(ဃ)-စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉ ပါ သက်ဆိုင်ရာတာဝန်ခံဝန်ကြီးဌာနက ဆောင်ရွက်ရမည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊အမိန့်ကြော်ငြာစာ၊အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၀) ရက်မြောက်နေ့ (၂၄.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

bo bo ooမိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတကရန်အတွက် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းသည် အင်မတန် အရေးပါပါကြောင်း၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းနှင့် ဆက်စပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးရေးသည်လည်း အင်မတန်မှ အရေးပါသည့် ကဏ္ဍတွင်ရှိပါကြောင်း၊ ဆောက်လုပ်ရေး အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို အသက်ဝင်စေလို ပါကြောင်း၊ ယင်းဥပဒေ၏ အခန်း(၇) နှင့် အခန်း(၈)များတွင် အိမ်ခန်းများကို ရောင်းဝယ်ခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်များကို နိုင်ငံခြားသားများပင်လျှင် ထည့်သွင်း၍ ကျယ်ကျယ် ပြန့်ပြန့် ပေးထားသည့်အတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက် လာနိုင်ပါကြောင်း၊ အိမ်ခန်း ပိုင်ရှင်များအနှံဖြင့်လည်း ဘဏ်များတွင် ပေါင်နှံခွင့်ရှိလာ မည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ ၃၉ ပါ သက်ဆိုင်ရာ တာဝန်ခံဝန်ကြီး ဌာနက ဆောင်ရွက်ရမည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက် ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၉-၁-၂၀၁၆ ရက်နေ့က ဥပဒေအမှတ်-၂၄ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်း ဥပဒေ(မူကြမ်း)ရေးဆွဲရေးအဖွဲ့ကို ၅-၂-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းပြီးသက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကြံပြုချက်များကို တောင်းခံကာ နည်းဥပဒေ (မူကြမ်း)ကို ပြုစု ရေးဆွဲခဲ့ ပါကြောင်း၊ နည်းဥပဒေ(မူကြမ်း)အပေါ် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism မှ ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်း များ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြန်လည်ဆွေးနွေးသည့် ဆွေးနွေးပွဲကို ၈-၃-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၏ ထပ်မံညှိနှိုင်းသည့် အစည်း အဝေးကို ၈-၄-၂၀၁၆ ရက်နေ့နှင့် ၂၈-၁၂-၂၀၁၆ ရက်နေ့များတွင် လည်းကောင်း၊ စင်္ကာပူနိုင်ငံ စုပေါင်းပိုင်အဆောက်အအုံ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ကိုးကားလေ့လာနိုင်ရေးအတွက် Singapore Land Authority မှ ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ၂၆-၄-၂၀၁၇ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း၊ အဆိုပါအစည်းအဝေးပွဲများအပြင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေနှင့် အတူ လိုအပ်သည့် ညွှန်ကြားချက်၊ ပုံစံနှင့် မှတ်ပုံတင်စနစ်တို့ကို အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် ဌာနတွင်း အစည်းအဝေးပွဲများကိုလည်း အပတ်စဉ် ကျင်းပပြုလုပ်ရေးဆွဲခဲ့ပါကြောင်း၊

နည်းဥပဒေ(မူကြမ်း)ကို ဥပဒေကြောင်းအရ အကြံပြုပြန်ကြားပေးနိုင်ရန် ၁၆-၅-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပထမအကြိမ် ပေးပို့ခဲ့ပါကြောင်း၊ ယင်းနည်းဥပဒေ(မူကြမ်း)အပေါ် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ၂၇-၆-၂၀၁၇ ရက်နေ့နှင့် ၁၁-၇-၂၀၁၇ ရက်နေ့များတွင် ပြည်သူ့လွှတ်တော် ရေးရာဆောင်တွင်လည်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊

အထက်ပါ ညှိနှိုင်းဆွေးနွေးချက်များအရ ပြင်ဆင်ရေးဆွဲထားသည့် နည်းဥပဒေ(မူကြမ်း)ကို ဥပဒေကြောင်းအရ အကြံပြုပြန်ကြားနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ၁၄-၇-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံပေးပို့ခဲ့ရာ ၃-၈-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုချက်(၇)ချက်ဖြင့် သဘောထားပြန်ကြားလာသည့်အတွက် အဆိုပါအကြံပြုချက်များအတိုင်း ပြင်ဆင်ရေးဆွဲ ထား သည့် နည်းဥပဒေ(မူကြမ်း)ကို ၇-၈-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တတိယအကြိမ် ပြန်လည်ပေးပို့ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ၁၈-၈-၂၀၁၇ ရက်နေ့တွင် အကြံပြုချက်နှစ်ချက်ဖြင့် သဘောထားမှတ်ချက် ပြန်ကြားလာသည့်အတွက် သဘောထားမှတ်ချက်များအတိုင်း ပြင်ဆင်ရေးဆွဲပြီး ၂၃-၈-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးကို ဆက်လက် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ခွင့်ပြုချက်များရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းဥပဒေ အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။