ်များ ဆင်းခဲ့သော်လည်း ယခုအချိန်တွင် ၎င်း၏ဧရိယာအကျယ်အဝန်းက ၁၂၈ ဧကရှိသည့်အတွက် ကျယ်ဝန်းပြီး နေရာကောင်းလည်းဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းအဖြစ် အသုံးမပြုတော့ သည့်အတွက် ရှေးဟောင်းနှင်‌့ပတ်သက်သည့် အသုံးပြုစရာနေရာအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနက စွန့်လွှတ် ပေးနိုင်မည်နည်းဆိုသည်ကို မေးမြန်းလိုပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါနေရာသည် ရှေးဟောင်းဇုန်ထဲသို့ ဝင်ရောက်ရန် Reception ဧည့်ကြိုဌာနအနေဖြင့် ဆောင်ရွက်၍ရပါကြောင်း၊ ဝင်ရောက် လာသော ခရီးသည်များအတွက် ဘက်ကီလေးများနှင့် သွားလာနိုင်ရန်အတွက် ကားသေးဂိတ် ပြုလုပ်၍ရပါကြောင်း၊ ဒေသထွက် အစားအသောက်များ၊ ဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်ကလေးများ ဖွင့်လှစ်ထား၍ ရပါကြောင်း၊ လူငယ်များ လာရောက်လေ့လာနိုင်သောနေရာများ ဆောင်ရွက်ပေး၍ရပါကြောင်း၊ ယခုကဲ့သို့ အဆောက်အအုံများ ဆောင်ရွက်ရာတွင် ရှေးဟောင်းဒေသထိန်းသိမ်းရေးဌာနနှင့် UNESCO က သတ်မှတ်ထားသော  စည်းကမ်းချက်များကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ သရေခေတ္တရာ ပြည်မြို့သည် World Heritage စာရင်းဝင်ပြီးနောက်ပိုင်း ပြည်တွင်းသာမက ပြည်ပက ခရီးသွားပြည်သူများ စိတ်ဝင်စားခဲ့ကြပါကြောင်း၊ ပြည်မြို့ရှိ တခြားသောဘုရားစေတီပုထိုးများ၊ ရှေဟောင်းနေရာများ၊ ဧရာဝတီမြစ်နှင့် ပြည်တောင်တန်း၏ လှပသောရှုခင်းများ၊ ပြည်မြို့နှင့် ကိုးမိုင်ခန့်သာကွာဝေးသော ရွှေတောင်ရှိ ရွှေမျက်မှန်ဘုရား၊ ရွှေနတ်တောင်ဘုရား၊ ပန်းတောင်းဘက်ရှိ အကောက်တောင်၊ရွှေဘုံသာမုနိ စသည့် ဘုရားစေတီပုထိုးများကိုလည်း ပြည်တွင်းသာမက ပြည်ပက ခရီးသွားပြည်သူများ စိတ်ဝင်စားကြပါကြောင်း၊

ထို့အပြင် ယခုနှစ်တွင် ဖွင့်လှစ်လိုက်သော ပြည်မြို့မှ ၂၄ မိုင်သာကွာဝေးသော ပေါက်ခေါင်းမြို့နယ်ရှိ Eco Tourism သည်လည်း အမှန်တကယ်အများပြည်သူစိတ်ဝင်စားသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းသည့်နေရာတစ်ခုလည်း ဖြစ်နေသည့်အတွက် ပြည်ခရိုင်သည် ပြည်သူတု့ိ၏လူမှုဘဝတိုးတက်၍ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်အတွက် Tourism ကို ယခုထက်ပိုပြီးတိုးမြှင့်လုပ်ကိုင်နိုင်မည်ဆိုပါက မိမိတို့ ရှေးဟောင်းဒေသအတွင်း ကျရောက်နေသော၊ ပါဝင်နေသော ကျေးရွာ ၁၈ ရွာရှိ ပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းနှင့် အကျိုးစီးပွားသည်လည်း ယခုထက်ပိုပြီး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သင်္ဘောလမ်း၊ မီးရထားလမ်း၊ ကားလမ်းများ ရှိနေသော်လည်း လာရောက်ရသော Travel Time ချုံ့လိုပါကြောင်း၊ လေယာဉ်နှင့်သာလာရောက်ပါက မိနစ် ၃၀ ခန့်နှင့် ရောက်ရှိမည် ဖြစ်သည့်အတွက် ခရီးသွားများယခုထက်ပိုမိုများပြားလာမည် ဖြစ်ပါကြောင်း၊ (၁) လေယာဉ်ကွင်းဟောင်း နေရာကို သက်ဆိုင်ရာဌာနက စွန့်လွှတ်ပေးနိုင်ခြင်းရှိ / မရှိနှင့် (၂) လေယာဉ်ကွင်းအသစ်အတွက် မြေနေရာကို မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ရှေးဟောင်း Trust အဖွဲ့များက နေရာနှစ်ခု ခန့်ကို ကြည့်ထားပြီးဖြစ်သည့်အတွက် လေယာဉ်ကွင်းအသစ်ထပ်မံ ဖွင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြို့ပြလေကြောင်းဌာနက ပြည်လေယာဉ်ကွင်းမှ လေယာဉ်ငယ်များ ဆင်းသက်အသုံးပြုနိုင်ရန်အတွက် အလျား ၃၆၀၀ ပေ၊ အကျယ် ၁၅၀ ပေ ကျောက်ကတ္တရာ လေယာဉ်ပြေးလမ်းကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များတွင် လေယာဉ်ပြေးလမ်းကို စုစုပေါင်းအလျား ၄၅၀၀ ပေအထိ တိုးချဲ့တည်ဆောက်ခဲ့သည့်အတွက် ဖော်ကာ F-27 လေယာဉ်များ အခါအားလျော်စွာ ဆင်းသက်အသုံးပြုခဲ့ပါကြောင်း၊ ပြည်လေယာဉ်ကွင်းတွင် ခရီးသည်တင်လေယာဉ်များ ပုံမှန်ဆင်း/တက်ခြင်း မရှိခဲ့သော်လည်း ယခင်က စင်းလုံးငှားလေယာဉ်ခရီးစဉ်နှင့် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်များကို Fokker-27 အမျိုးအစားလေယာဉ်ဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ စုစုပေါင်း(၅၅)ကြိမ် ဆင်းသက်ခဲ့ပြီး ၎င်းကာလ နောက်ပိုင်း လေယာဉ်ဆင်းသက်မှု မရှိခဲ့ပါကြောင်း၊ ပြည်လေယာဉ်ကွင်းသည် သရေခေတ္တရာ ကာကွယ် ထိန်းသိမ်းထားသောဇုန်(Buffer Zone) အတွင်းတည်ရှိပြီး သရေခေတ္တရာ ပြည်မြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် UNESCO မှ ၂၂-၆-၂၀၁၄ ရက်နေ့တွင် အသိအမှတ်ပြုခဲ့သဖြင့် သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့်နေ့မှစပြီး ပြည်လေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်အသုံးပြုခြင်း၊ တိုးချဲ့ခြင်းကို ခွင့်မပြုခဲ့တော့ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဧကဒသမပုံမှန်အစည်းအဝေးတွင် ပဲခူး တိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ပြည်လေယာဉ်ကွင်းသည် အသုံးပြုခြင်းမရှိသည့်အတွက် ကျူးကျော်တဲများဝင်ရောက်၍ ပျက်စီးနေပါသဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြုပြင်ရန်အစီအစဉ်ရှိ/မရှိ မေးမြန်းချက်နှင့်စပ်လျဉ်းပြီး ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊

အဆိုပါ ကတိကဝတ်အရ ယခင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့် ပြည်လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းကို ပြုပြင်မွမ်းမံ ခြင်းနှင့် လေဆိပ်လုံခြုံရေးခြံစည်းရိုးကာရံခြင်းလုပ်ငန်း များဆောင်ရွက်ခွင့်ပြုရန် ယခင်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ၁-၉-၂၀၁၅ ရက်နေ့တွင် လျှောက်ထားခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာနမှ သရေခေတ္တရာမြို့ဟောင်းသည် ကမ္ဘာ့ အမွေအနှစ်ပျူမြို့ဟောင်းတစ်ခု ဖြစ်သဖြင့် UNESCO ၏ သတ်မှတ်ချက်များအရ ကျူးကျော်မှုမရှိစေရေးအတွက် လုံခြုံရေးခြံစည်းရိုးကာရံခြင်းလုပ်ငန်းကိုသာ ခွင့်ပြုပြီး လေယာဉ်ပြေးလမ်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ခွင့်မပြု ကြောင်း ၂၆-၁၀-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့သည့်အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သော်လည်း မြေယာပြဿနာများကြောင့် ဆောင်ရွက်ရန် လိုအပ်သော စုစုပေါင်း ပေ ၉၇၀၀ အနက် ပေ ၆၆၈၀ ကိုသာ ကာရံနိုင်ခဲ့ပါကြောင်း၊ တင်ပြခဲ့သည့် အကြောင်းအရာများကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်လေယာဉ်ကွင်‌းနေရာကို စွန့်လွှတ်ပေးနိုင်သည့် အနေအထားတွင်မရှိသော်လည်း လေယာဉ်ပြေးလမ်း၏လက်ရှိအခြေအနေမှာကောင်းမွန်ပြီး ပြေးလမ်းမျက်နှာပြင် အချို့နေရာအနည်းငယ်ကို ပြုပြင်မွမ်းမံရန်သာ လိုအပ်လျက်ရှိသဖြင့် လေယာဉ်များ ဆင်းသက်ခွင့်မရှိသော်လည်း နိုင်ငံတော်၏လိုအပ်ချက်အရ ရဟတ်ယာဉ်များ ရံဖန်ရံခါ အရေးပေါ်ဆင်းသက် ရပ်နားရန်အတွက် လတ်တလောကာလတွင် စွန့်လွှတ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ လေယာဉ်ကွင်းအသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းချက် နှင့်စပ်လျဉ်းပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် မြေနေရာရှာဖွေရေး အဖွဲ့ကို ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဖွဲ့စည်းပြီး မြေနေရာရှာဖွေခဲ့ရာ ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ တီတွဒ်ကျေးရွာအနောက်ဘက်တွင် ဂျက်လေယာဉ်ကြီးများဆင်းသက် နိုင်ရန် ရည်ရွယ်၍ လေယာဉ်ပြေးလမ်းအလျားပေ ၁၅၀၀၀ အနံ ၁၄၅၀ ပေ တည်ဆောက်နိုင်မည့် မြေဧရိယာဧက ၅၀၀ ရှာဖွေ၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားသည်ကို သိရှိရပါသော်လည်း လေယာဉ်ကွင်း အသစ်တစ်ကွင်း တည်ဆောက်မည်ဆိုပါက မြေမျက်နှာသွင်ပြင်အနေအထား၊ လေတိုက်နှုန်းနှင့် လားရာအရပ်၊ အတားအဆီးများ၊ လေဆိပ်သို့ ဝင်/ထွက်လမ်းကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားများ၏တောင်းဆိုချက် (Demand)၊ စီးပွားရေးတွက်ခြေကိုက်မှုစသည့် အခြေခံအချက်များအပေါ်မူတည်ပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasibility Study) ပြုလုပ်ပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လိုအပ်သောမြေနေရာကို လွှဲပြောင်းရယူရမည့်စရိတ်များအပါအဝင် လေယာဉ်ကွင်းအသစ်တစ်ခုတည်ဆောက်ရာတွင် နိုင်ငံတော်မှ ရင်းနှီးရမည့် ကုန်ကျစရိတ်အနေဖြင့် အလွန်ကြီးမားပါကြောင်း၊

ထို့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အထောက်အပံ့အကူအညီဖြင့် မြန်မာနိုင်ငံ၏ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း ၃၀ အတွက်မျှော်မှန်း၍ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အပြီးရေးဆွဲခဲ့ပြီး ၄-၁၂-၂၀၁၄ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၂၄/၂၀၁၄) က အတည်ပြုထားသော အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း(National Transport Master Plan)၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ပြည်လေယာဉ်ကွင်း သစ်ဖောက်လုပ်ရန် ပါဝင်ခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်လေယာဉ်ကွင်းနေရာကို နိုင်ငံတော်က အရေးပေါ် အသုံးပြုရန် လိုအပ်ချက်မရှိတော့သည့်အချိန်တွင် ဌာနပိုင်မြေအဖြစ်မှစွန့်လွှတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ပါကြောင်းနှင့် ပြည်လေယာဉ်ကွင်းသစ်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။