မေးခွန်း အကြောင်းအရာ
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် လူမှုဘဝရပ်တည်ရေးအတွက် အများစုသည် ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းများတွင် လုပ်ကိုင်ခြင်းဖြင့် ရပ်တည်နေရပါကြောင်း၊ မြန်မာနိုင်ငံတွင် ၉၉ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများသည် SME များဖြစ်ပြီး ၎င်း SME များအောင်မြင်မှ နိုင်ငံ၏စီးပွားရေးအောင်မြင်လာနိုင် လိမ့်မည် ဖြစ်သည့်အတွက် SME များအား အစိုးရကမဖြစ်မနေမြှင့်တင်ပေးရမည့်တာဝန်ရှိပါကြောင်း ထို့အပြင် အသေးစား၊ အလတ်စား လုပ်ငန်းများသည် မြို့တွင်သာမကကျေးလက်တွင်ပါ ဆောင်ရွက်နိုင်သောလုပ်ငန်းများ ဖြစ်သော်လည်း ယခုအခါ မြို့ငယ်များနှင့်ကျေးလက်များတွင်လုပ်ကိုင်လျက်ရှိသော အဆိုပါလုပ်ငန်းများမှရငွေနှင့် မိသားစုဘဝရပ်တည်မှုအတွက်သုံးရငွေများသည် နှစ်ရှည်လများမကိုက်ညီမှုကြောင့် အရင်းအနှီးနှင့်နည်းပညာ အတွက်မသုံးစွဲနိုင်သောအခြေအနေများ ကြုံတွေ့နေရပါကြောင်း၊
SME လုပ်ငန်းများကို ပံ့ပိုးကူညီမှသာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုကိုလည်း တစ်ပြိုင်နက်တည်းဖြေရှင်းရာ ရောက်မည် ဖြစ်ပါကြောင်း၊ SME များသည် တီထွင်ကြံဆမှု၊ အသစ်ဖန်တီးပြုလုပ်မှု၊ ဆန်းသစ်မှုများ အများဆုံးလုပ်ဆောင်နေသည့်အပြင် မြန်မာနိုင်ငံ ရှိကဏ္ဍတိုင်းတွင် SME များသာ အများဆုံးပါဝင် လုပ်ဆောင်နေသည့်အတွက် SME များဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင်အပြည့်အဝဖန်တီးမှု၊ ထုတ်လုပ်မှုသွင်းအားစုများ အပြည့်အဝအသုံးချနိုင်မှု၊ SME များ၏ စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားမှုတို့ကို ဖော်ဆောင်နိုင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်သာမက ဆင်းရဲမှုလျှော့ချရေးကိုပါ ထိရောက်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများသည် နည်းပညာအသစ်များကို ဆန်းသစ်တီထွင်သည့်နေရာတွင် အခြားလုပ်ငန်းများထက် လျင်မြန်သွက်လက်စွာ တုံ့ပြန်နိုင်သည့်အတွက် ဈေးကွက်လိုအပ်ချက်များ၊ ပစ္စည်းများအား အမြန်ဆုံးဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူမှုစီးပွားဘဝတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ရရှိလာမည်ဖြစ်ပါကြောင်း၊
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမူဝါဒနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ကဏ္ဍအသီးသီးရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဒေသအတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်သွားနိုင်ရန်မျှော်မှန်းခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်းများသည် ယိုင်နဲ့နှောင့်နှေးရပ်ဆိုင်းလုမတက် ဖြစ်နေရပါကြောင်း၊ အာမခံအပေါင်ပစ္စည်းကို ဦးစားမပေးသော Business Plan ကောင်းစွာရေးဆွဲနိုင်မှုအပေါ်မူတည်သော ချေးငွေအာမခံစနစ်ကို ဆောင်ရွက်နေသော်လည်း ထိရောက်သည့်ဆောင်ရွက်ချက်မျိုးဖြစ်မလာဘဲ လက်သင့်ရာ စားတော်ခေါ်ခြင်းများသာ ရှိနေကြပါကြောင်း၊
SME လုပ်ငန်းလုပ်လိုသောသူများအတွက် ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု ရှိရန်၊ ဈေးကွက်ရရှိရန်လိုအပ်ပါကြောင်း၊ အသေးစားနှင့်အလတ်စား စက်ရုံ၊ အလုပ်ရုံများ အများဆုံးရင်ဆိုင် တွေ့ကြုံနေရသောအခက်အခဲများဖြစ်သည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ကုန်ကြမ်းနှင့်စက်ကရိယာပစ္စည်းများ ပြတ်လပ်မှု၊ သတင်းအချက်အလက်မပြည့်စုံမှု၊ ရန်ပုံငွေရရှိရန်အခက်အခဲရှိမှု၊ ပို့ကုန်/သွင်းကုန်လုပ်ထုံးလုပ်နည်းများ အခက်အခဲရှိမှုတို့ကို ဖြေလျှော့စေရန်အတွက်ဆောင်ရွက်ပေးရန် လိုအပ်လှပါကြောင်း၊ SME ချေးငွေဖြင့်ဖွံ့ဖြိုးရေး အတွက် ၎င်းထက်ပိုမိုကျယ်ပြန့်သော မဟာဗျူဟာကိုလည်းဖော်ထုတ်သင့်ပါကြောင်း၊ စက်မှုဝန်ကြီးလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကသာ ကိုင်တွယ်ပြီး စက်မှုကဏ္ဍကိုသာ ဦးစားပေးနေသည့်အတွက် ကျန် SME လုပ်ငန်းများဖြစ်သော ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက် အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုများ ကျဆင်းပြီး ပြည်ပက တင်သွင်းလာသော ကုန်ပစ္စည်းများနှင့် မယှဉ်ပြိုင်နိုင်သည့်အတွက် SME လုပ်ငန်းအများစုသည် ရုန်းကန်နေရပြီး တချို့သည်ပိတ်သိမ်းရမည့် အခြေအနေထိဖြစ်ပေါ်နေပါကြောင်း၊ SME ချေးငွေများကို ပြည်ပကထောက်ပံ့ကူညီ ပေးနေသော်လည်း ပမာဏနည်းနေပြီး အမှန်တကယ်အလားအလာရှိသော လုပ်ငန်းများကိုကူညီဆောင်ရွက်ပေးစေ လိုပါကြောင်း၊ စက်မှုလုပ်ငန်းများနှင့် လုပ်ငန်းအဟောင်းများကိုသာ ဦးစားပေးနေသည့်အတွက် လုပ်ငန်းအသစ် များကိုလည်း ဦးစားပေးသင့်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍပိုမိုဖွံ့ဖြိုးလာရေးအတွက် SME လုပ်ငန်းများ တိုးတက်လာရေး တို့ကို အထောက်အကူပြုစေနိုင်ရန် ငွေကြေးဈေးကွက်ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်လည်း အထူးလိုအပ်ပါကြောင်း၊ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများအနေဖြင့် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကို သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးရန်နှင့် ချေးငွေပမာဏတိုးတက်လာစေရန် ၎င်းချေးငွေများကိုလည်း လုပ်ငန်းအားလုံးသို့ ဝင်ရောက်လာစေရေးအတွက် ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်း (SME) များ ယိုင်နဲ့ရပ်ဆိုင်းနှောင့်နှေးခြင်း များ မဖြစ်ပေါ်စေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန်အတွက် လိုအပ်ချက်အရပ်ရပ်ကိုပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်များကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ အဓိကလိုအပ်ချက်ဖြစ်သော နည်းပညာနှင့် ငွေကြေးအရင်းအနှီး ရရှိရေးကို ဦးစားပေးပံံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ SME လုပ်ငန်းရှင်များအား နည်းပညာ ဖြန့်ဖြူးပေးခြင်း၊ နိုင်ငံတကာဈေးကွက်ဝင်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် ပြည်တွင်းပြည်ပအကူအညီများ ရယူပြီး ဆောင်ရွက်ပေးခြင်း၊ နည်းပညာဆိုင်ရာအသိပညာပေးခြင်း၊ မျှဝေခြင်းနှင့်တီထွင်ဖန်တီးမှုဆိုင်ရာ အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းရှိ စီးပွားရေးကွန်ရက်အတွင်း တီထွင် ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများမြင့်မားလာပြီး ကဏ္ဍအသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်စေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊
SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနီးကပ်ဝန်ဆောင်မှုပေးနိုင်ရန် ၂၀၁၄ ခုနှစ်မှစတင်ပြီး ပြည်နယ် နှင့်တိုင်းဒေသကြီးများတွင် SME ရုံးခွဲပေါင်း ၅၃ ရုံးဖွင့်လှစ်ခဲ့ပါကြောင်း၊ မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင် လုပ်ကိုင်လျက်ရှိသော SME လုပ်ငန်းများ၏ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝင်အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းသာမက ပြည်ပဈေးကွက်ရရှိစေရန်၊ သုံးစွဲသူလိုအပ်ချက်များကိုနားလည်ပြီး တီထွင်ဖန်တီးတတ်စေရန် အတွက် နည်းပညာဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး၊ ငွေကြေးထောက်ပံ့မှုနှင့် ဘဏ်များမှ ချေးငွေရရှိရေး ဝန်ဆောင်မှုပေးခြင်း၊ သတင်းအချက်အလက်များ စုစည်းထိန်းသိမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းတူအစုအဖွဲ့များဖြစ်ပေါ်ရေးတို့ကို အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နည်းပညာဆိုင်ရာလွှဲပြောင်းပေးမှု ၃၈ ခုအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေး အထောက်အကူပြု Program ၁၂၅၃ ခုကို SME လုပ်ငန်းရှင် ၂၉၁၈၄ ဦးတို့အား လက်တွေ့ထုတ်လုပ်မှု နည်းပညာများနှင့် စီးပွားရေးလုပ်ငန်းအထောက်အကူပြု စီမံခန့်ခွဲမှုနည်းပညာများထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပညာလွှဲပြောင်းပေးမှုတွင် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး စားသောက်ကုန်အခြေခံလုပ်ငန်းငယ်များ၏ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော မုန့်ဖတ်ခြောက်၊ ဆပ်ပြာ၊ အုန်းသီး Jelly၊ ပိန္နဲသီးခြောက်၊ ဟင်းသီးဟင်းရွက် ဟင်းခတ်မှုန့်၊ သရက်သီးမှ Value Added ထုတ်လုပ်ခြင်း၊ ခေါက်ဆွဲ၊ ပဲနို့၊ ဆားချော၊ စိုက်ပျိုးရေး အခြေခံလုပ်ငန်းများဖြစ်သော လက်ဖက်၊ ကော်ဖီ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်၊ စပျစ်သီး၊ ဆန်စပါး၊ ဆီထွက်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းငယ်များဖြစ်သော အရည်ကျို သွန်းလောင်းခြင်း၊ အသေးစားအင်ဂျင်ပြုပြင်ခြင်း၊ စဉ့်ထည်ထုတ်လုပ်မှုစသည့် နည်းပညာများကို ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊
ဂျာမနီနိုင်ငံ GIZ အဖွဲ့နှင့်ပူးပေါင်းပြီး လက်ဖက်ခြောက်ထုတ်လုပ်မှုနည်းပညာရယူနိုင်ခဲ့သော ရှမ်းပြည်နယ်၊ ပင်းတယရှိ ရွာငံအပါအဝင် ရွာငါးရွာမှထွက်ရှိသော လက်ဖက်ခြောက်ကို ဂျာမနီဈေးကွက်သို့တင်ပို့လျက်ရှိပြီး နိုင်ငံခြားဝင်ငွေများရရှိပြီဖြစ်သည့်အပြင် စွန့်ဦးတီထွင်လုပ်ငန်းများ SME များမှ တောင်းဆိုထားသော စပျစ်၊ ကော်ဖီ၊ သရက်သီး၊ ဂျင်း၊ ဝါးလက်မှုလုပ်ငန်း၊ ပဲမျိုးစုံ၊ သစ်သီးဝလံ ပန်းမန်များ၏ Value Added ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများ၊ Macadamia ခေါ် အာဟာရဓာတ်ကြွယ်ဝသော အခွံမာသီးစိုက်ပျိုးခြင်းနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပံ့ပိုးပေးမှုများကို ဆက်လက်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် SME ချေးငွေရရှိရန် ချေးငွေထုတ်ချေးပေးသော ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းထောက်ခံချက်ထုတ်ပေးခြင်း၊ ချေးငွေလျှောက်ထားရာတွင် တင်ပြရမည့် Business Plan ရေးဆွဲနိုင်ရန် သင်တန်းများပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သမဝါယမဘဏ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်နိုင်ငံ Sumitomo Mitsui Banks Corporation(SMBC) တို့နှင့်ပူးပေါင်းပြီး အလားအလာရှိသော SME များကို Credit Guarantee Insurance (CGI) စနစ်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှစတင်ပြီး အပေါင်ပစ္စည်းမဲ့ချေးငွေထုတ်ချေးခဲ့ရာတွင် ၂၀၁၇ ခုနှစ် မေလအထိ SME လုပ်ငန်းရှင် ၅၁ ဦးကို မြန်မာငွေကျပ် ၆၇၉.၅ သန်းပံ့ပိုးခဲ့ပြီး ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သော JICA Two Step Program အရ ချေးငွေများကို သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်စသည့် ဘဏ် ၆ ခုတို့မှ လုပ်ငန်းရှင် ၁၈၆ ဦးတို့အား မြန်မာကျပ်ငွေ ၄၂ ဘီလီယံခန့်ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသော ဂျပန်ယန်းငွေ ၁၃၁၉ သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၆ ဘီလီယံခန့်ကို ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းတွင် ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ပါကြောင်း၊
ထို့အပြင် ဂျာမနီနိုင်ငံအစိုးရက ယူရိုငွေ ၄.၄၅ သန်း (မြန်မာငွေကျပ် ၆.၈ ဘီလီယံ) ကို ဂျာမနီနိုင်ငံ အခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ်တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို တစ်ဦးလျှင်အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ ချေးငွေများထုတ်ချေးပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ အပေါင်ပစ္စည်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင်သူများကိုလည်း လုပ်ငန်းခိုင်မာမှုရှိပါက ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း သိရှိရပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းအသေးစား၊ အလတ်စားစက်မှုလုပ်ငန်း (SME)များ ယိုင်နဲ့ရပ်ဆိုင်း နှောင့်နှေးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာမှုစေရန်အတွက် အဓိကလိုအပ်ချက်များကို စတင်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စက်မှုကဏ္ဍအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် အခြား SME လုပ်ငန်းများကိုပါ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် SME များရှင်သန်ရပ်တည်နိုင်သော ပတ်ဝန်းကျင်ကောင်း Enabling Environment ဖြစ်ပေါ်စေရေးအတွက် နည်းပညာ၊ ငွေကြေးအရင်းအနှီးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လုပ်ငန်းစဉ်များချမှတ်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ချိုချို(အုတ်တွင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်များတွင် ယခု SME များဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအထောက် အပံ့များပေးသကဲ့သို့ နည်းပညာပံ့ပိုးမှုများလည်းပေးသည်ဟု ဖြေကြားထားပါကြောင်း။ ၂၀၁၆ ခုနှစ်ကစတင်ပြီး လုပ်ငန်းရှင်များကို ငွေကြေးများထောက်ပံ့သကဲ့သို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်ပြီး လုပ်ငန်းရှင်များကို ငွေကြေးများ ထောက်ပံ့မည်ကို သိရှိရသော်လည်း လက်ရှိမြေပြင်အခြေအနေတွင် ၉၉ ရာခိုင်နှုန်းရှိသော SME လုပ်ငန်းများကို ထိရောက်စွာ နည်းပညာများ၊ ငွေကြေးအရင်းအနှီးများရရှိရန် အလွန်နှောင့်နှေးနေပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေတွင် လုပ်ငန်းရှင်ကြီးများကသာ လက်ဝါးကြီးအုပ်ပြီး မြို့ငယ်လေးများ တွင် အမှန်တကယ်အလုပ်လုပ်နေကြသော အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် SME ချေးငွေ လုံးဝမရရှိပါကြောင်း၊ ဥပမာ- ဆန်စက်အလတ်စားလုပ်ငန်းရှင်များအနေဖြင့် SME ချေးငွေလုံးဝမရရှိသည့်အတွက် ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ပြီး ချေးငွေရယူလုပ်ကိုင်သည့်နေရာတွင် အခက်အခဲများစွာရှိသကဲ့သို့ ကျန်သည့် ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် အိမ်တွင်းမှုလုပ်ငန်းများအတွက် ဘဏ်ချေးငွေရရှိရန်အတွက် လွန်စွာခက်ခဲ နေပါကြောင်း၊ ပဲခူးတိုင်းအတွင်း ဥပမာအနေဖြင့် ဘဏ္ဍာနှစ်တစ်နှစ်အတွက် SME ချေးငွေကို သတ်မှတ်ပြီး ချေးသော်လည်း အမှန်တကယ်လုပ်ငန်းရှင်များလက်ထဲကို မရောက်ရှိသည့်အတွက် SME လုပ်ငန်းကို လုပ်ဆောင် နေသူများ၏လက်ဝယ်ကို ငွေကြေးအရင်းအနှီးများ၊ နည်းပညာများကို ထိရောက်စွာရရှိရေးအတွက် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ယခုတင်ပြဆွေးနွေးချက်အရ SME လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် မရှိမဖြစ်အလွန် လိုအပ်သည်မှာ ထင်ရှားပါကြောင်း၊ ၉၉ ရာခိုင်နှုန်းကျော်ရှိသော SME လုပ်ငန်းများက နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုနေသည်မှာလည်း ထင်ရှားစွာ တွေ့မြင်နိုင်ပါကြောင်း၊ အဓိကကျသော လိုအပ်ချက်သည် SME များအောင်မြင်ရန်အတွက် အဓိကကျသော နည်းပညာအထောက်အပံ့အပြင် ငွေကြေးကအလွန်လိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ငွေကြေးထောက်ပံ့ရန်အတွက် ယခုအစိုးရသစ်လက်ထက်တွင် မူအသစ်ဖြင့် စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ ၎င်းမူက ငွေကြေးချေးရန်အတွက် လျှောက်လွှာတင်သည့်အခါ တင်ပြပါအချက်အလက် များသည် ပြည့်စုံမှုရှိရန်လိုအပ်ပါကြောင်း၊ ယခင်ခေတ်များက နီးစပ်ရာများမှတစ်ဆင့် သက်ဆိုင်ရာများကို တဖြည်းဖြည်းချင်းသာ ရောက်ရှိသွားသည့်အတွက် အမှန်တကယ်လိုအပ်သောသူများကို အခက်အခဲများစွာ ရှိခဲ့ပါကြောင်း၊ အကြောင်းအရင်းက Business Plan မိမိတို့ဆောင်ရွက်မည့်လုပ်ငန်း၏ Plan ကိုချမှတ်နိုင်စွမ်း၊ တင်ပြနိုင်စွမ်းမရှိခြင်းတို့ကြောင့်အပြင် ပံ့ပိုးပေးသောအဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်ရန် လိုအပ်နေ ပါကြောင်း၊ အခက်အခဲများမရှိရန်အတွက် ယခုအစိုးရသစ်လက်ထက်တွင် SME ဗဟိုကော်မတီမှတစ်ဆင့် ဖွဲ့စည်းထားသော ဘဏ်များအားလုံးဖြင့် ချိတ်ဆက်ပြီးသည့်အခါ နိုင်ငံတကာမှဘဏ်များက ဝင်ရောက်လာပြီး ဥပမာ ထိုင်းနိုင်ငံကာစီကွန်းဘဏ်မှ ပါဝင်ပြီးကူညီပေးခြင်း ရှိနေပါကြောင်း၊ ကာစီကွန်းဘဏ်သည် Business Plan ရေးဆွဲ နိုင်ရေးကိုကူညီပေးပြီး SME ချေးငွေလျှောက်ထားရာတွင် တင်ပြရမည့်အချက်အလက်များကို မည်သို့မည်ပုံ ပါဝင်ရန်လိုအပ်ကြောင်း၊ မည်ကဲ့သို့ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထောက်ခံချက် မည်ကဲ့သို့ရရှိရမည်ဖြစ်ကြောင်း၊ လုပ်ငန်းမည်မျှခိုင်မာမှုရှိကြောင်းကို ပွင့်ပွင့်လင်းလင်းထောက်ခံချက် အတိအကျ ပေးနိုင်သော အချက်အလက်မျိုးကို သင်ကြားပို့ချပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခင်က ယခုကဲ့သို့သင်ပြခြင်းမျိုး မရှိသေးသည့်အတွက် လက်သင့်ရာပေးအပ်ခဲ့ခြင်းများ ရှိကောင်းရှိခဲ့မည် ဖြစ်ပါကြောင်း၊ ယခုထပ်မံပြီး အမျိုးသားတိုင်းရင်းသားဘဏ်များက အားလုံးပါဝင်လာသည့်အတွက် ချေးငွေများကိုလည်းပမာဏတိုးမြှင့်ပြီး ထုတ်ချေးတော့မည် ဖြစ်ပါကြောင်း၊ ထုတ်ချေးရာတွင် လုပ်ငန်းခိုင်မာမှုမည်မျှရှိသည်၊ အလားအလာကောင်းမည်မျှ ရှိသည်ကိုလည်း သေချာတိကျစွာ Assessment လုပ်မည့်အဖွဲ့များပါ ဖွဲ့စည်းထားပြီး မှန်ကန်စွာဆောင်ရွက်နိုင်သော SME လုပ်ငန်းငယ်များကို တိုက်ရိုက်ချေးပေးရန်အစီအစဉ်များ ချမှတ်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
