မေးခွန်း အကြောင်းအရာ
ဘီးလင်းသကြားစက်သည် စက်မှု(၁)ဝန်ကြီးဌာန အပိုင်ဖြစ်ပါကြောင်း၊ ဘီးလင်းသကြားစက်၏ စက်ရုံမြေကြီး သည် ၁၀၅ ဧကကျော်ရှိပြီး ကြံစိုက်ဧက ၁၃၂၅ ဧကကျော်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ၉ လပိုင်းတွင် ဘီးလင်းသကြားစက်ကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သို့ ၁၀ နှစ် ငှားရမ်းခဲ့ပါ ကြောင်း၊ သို့သော် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သည် တစ်နှစ်သာလည်ပြီး ၂ နှစ်ကို အကြီး စားပြင်ဆင်မည်ဆိုပြီး နောက်ဆုံးမပြင်ဆင်ဘဲနှင့် ပြန်အပ်လိုက်ပါကြောင်း၊ ၂၀၁၄ နှစ်တွင် Unnovation Group Public Co.,Ltd သ့ို ထပ်မံငှားရမ်းခဲ့ပါကြောင်း၊ ထပ်ငှားသည့် နှစ်ပေါင်း (၂၅+ ၅+၅)နှစ်ဖြစ်ပါကြောင်း၊ ငှားရမ်းခတစ်နှစ်ကို သန်း ၅၀ ဖြစ်ပါကြောင်း၊ ၎င်းကုမ္ပဏီစပြီး အလုပ် သည့်အချိန်တွင် ဝန်ထမ်းများကို လစာမပေးနိုင်ပါကြောင်း၊ ဒေသခံတောင်သူများ၏ ကြံကိုကုမ္ပဏီကမဝယ်ပေးသည့်အတွက် ကြံစိုက်တောင်သူများ ဒုက္ခရောက်ခဲ့ပါကြောင်း၊ နိုင်ငံတော်ကို လျှပ်စစ်အခတောင် မပေးသွင်းနိုင်ခဲ့ပါကြောင်း၊ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကို ငှားရမ်းစဉ်အခါက ၁၀ နှစ်ငှားရမ်းသည်ဟု သိရှိရပါကြောင်း၊ သို့သော်ဈေးနှုန်းမသိရပါကြောင်း၊ အခု AGT တွင် ဒေသခံဝန်ထမ်းများ၊ ကြံတောင်သူနှင့် နိုင်ငံတော်၏ လျှပ်စစ်ပါ ဆုံးရှုံးသည့်အတွက်၎င်းနှင့် ပတ်သက်၍ ချုပ်ဆိုထားသည့်စာရွက်စာတမ်းများရှိခဲ့ခြင်းရှိမရှိနှင့် ရှိခဲ့ပါက် ၎င်းစာချုပ်အတိုင်း အရေးယူခဲ့ခြင်းရှိ/မရှိကို မိမိတို့ မသိရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ၁၁ လပိုင်းတွင် Super One Dragon Co.,Ltd.သ့ို ယခု သကြားစက်ကို (၂၅+၅+၅)နှစ် နှင့်ငှားရမ်းခဲ့ပါကြောင်း၊ တစ်နှစ်ငှားရမ်းခမှ ၂၅ သန်း ဖြစ်ပါကြောင်း၊ ၎င်းစက်ရုံတွင် ရေသန့်စက်ထောင်ပါပြီး ဝန်ထမ်းအိမ်ရာတန်းလျားတွင် Mini Market တစ်ခု ထပ်ပြီးတွေ့ရသည့်အတွက် မိမိတို့ ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ို့ စီမံအဖွဲ့မှ စက်မှုဝန်ကြီးဌာနကို ခေါ်ပြီး စက်ရုံတာဝန်ခံကို ခေါ်သည့်အခါတွင် ၎င်းက Super One Co.,Ltd. သူဌေးများကို ခေါ်ပေးပြီး မိမိတို့ အစည်းအဝေးပွဲလုပ်ပါကြောင်း၊ လုပ်သည့်အခါ မည်ကဲ့သ့ို အစီအစဉ် ရှိသည်ကိုမေးသည့်အခါ ၎င်းတို့က တန် ၂၀၀ စက်ကို ဆက်ပြီးလုပ်မည်ဟု ပြောခဲ့သော် လည်း ယနေ့အချိန်အထိ စက်ရုံဆောက်သည်ကို မတွေ့ရှိခဲ့ရပါကြောင်း၊
၎င်း Super Market များ မည်သည့်အတွက် မလုပ်သည်ကို မသိရသည့်အတွက် စာချုပ်တွင် ပါ/မပါ ကိုသိလိုသည့်အတွက် တောင်းသည့်အခါ ယခုအချိန်အထိ လုံးဝမသိရှိရပါကြောင်း၊ အကြောင်းလဲ လုံးဝမပြန်ပါကြောင်း၊ ယခုအခါ သကြားစက်ကို တည်နေတယ်ဆိုသည့် သတင်း ကိုကြားရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သကြားစက်ကို ကုမ္ပဏီများကို ငှားသည့်နေရာတွင် ကုမ္ပဏီနှင့်သဘောတူ စာချုပ်ချုပ်လိုက်ပြီး ငှားလိုက်ပါကြောင်း၊ စောစောကလို ကြံတောင်သူများ စိုက်ပြီးသည့်အခါ ပြန်မဝယ်သည့်အတွက် ဒေသခံများမှတကယ်ဆုံးရှုံးခဲ့ရပါကြောင်း၊ ယုံကြည်မှုတစ်ခါ ပျက်ပြားပြီး ဖြစ်ပါကြောင်း၊ ယခု ဒုတိယတစ်ခါဖြစ်သည့်အတွက် ထပ်မံပျက်ပြားသွားမည်ကို စိုးရိမ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီနှင့် စာချုပ်ချုပ်သည့်နေရာတွင် မည်သည့်ပုံစံမျိုး နှင့်ချုပ်ထား သည်ကို မိမိတို့ သိလိုပါကြောင်း၊ ၎င်းစာချုပ်အောင်မြင်မည်ဆိုပါက ဒေသခံများ အတွက် ကောင်း သော်လည်း မအောင်မြင်ဘူးဆိုရင် ထပ်ပြီး နစ်နာမှုများဖြစ်နေမည်ဖြစ်ပါကြောင်း၊ အောင်မြင်အောင် လုပ်ရမည်လား၊ ကန့်ကွက်ရမည်လားဆိုသည်ကို စာချုပ်မသိသည့်အတွက် မိမိတို့ ကိုယ်တိုင်လည်း မသိဖြစ်နေပါကြောင်း ထို့ကြောင့် ၎င်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာချပြနိုင်ခြင်းရှိမရှိကို သိလိုပါ ကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဘီးလင်းသကြားစက်ရုံကို ၁၉၉၆ ခုနှစ်တွင် စတင်လည်ပတ်ပြီး ထုတ်လုပ်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သကြားစက်ရုံ၏ထုတ်လုပ်မှု သက်တမ်းကြာမြင့်လာတာနှင့်အမျှ အထွက်နှုန်းကျဆင်းခြင်း၊ မကြာခဏ စက်ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၈၃-၈၄ ခုနှစ်တွင် အကြီးစားမွမ်းမံပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် ဘီးလင်းသကြားစက်ရုံနှင့် နောင်ရိုးကြံစိုက်ကွင်းမြေ ၁၃၂၅.၀၆ ဧက ကို Super One Dragon Co.Ltd သို့ တစ်နှစ်လျှင် ငှားရမ်းခငွေ ကျပ် ၂၅ သန်း၊ သက်တမ်း (၂၅+၅+၅)နှစ်ဖြင့် ၁-၁၁-၂၀၁၅ ရက်နေ့မှ စတင်ပြီး ငှားရမ်းစာချုပ်ချုပ်ဆိုဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ၂၀၁၅-၁၆ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် တောင်သူများမှ ၇၅ ဧက၊ နောင်ရိုးကြံစိုက်ကွင်းမှ ဧက ၂၀ စုစုပေါင်း ၉၅ ဧကစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင်ည ကြံစိုက်ပျိုးသည့်ကျေးရွာ ၁၅ ရွာရှိပြီး ကြံစိုက်ခင်းသစ်များအပါအဝင် ၃၅၀ ဧကခန့်နှင့် စက်ရုံပိုင်နောင်ရိုးကြံစိုက်ကွင်းတွင် ၁၅၀ ဧက ၊ စုစုပေါင်း ၅၀၀ ဧကစိုက်ပျိုးထားရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ၂၀၁၆-၁၇ ခုနှစ်၊ ကြံစိုက်ပျိုးရာသီအတွက် ကြံစိုက်ကျေးရွာ ၁၅ ရွာမှ တောင်သူဦးကြီး ၁၃၈ ဦးကို တစ်ဧကလျှင် ငွေ ၂၃၉၀၀၀ ကျပ်နှုန်းဖြင့် စာချုပ်ချုပ်ဆို၍ ကြိုတင်စိုက်စရိတ်ထုတ်ပေးခဲ့ရာ ထွန်ယက်ရေးလုပ်ငန်းအတွက် ပံ့ပိုးငွေ ၉.၇၂၁ ကျပ်သန်း ဓာတ်မြေသြဇာပံ့ပိုးငွေ ၅.၆၁၀ ကျပ်သန်း၊ မျိုးကြံပံ့ပိုးငွေ ၃၇.၉၅၂ ကျပ်သန်း စုစုပေါင်းငွေ ၅၃.၂၈၃ ကျပ်သန်းကို ပံ့ပိုးစိုက်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကြံစိုက်ဧကများမှ ထွက်ရှိ လာသည့်ကြံများ အားလုံးကို စက်ရုံကဝယ်ယူရန် ကြံတောင်သူများနဲ့ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ် ဆိုထားရှိပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ကြံစိုက်ပျိုးဧကများ ပိုမိုတိုးမြှင့် ရရှိရေးအတွက် Contract Farming စနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ လာမည့် ၂၀၁၇-၁၈ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် ကြံတောင်သူများမှ ၅၀၀ ဧက၊ နောင်ရိုးကြံစိုက်ကွင်းမှ ၅၀၀ ဧက၊ စုစုပေါင်း ဧက ၁၀၀၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဘီးလင်းသကြားစက်ရုံတွင် စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်မည်ဆိုပါက တစ်ရက်ကိုကြံတန်ချိန် ၁၅၀၀ တန်လိုအပ်ပြီး တစ်ရာသီ ပျမ်းမျှကြံတန်ချိန် လိုအပ်ချက်မှာ ၁၅၀၀၀၀ တန် ဖြစ်ပါကြောင်း၊ အဆိုပါကြံတန်ချိန် ရရှိရေးအတွက် ကြံစိုက်ဧက ၁၀၀၀၀ ခန့်လိုအပ်မည်ဖြစ်ပြီး လက်ရှိဘီးလင်း၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်များတွင် ကြံစိုက်ပျိုးနိုင်သောမြေဧရိယာ ၄၀၀၀၀ ဧကခန့်ရှိပါကြောင်း၊
Super One Dragon Co.Ltd အနေဖြင့် ဘီးလင်းသကြားစက်ရုံလည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် ဒေသခံ ကြံတောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် လက်ရှိကြံစိုက်ပျိုးထုတ်လုပ်ရရှိနိုင်မှုအပေါ် မူတည်ပြီး တစ်ရက်ကို တန် ၃၀၀ ကြိတ်ဝါးထုတ်လုပ်နိုင်သည့် သကြားစက်ငယ်တည်ဆောက်ရေးအား ပထမအဆင့်အဖြစ် ဆောင်ရွက်လျက်ရှိပြီး Super Mill Section အတွက် စက် ၁၆ မျိုး၊ Juice Section အတွက် စက် ၂၁ မျိုး၊ Pan Section အတွက် စက် ၂၁ မျိုး၊ Centrifugal Section အတွက် စက် ၁၁ မျိုးတို့ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူတင်သွင်းရန် စာချုပ်ချုပ်ဆို ဆောင်ရွက် လျက်ရှိပါကြောင်း၊ Time Schedule အရ ၂၀၁၇ ခုနှစ် အောက်တိုဘာလလယ်တွင် စက်စတင် တပ်ဆင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စက်တပ်ဆင်ပြီးစီးပြီး တတိယပတ်မှာ စက်စမ်းသပ်လည်ပတ်မည် ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ကြံရာသီနှစ်တွင် တစ်ရက်ကို တန် ၃၀၀ ကျ သကြားစက်ငယ်ကို စမ်းသပ်လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ကြံရာသီစက် လည်ပတ် ချိန်တွင် ဝန်ထမ်း ၅၀ ဦးခန့် ထပ်မံခန့်ထားမည်ဖြစ်ပါကြောင်း၊
ဒုတိယအဆင့်အနေဖြင့် ကြံစိုက်ဧရိယာတိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်သည့်နည်းတူစက်ရုံကို စက် စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရန် စက်ပစ္စည်းများကို အကြီးစားပြင်ဆင်ဆောင်ရွက်နိုင်ရန် အတွက် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ သကြားစက်ကျွမ်းကျင်ပညာရှင်များအဖွဲ့များနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များပူပေါင်း၍ အကြိမ်ကြိမ်ကွင်းဆင်းစစ်ဆေးပြီး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံလောက်သည့် ကြံစိုက်ဧရိယာ အပြည့်အဝရရှိပါက တစ်ရက်လျှင် တန် ၁၅၀၀ ကျပ် သကြားစက်ရုံအဖြစ် စက်စွမ်းအားပြည့် ပြန်လည်ပတ်ထုတ်လုပ် သွားမည်ဖြစ်ပါ ကြောင်း၊ စက်မှုဝန်ကြီးဌာနပိုင် ဘီးလင်းသကြားစက်ရုံကို ငှားရမ်းဆောင်ရွက်လျက်ရှိသည့် Super One Dragon Co.,Ltd အနေဖြင့် ပထမအဆင့်ကို ၂၀၁၇-၁၈ ခုနှစ်တွင် ဒေသခံကြံစိုက်တောင်သူများ အဆင်ပြေနိုင်ရေးအတွက် တစ်ရက်ကို တန် ၃၀၀ ကျ သကြားစက်ရုံငယ် လည်ပတ် ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် တန် ၁၅၀၀ ကျ သကြားစက်ကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများကို ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပြင်ဆင်မွမ်းမံရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးတင်ကိုကိုဦး(ဘီးလင်းမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စာချုပ်ကိစ္စ၊ Mini Market ဖွင့်ထားခြင်းနှင့် ရေသန့်စက်လုပ်ခြင်းများအတွက် ၎င်းစာချပ်ထဲတွင် မည်ကဲ့သို့ချုပ်ဆိုထားသည်နှင့် ဒေသခံအုပ်ချုပ်ရေးနှင့် ကိုယ်စားလှယ်များပါ မသိထားသည့်အခါ မိမိ့ ဒေသမှ ကြံတောင်သူများကို ဖွံ့ဖြိုးအောင်အားပေးရမည်လား သို့မဟုတ် နောက်တစ်ခါ မနစ်နာ အောင် ရပ်ဆိုင်းခိုင်းရမည်လား ဆိုသည်ကို အတိအကျမသိရပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာ ဖြစ်ရန် လိုအပ်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် စာချုပ်စာတမ်းများနှင့်ပတ်သက်၍ချပြရန် အစီအစဉ်ရှိ /မရှိ ကို သိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
မိမိတို့အနေဖြင့် စာချုပ်စာတမ်းများကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် အဆင်သင့်ရှိပါကြောင်း ယခု စာချုပ်သည် ယခင်က ချုပ်ဆိုခဲ့သောစာချုပ်ဖြစ်သော်လည်း စာချုပ်စာတမ်းသဘောတရားအရ မူလ ရည်မှန်းချက်ဖြစ်သော သကြားစက်လည်ပတ်ရေးသည် အဓိကဖြစ်ပါကြောင်း၊ အခြားနည်းလမ်းများကို ပြောင်းလဲသုံးစွဲမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနဖြင့် ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြားနည်းလမ်းများကို သုံးစွဲထားခြင်းများ ရှိနိုင်ပါကြောင်း ရှိသည့်အခါတွင်လည်း ၎င်းနည်းလမ်းများကို ထိုက်သင့်သောအကျိုးကျေးဇူး ရရှိရန် အတွက် စာချုပ်စာတမ်းတွင် ပါဝင်သည့်အတိုင်း အတိအကျလိုက်နာပြီး ကျသင့်ငွေများကို ပေးသွင်း ခံစားခွင့်ပြုရမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စိတ်စနိုးစနောင့်ဖြစ်စရာ အကြောင်း မရှိပါကြောင်း၊ ယခု မိမိတို့ ၎င်းစက်ရုံကြီးကို ယခင် ပြင်ဆင်မွမ်းမံခဲ့သော နည်းစနစ်များနှင့် မတူဘဲ ယခုအခါအမှန်တကယ်ကျွမ်းကျင်သူ နိုင်ငံခြားသားပညာရှင်များနှင့် ပြည်တွင်းပညာရှင်များပူးပေါင်း ဆောင်ရွက်သည့်အတွက် တစ်နှစ်တန် ၁၅၀၀ ကျ သကြားစက်ရုံကြီးကို စွမ်းအားပြည် လည်ပတ် နိုင်တော့မည်ဖြစ်ပါကြောင်း၊ ၎င်းစွမ်းအားပြည့် မလည်ပတ်နိုင်မီကာလအတွင်း ပုံမှန် လုပ်ငန်းငယ်များ စတင်နိုင်ရန်အတွက် တန် ၃၀၀ ကျ စက်ရုံကို စတင်လည်ပတ်ခြင်းဖြစ်ပါကြောင်း၊ အလားတူ ၎င်းလုပ်ငန်းနှင့်တဆက်တစပ်တည်းဖြစ်သော ပုံကြမ်းပေးသွင်းရန်အတွက် ကြံစိုက် တောင်သူများ လိုအပ်သော စိုက်ပျိုးစရိတ်များ၊ ဓာတ်မြေသြဇာများ၊ ကြိုတင်ချေးငွေများကိုလည်း ပံ့ပိုးထောက်ပံ့ ထားပြီးဖြစ်သည့်အတွက် ဒေသခံတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမို ကောင်းမွန် လာတော့မည်ဖြစ်ပြီး စာချုပ်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ပြည်သူများကို ချပြနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
