မေးခွန်း အကြောင်းအရာ
(က) ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အမှတ်(၁၆) ရပ်ကွက်၊ မောင်းမကန်လမ်းဘေးရှိမြေ ၄ ဧကကို ရုပ်ရှင်မင်းသား ဦးနေအောင်ကို ချထားပေးပါကြောင်း၊ ၎င်းမြေသည် လန ၃၉ ချထားပေးသော လယ်သမား ပိုင်မြေဖြစ်ပြီး သပြေခြံ စိုက်နေပါကြောင်း၊ ၎င်းမြေရှိ မြောင်းသာသာရှိသော ချောင်းလေးကို လေစီးရေလာ ကောင်းမွန်စေရန်အတွက် ချထားပေးသည်ဟု သိရပါကြောင်း၊ (ခ) ၄၈ ရပ်ကွက်တွင် ဦးတင်စိုး (ရဲမှူးချုပ်၊ အငြိမ်းစား) က မြေ ၁.၂ ဧက တွင်နေထိုင်နေပါကြောင်း၊ အဆိုပါမြေတွင် လယ်သမားက သပြေခြံ၊ လယ်စိုက်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လနောက်ပိုင်းတွင် မြေဂရန်ချပေးလိုက်သည့်အတွက် ခြံခတ်သည့်အခါ လယ်သမားနှင့်ပဋိပက္ခ ဖြစ်သောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့များက ဝင်ရောက်ထိန်းသိမ်း ရပါကြောင်း၊
(ဂ) အလွန်နာမည်ကြီးသော ထီဆိုင်ပိုင်ရှင်ကြီး ဒေါ်တင်တင်မြင့်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၄၈ ရပ်ကွက် U 10 ဆိုသည့်နေရာတွင် မြေ ၂ ဧက ချထားပေးသည့်အကြောင်းပြချက်က လှည်းကူးမြို့နယ်တွင် ဆရာတော်ကြီး တစ်ပါးနှင့် မြေအငြင်းပွားမှုတွင် ဒေါ်တင်တင်မြင့်က မြေကိုပေးအပ်လိုက်ရသည့်အတွက် အစားထိုးပေးသည်ဟု သိရပါကြောင်း၊
(ဃ) လယ်သမားဦးဝင်းလှိုင်ပိုင်ဆိုင်သော မြေကွက်လပ် ၄ ဧကကို လယ်သမားကြီးက ပြန်လည် လျှောက်ထားရာတွင် ပြီးခဲ့သည့် ၃၀-၃-၂၀၁၇ ရက်နေ့တွင် လူမှုကူညီမှုအသင်း(သင်္ဃန်းကျွန်းရန်ကုန်) ကို မြေ ၁ ဧက ချပေးလိုကသည့်အတွက် မိမိတို့ကို တိုင်တန်းပါကြောင်း၊
ထို့ကြောင့် အဆိုပါမြေကွက်လေးကွက်ကို ချထားပေးရာတွင် မည်သည်မူဖြင့် ချထားပေးသည်ကို နားမလည် ဖြစ်ရပါကြောင်း၊ အလားတူမေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမ မြောက်နေ့တွင် မေးခဲ့သည့်အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားရာတွင် မူငါးရပ်ဖြင့် ချထားပေးပါကြောင်း၊ (၁) အဆိုပါမြေတွင် ကာလကြာရှည်နေထိုင်ခဲ့သူဖြစ်ရမည်၊ (၂) အဆိုပါမြေတွင် လဝက ပုံစံ-၆၆/၆ ထွက်ထားသော သူဖြစ်ရမည်၊ (၃) အဆိုပါရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကာလကြာရှည် နေထိုင်ကြောင်း ထောက်ခံချက်ပေးထားသောသူဖြစ်ရမည်၊ (၄) အိမ်နီးနားချင်းငါးဦးက ထောက်ခံသူဖြစ်ရမည်၊ (၅) ကာလကြာရှည်နေထိုင်ခဲ့သည့်အတွက် ရေခွန်၊ မီးခွန်၊ လျှပ်စစ်ဓာတ်အားခွန်များကို ပေးဆောင်ထားသူကိုသာ ချပေးသည်ဟု ဖြေကြားခဲ့သော်လည်း ယခုမြေချပေးထားသော လေးဦးစလုံးသည် မယ်မယ်ရရ အကြောင်းပြချက်မရှိပါကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) တွင် မနေထိုင်ပါကြောင်း၊ မည်သည်ကိုပြုလုပ်မည့် အကြောင်းပြချက်လည်းမရှိသော်လည်း ၎င်းတို့ရရှိသည့်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မြေကွက်များကို မည်သည့်မူဖြင့် ချထားပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ဦးတင်ထွန်းအောင်(ခ) ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အမှတ်(၁၆)ရပ်ကွက်၊ မောင်းမကန်လမ်းမကြီးဘေး မြေ ၄ ဧက ချထားပေးခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၄-၂-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) ဆုံးဖြတ်ချက်အပိုဒ်(၁၁၁)အရ ဦးတင်ထွန်းအောင် (ခ)ဦးနေအောင်သို့ အောက်ပါအချက်များအတိုင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ (က) ဝယ်ယူ ခွင့်ပြုခဲ့သော မြေနေရာအတွင်းရှိ ချောင်းဘေးဝဲ/ယာကို စက်ဝင်လမ်း ပေ ၂၀ သတ်မှတ်၍ ဦးတင်ထွန်းအောင် (ခ)ဦးနေအောင်က ချောင်းကိုရေစီးရေလာကောင်းမွန်ရေး ပြုပြင်မွမ်းမံစေရန်၊ (ခ) ကျန်မြေကွက်ဧရိယာကို မြေကွက်နံပါတ်မှတ်သားရေးထိုး၍ ၁ စတုရန်းပေလျှင် ၂၅၀၀ ကျပ်နှုန်းပေးသွင်းစေရန်၊ (ဂ) အထက်အပိုဒ်(က) နှင့်(ခ)ကို ဆောင်ရွက်ပြီးစီးပါက မြေချပါမစ်ထုတ်ပေးရန်၊ မြေချပါမစ်ထုတ်ပေးပြီးပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ ဆက်လက်လွှဲပြောင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ အထက်ပါဆုံးဖြတ်ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြေတိုင်းရပ်ကွက်အမှတ်(၁၆/ဘီ)၊ မြေကွက်အမှတ် (က၊ခ၊ဂ)၊ ဧရိယာ ဝ.၇၁၃ ဧက၊ ဧရိယာ ၁.၃၃၃ ဧကနှင့် ဧရိယာ ဝ.၀၈၅ ဧက စုစုပေါင်း ၂.၁၃၁ ဧကတို့ကို ဦးတင်ထွန်းအောင်(ခ)ဦးနေအောင်သို့ မြေချပါမစ်ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရဲမှူးချုပ်ဦးတင်စိုး(ငြိမ်း)အား အမှတ်(၄၈) ရပ်ကွက်မြေ ၂.၅ ဧက ချထားပေးခြင်းနှင့်စပ်လျဉ်း၍ ရဲမှူးချုပ်ဦးတင်စိုး(ငြိမ်း)က အဆိုပါမြေနေရာအား မူလလယ်သမားများထံမှ ဝယ်ယူထားခြင်းဖြစ်၍ ၎င်းမြေနေရာကို မိသားစုနေအိမ်၊ ရုံးနှင့် ပရဟိတလုပ်ငန်းအတွက် မြေနေရာသုံးစွဲခွင့်ပြုပါရန် လျှောက်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊
ထိုသို့လျှောက်ထားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ခံရရှိထားသော ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၈)၊ မြေကွက်လပ်မြေနေရာဧရိယာ ၁.၇၅ ဧကဖြစ်ပါကြောင်း၊ မူလလယ်သမား ဦးဉာဏ်မြင့်က ရဲမှူးချုပ်ဦးတင်စိုး(ငြိမ်း)သို့ လွှဲပြောင်းရောင်းချလိုက်သော မြေပေါ်တွင် တစ်စုံတစ်ရာလုပ်ငန်း ဆောင်ရွက်ထားခြင်းမရှိဘဲ မြေကွက်လွတ်အဖြစ်တည်ရှိပြိး (လ/န၃၉) ခွင့်ပြုပြီးမြေ ၁.၇၅ ဧကသည် လစ်လပ်မြေနေရာဖြစ်၍ ဈေးနှုန်းသက်မှတ်ပြီးရောင်းချပေးပါရန် ၁၅-၁၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မြေစာရင်းတို့တွင် မှတ်သားပါဝင်မှု မရှိခြင်း၊ မြို့ကွက်ချမြေပုံနှင့် မြေငှားခစည်းကြပ်မှုစာရင်းတို့တွင် မှတ်သားပါဝင်မှုမရှိခြင်း၊ မြေပြင်တွင် မြေတိုင်း ရပ်ကွက်အမှတ်(၄၈ U10)၊ မြေကွက်အမှတ်(Open Space H) အဖြစ် မှတ်သားပါဝင်ခြင်းတို့ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ အဆိုပါမြေကွက်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသောမြေဖြစ်သည့်အတွက် သတ်မှတ်ဝန်ဆောင်ခ တစ်စတုရန်းပေလျှင် ၉၀၀ နှုန်းဖြင့် ၅၂၂၇၂ စတုရန်းပေ၊ ၁.၂၀ ဧကအား ရဲမှူးချုပ်ဦးတင်စိုး(ငြိမ်း)အမည်ဖြင့် မြေငှားစာချုပ်ဂရန်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဒေါ်တင်တင်မြင့်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၄၈ ရပ်ကွက်၊ U10 မြေကွက် အမှတ်(၄၆၄/အေ) ၂ ဧကချထားပေးခြင်းနှင့်စပ်လျဉ်း၍ အဆိုပါမြေနေရာသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဗိုလ်မှူးဗထူးအိမ်ရာစီမံကိန်း Phase II တွင်ပါဝင်သော မြေနေရာဖြစ်ပြီး အဆိုပါနေရာတွင် ဇေယျသိဒ္ဓိစာသင်တိုက်ဟု Block Map တွင် ပါဝင်သဖြင့် ၎င်းကျောင်းမြေနေရာ ပြန်လည်ရရှိရေးအတွက် ဆရာတော်ဘဒ္ဒန္တဝေရောစနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ဆရာတော်က အခွန်လွတ်သာသနာ့မြေအဖြစ် ရရှိသောမြေကွက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ ပြန်လည်စွန့်လွတ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ သာသနာ့ဂရန်ပယ်ဖျက်ရေး တင်ပြခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၈-၂၀၁၅ ရက်စွဲပါစာဖြင့် ၆-၈-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ်(၈/၂၀၁၅)မှ အခွန်လွတ်သာသာနာ့ မြေပယ်ဖျက် ကြောင်း ဆုံးဖြတ်ခဲ့ပါကြောင်း၊
ထိုသို့ စွန့်လွှတ်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မြေအစားထိုးပေးရေးအကြောင်းကြားခဲ့ရာ မူလနေရာနှင့်အနီးရှိ မြေကွက်ကိုအစားထိုးပေးရန် ဆောင်ရွက်ခဲ့ရာတွင် ဆရာတော်၏ ပစ္စည်းလေးပါးဒါယိကာမ ဒေါ်တင်တင်မြင့်မှ လှည်းကူးမြို့နယ်၊ သာယာရေးရပ်ကွက်တွင် မြေဧရိယာ ၁၃.၂ ဧကအား သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ ဇရပ်အပါအဝင် ဝိပဿနာရိပ်သာကို ဆောက်လုပ်၍ ရေစက်သွန်းချလှူဒါန်းထားခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ ဇေယျသိဒ္ဓိစာသင်တိုက်မြေနေရာအတွက် အစားထိုး ပြန်လည်ပေးအပ်မည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၄၈ U 10)ရှိ မြေနေရာ နှစ် ၆၀ ဂရန်ကို ပစ္စည်းလေးပါးဒါယိကာမ ဒေါ်တင်တင်မြင့် အမည်ဖြင့် ခွင့်ပြုချထားပေးနိုင်ပါရန် ၁၀-၅-၂၀၁၆ ရက်စွဲပါ စာဖြင့် ဆရာတော်ဘဒ္ဒန္တဝေရောစနက မေတ္တာရပ်ခံခဲ့ပါသဖြင့် ဒေါ်တင်တင်မြင့်အမည်ဖြင့် မြေကွက်အမှတ် (၄၆၄/အေ) ဟုမှတ်သားပြီး နှစ် ၆၀ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊
လူမှုကူညီရေးအသင်း(သင်္ဃန်းကျွန်း)ရန်ကုန် အသင်းပိုင်မြေအဖြစ် ယခုဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၄၈) ရပ်ကွက်၊ ကွင်းအမှတ်(၄၆၆)၊ ဦးပိုင်အမှတ်(၉/၃)၊ (၁၀/၁)၊ (၁/၁၂) တို့တွင် မြေတစ်ဧကခန့် ချထား ပေးခြင်းနှင့်စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ လူမှုကူညီရေးအသင်းက မြေနေရာလျှောက်ထားမှုအပေါ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးသည့် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉/သုဝဏ္ဏ (တန်ဖိုးနည်း)၊ ပိတောက်လမ်းနှင့် ကောက်လျင်လမ်းထောင့်နေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များက အစည်းအဝေးမှ ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းနေရာကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လူပုဂ္ဂိုလ်များအမည်ဖြင့် မြေချပါမစ်များချထားပေးကြောင်းသိရသဖြင့် အစားထိုးနေရာအဖြစ် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၈)ရှိ မြေနေရာအစားထိုးပေးရန် တင်ပြမှုအပေါ် ၂၃-၁-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မတီဝင်များအစည်းအဝေး (၃/၂၀၁၇)အရ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက စီမံခန့်ခွဲခွင့်ရှိသော မြေဧရိယာ ဝ.၈၆ ဧကဖြင့် မြေဂရန်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊
အထက်တင်ပြပါ မြေငှားစာချုပ်ပါ(ဂရန်) ခွင့်ပြုဆောင်ရွက်ခြင်းများသည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်အတွင်းတည်ရှိပြီး မြို့ကွက်ချမြေပုံ(Block Map)တွင် ပါဝင်သည့်မြေများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲခွင့်ရှိသော မြေများဖြစ်သည့်အတွက် ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ဥပဒေ အခန်း(၅) ပုဒ်မ ၁၅ ပုဒ်မခွဲ(ဂ)အရ ဥပဒေ၊ နည်းဥပဒေ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
(ဂ) ဒေါက်တာခင်မောင်မောင်(ဒဂုံမြို့သစ်(မြောက်ပိုင်း))က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည်ကို သိရှိပါကြောင်း၊ မိမိမေးမြန်းသည်မှာ မြေများချထားပေးသည့်အခါ မူဝါဒရှိရမည်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)က ယခင်က လယ်ကွက်ကြီးများ ဖြစ်ပါကြောင်း၊ ၎င်းလယ်များကို သိမ်းယူ၍ မြို့သစ်တည်ထောင်သည့်အခါ ကွက်လပ်များကျန်ရှိခဲ့သည့်အတွက် လယ်သမားများ ပြန်လျှောက်ပါ၊ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီဖွဲ့ပြီး ပြန်လျှောက်ပါဟု ပြောသည့်အတွက် ၎င်းတို့က အားရဝမ်းသာလျှောက်ကြသည့် အခါ အဆိုပါမြေကွက်များကို အစိုးရကချထားသောမူနှင့်ဆန့်ကျင်ပြီး လယ်သမားမြေကို ထပ်ပြီးဂရန်ချပေးနေ သည့် ကိစ္စဖြစ်ပါကြောင်း၊ ဥပမာ လူမှုကူညီမှုအသင်းအဖွဲ့(သင်္ဃန်းကျွန်း)က ၃၀-၃-၂၀၁၇ ရက်နေ့တွင် ချထားပေး ပါကြောင်း၊ မြေ/စစ်ကော်မတီက ဆင်းစစ်သည့်အချိန်တွင် မြေဂရန်ထွက်လာပါကြောင်း၊ မည်သည့်မူဖြင့်ဆောင်ရွက် သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားခြင်းဖြစ်သည့်အတွက် အဆိုပါထပ်ဆင့်မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်မေးမြန်းပြီး ဖြေကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
