တွံတေးမြို့က ရန်ကုန် (တောင်ပိုင်း) ခရိုင်ထဲတွင် ပါဝင်ပြီး မိမိတို့ကျေးရွာ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အားလုံး ၇၃ အုပ်စု၊ မြို့ပေါ်ရပ်ကွက် ၈ ခု၊ လူဦးရေက ၂၂၀၀၀၀ ကျော် ရှိပါကြောင်း၊ ယခင်က တွံတေးနှင့်ရန်ကုန်ကို ဆက်သွယ်ထားသည်မှာ ဒလတစ်ဘက်ကမ်း ပန်းဆိုးတန်းမှကူးပြီး ကားလမ်းနှင့်လာသည့် လမ်းတစ်လမ်းရှိပါကြောင်း၊ ထို့နောက် တွံတေးတူးမြောင်း ၂၁ မိုင်ကို လွန်ခဲ့သည့်နှစ် ၁၀၀ ခန့်က ဖောက်လုပ်ခဲ့သည့် တွံတေးတူးမြောင်းမှ ဆက်သွယ်ထားသည့် လမ်းများကို တွံတေးနှင့်ရန်ကုန် ဆက်သွယ်၍ သွားကြရပါကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ကြည့်မြင်တိုင်တစ်ဘက်ကမ်းက လယ်မြေများကို လှိုင်သာယာမြို့အဖြစ် ပြောင်းလဲလိုက်ပြီး လှိုင်သာယာတံတားများ၊ ဘုရင့်နောင်တံတားများ တည်ဆောက်ခဲ့ပါကြောင်း၊ လှိုင်သာယာတံတားဘက်မှ တွံတေးတံတားဆိုပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က တည်ဆောက်ပေးခဲ့သည့် အတွက်ကြောင့် တွံတေးနဲ့ရန်ကုန်ကို ကူးတို့နဲ့ကူးပြီး သွားရခြင်းမျိုးမရှိတော့ဘဲ အဆင်ပြေပြေ သွားလာနိုင်ခဲ့ပါကြောင်း၊ သို့သော် ရာသီဥတုဆိုးရွားသည့်အချိန်၊ ညဘက်များတွင် အန္တရာယ်များသည့်အတွက် သမ္မာန်များလည်း မကြာခဏမှောက်ခြင်း၊ ပစ္စည်းဆုံးရှုံးမှုဖြစ်ခြင်း၊ တံတားများ မကြာခဏကျိုးခြင်းများ ဖြစ်ပေါ်သည့်အတွက် အကျိုးသက်ရောက်မှုမရှိပါကြောင်း၊ ထို့ကြောင့် နောက်ထပ် တွံတေးမြို့အတွက် မြစ်ကူးတံတား၊ တွံတေးတူးမြောင်းကို ကူးသည့် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ နောက်ထပ်တူးမြစ်ကူးတံတား တည်ဆောက်ရမည့်နေရာသည် တွံတေးမြို့လယ်တွင်ရှိသည့် နာရီစင်အနီး တွံတေးဆိပ်ကမ်းနှင့် တစ်ဘက်ကမ်းရှိ မြဂိုးရွာကို ဆက်သွယ်လိုသည့် နေရာဖြစ်ပါကြောင်း၊ ၎င်းနေရာရှိ တွံတေးတူးမြောင်း အကျယ် ပေ ၇၀၀ ခန့်ကို တံတားတည်ဆောက်မည်ဆိုပါက မြို့တွင်းဘက်သို့ မင်းရဲကျော်စွာလမ်းနှင့် မြို့ပြင်ဘက် မအူပင်-တွံတေးလမ်းကို ဆက်သွယ် ပေးရမည် ဖြစ်ပါကြောင်း၊ မင်းရဲကျော်စွာလမ်းမှာ ၅၀ ပေအကျယ် ပေ ၁၁၀၀ ရှည်လျားသည့် ကွန်ကရစ်လမ်းဖြစ်ပြီး တွံတေးမြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည့်အတွက် တစ်ဖက်ကမ်းတွင်ရှိသည့် မြဂိုးရွာအနီး တစ်ဖာလုံအနီးမှ ဖြတ်သန်းသွားသော မအူပင်-တွံတေးလမ်းမှာ ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး လမ်းဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် တည်ရှိပါကြောင်း၊
တွံတေးတူးမြောင်းကိုဖြတ်ကျော်၍ နောက်ထပ်မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အခြေအနေမှာ လတ်တလောအစီအစဉ် မရှိသေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားရှင်းလင်းဖြေကြား ပါသည်။
ဦးမြင့်လွင် (တွံတေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးခွန်းမေးမြန်းပါသည်။
တို့တွံတေးမြို့က မြန်မာပြည်တွင် တစ်ခုတည်းသော တူးမြောင်းရှိ၊ သမိုင်းဝင်နှစ် ၁၀၀ ကျော်ရှိသည့် တူးမြောင်းရှိသည့် မြို့လည်းဖြစ်ပါကြောင်း၊ နောက်တစ်ခါ အခုနက ရွှေဆံတော်ဘုရားကလည်း မြို့၏ အထင်ကရသမိုင်းဝင်ဘုရား ဖြစ်သည့်အပြင် တွံတေးက အိုးလုပ်ငန်းသည်လည်း သမိုင်းက အင်မတန်ကြီးကျယ်ပါကြောင်း၊ နောက်တစ်ခါ ငါးကန်များဆိုလျှင်လည်း ဧကပေါင်း ၃၅၀၀၀ ခန့် ရှိသည့်အတွက် မြန်မာနိုင်ငံတွင် ငါးကန်ဧကအများဆုံးရှိသည့် မြို့ဖြစ်ပါကြောင်း၊ နောက်တစ်ခါ တွံတေးမြို့ကို ဒလဟုခေါ်တွင်စေပြီး မွန်ဘုရင်များ နန်းစိုက်သည့် မြို့ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် Tourist Attraction တစ်ခုကိုလည်း ဖန်တီးနိုင်ပါကြောင်း၊ ထို့ကြောင့် လောလောဆယ် အစီအစဉ်မရှိသေးပါကလည်း နောင်တွင် တွံတေးမြစ်ကူး နောက်ထပ်တံတားတစ်စင်းကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကလည်း မည်သည့်ကာလတွင် တည်ဆောက်ပေးမည်းကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
တွံတေးမြို့နယ်တစ်ဘက်ကမ်း မြဂိုးရွာဆက်သွယ်တဲ့တံတားက မိမိတို့ဝန်ကြီးဌာနက တိုင်းတာထားပြီး ဖြစ်သည့်အတွက် Master Plan ရှိပါကြောင်း၊ သို့သော်လည်း First Priority ပထမဦးစားပေးစာရင်းတွင် ပါဝင်မှုမရှိသေးပါကြောင်း၊ ယခုနှစ်တွင် ဆောက်လက်စတံတားက ၇၆ စင်း နှင့် လွှတ်တော်တွင် ကတိပေးထားသည့် တံတားပေါင်း ၁၆၉ စင်း ရှိပါကြောင်း၊ ၁၆၉ စင်းကို လွှတ်တော်ကတိကဝတ်အနေဖြင့် Priority တွင် ထည့်လိုက်သည့်အချိန်တွင် လာမည့်ဘတ်ဂျက်သုံးနှစ်တာ ကာလအတွင်း ၁၆၉ စင်းကို ဦးစားပေး တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တွံတေးတံတား ဒုတိယနံပါတ် (၂) အတွက် Master Plan တွင် ပါဝင်ခြင်းကြောင့် တစ်ချိန်ချိန်တွင် တည်ဆောက်မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် သေချာပေါက် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
