(စ)-အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အရမှတ်ပုံတင်သာအသင်းအဖွဲ့မည်မျှရှိပါသနည်း၊ ယင်းအသင်းပိုင် ငွေကြေးနှင့်ပစ္စည်းစာရင်းများကို မည်သည့်အဖွဲ့က တာဝန်ယူ၍မည်သို့မည်ပုံ စိစစ် ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

myo zaw ooမိမိတို့မြန်မာနိုင်ငံတွင်လည်း CSO, NGO များ မည်မျှခန့် တိုးပွားနေသည်ကို မပြောနိုင်သော်လည်း ယခုလက်ရှိတွင် အသင်းအဖွဲ့များသည် ပြည်သူများ၏ အခက်အခဲများကို ကူညီပေးနေခြင်း၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးနေခြင်း၊ ရေဘေး/လေဘေးကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါတွင်လည်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများစွာကို ဆောင်ရွက်ပေးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ၏ ကူညီဆောင်ရွက် ပေးမှုများကြောင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရုံသာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲကိုပါများစွာ အထောက်အကူပြုစေခဲ့ခြင်းကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ အခန်း (၂) ပုဒ်မ ၃ ပုဒ်မခွဲ (ဂ) တွင်လည်း အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများအကျိုးကို အထောက်အကူပြုစေရန် ဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် အသင်းအဖွဲ့၏ နာမည်ကိုကြည့်လိုက်လျှင် တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ အများအကျိုးအတွက် ဆောင်ရွက်မလိုလိုနှင့် တိုင်းပြည်မတည်ငြိမ်၊ မအေးချမ်းအောင် လုပ်ဆောင်နေသည့် အသင်းအဖွဲ့များလည်း ရှိနေနိုင်ပါကြောင်း၊ ယခုလိုမူမမှန်သော အသင်းအဖွဲ့များ၏ လုပ်ရပ်များကြောင့် မှန်မှန်ကန်ကန်ဆောင်ရွက်နေသည့် အသင်းအဖွဲ့များကိုပါ ပြည်သူများအထင်အမြင် လွဲသွားနိုင်သကဲ့သို့ ယုံကြည်မှုများလည်း လျော့ကျသွားစေနိုင်ပါကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအခန်း (၈) ပုဒ်မ ၂၇ တွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းအသင်းအဖွဲ့များသည် နိုင်ငံတကာအစိုးရ တစ်ရပ်ရပ်ထံမှဖြစ်စေ၊ ပြည်တွင်းအသင်းအဖွဲ့ တစ်ရပ်ရပ်ထံမှဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှဖြစ်စေ အထောက်အပံ့များကို တည်ဆဲဥပဒေများနှင့်အညီ လက်ခံရယူနိုင်သည်ဟု ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ ရေရှည်ရပ်တည်နိုင်ရန်အတွက် အသင်းဝင်များက ငွေစိုက်ထုတ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းမျိုး ရှိသကဲ့သို့ ပြည်တွင်း/ပ အထောက်အပံ့များရယူပြီး ဖွဲ့စည်းတည်ထောင်ထားသည့် အသင်းအဖွဲ့များလည်း ရှိပါကြောင်း၊ သို့ရာတွင် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ တွင်ဖော်ပြထား သကဲ့သို့ မူလမှတ်ပုံတင်စဉ်က ဖော်ပြခဲ့သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ပြောင်းလဲလုပ်ကိုင်ခြင်း၊ ကျော်လွန်ဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာမှတ်ပုံတင်အဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် မူလရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအတိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်မှုရှိ/မရှိကို သိရှိနိုင်ရန် အသင်းအဖွဲ့များပိုင် ငွေကြေးနှင့်ပစ္စည်းစာရင်းများကိုလည်း စိစစ်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ အမှန်တကယ် ဆောင်ရွက်နေသည့် အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေရန်အတွက် ရည်ရွယ်ချက်မကောင်းသည့်၊ ကိုယ်ကျိုးရှာသော အသင်းအဖွဲ့များကိုလည်း စိစစ်ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံသူ/သားများ၏ အကျိုးကိုရှေးရှုပြီး မြန်မာနိုင်ငံအတွင်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားသော အသင်းအဖွဲ့ မည်မျှရှိသနည်း၊ ယင်းအသင်းပိုင် ငွေကြေးနှင့် ပစ္စည်းစာရင်းများကို မည်သည့်အဖွဲ့က တာဝန်ယူ၍ မည်ကဲ့သို့ စိစစ်ဆောင်ရွက် လျက်ရှိသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soe၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံးခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထိုပြဋ္ဌာန်းချက်များအရ ပြည်တွင်းအသင်းအဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့တို့မှ လျှောက်ထားလာပါက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၁) ဖြင့် ပြဋ္ဌာန်းခဲ့သည့် သင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၇၀၅/၂၀၁၅) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့် နည်းဥပဒေများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၁၄/၂၀၁၆) တို့ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော နည်းဥပဒေများနှင့်‌အညီ စိစစ်မှတ်ပုံတင်ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ စိစစ်၍ ခွင့်ပြုခဲ့သော ပြည်တွင်းအသင်းအဖွဲ့များတွင် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှာ ၉၀၆ သင်း၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့တွင် ၃၄၅ သင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေးအဖွဲ့တွင် ၆ သင်း၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့တွင် ၁၆၆ သင်း၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် ၁၄၂၉ သင်း စုစုပေါင်း ၂၈၅၂ သင်း မှတ်ပုံတင်ထားရှိပြီးဖြစ်သည့်အပြင် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ ၁၇၁ သင်းကိုလည်း စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြုထားပေးပြီး ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအခန်း (၄) ပုဒ်မ ၇ တွင် ပြည်တွင်းအသင်းအဖွဲ့များသည် ဆန္ဒအလျောက် မှတ်ပုံတင်လိုပါက အသင်းအဖွဲ့၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်သည် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ လျောက်ထားနိုင်ကြောင်း ဖော်ပြထားရှိပါသည်။ အသင်းအဖွဲ့များပိုင် ငွေကြေးနှင့်ပစ္စည်းများနှင့် ပတ်သက်ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေအခန်း (၆) အပိုဒ် ၂၁၊ ၂၂ တို့တွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းအသင်းအဖွဲ့ သို့မဟုတ် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များသည် အသင်းအဖွဲ့ပိုင် ပစ္စည်းများ ထိန်းသိမ်းသုံးစွဲခြင်းနှင့် စပ်လျဉ်းပြီး အသင်းအဖွဲ့ပိုင် ရငွေ/သုံးငွေများကို ပြုစုထား၍ ငွေစာရင်း စာအုပ်များ၊ အသင်းအဖွဲ့ပိုင် ရန်ပုံငွေကြွေးမြီ ကတိဝန်ခံချက်လက်မှတ် Stock share များ၊ ချေးငွေစာချုပ်များ၊ အသင်းအဖွဲ့ပိုင်ငွေကြေးဖြင့် ဝယ်ယူထားသော သို့မဟုတ် အသင်းအဖွဲ့သို့ လှူဒါန်းထားသော ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို စနစ်တကျပြုစုထားရမည်ဟု ဖော်ပြထားရှိပါကြောင်း၊ မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များသည် ယင်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေကြေးရှင်းတမ်းများကို နည်းဥပဒေ အပိုဒ် ၂၃ အရ သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ နှစ်စဉ် ဒီဇင်ဘာလ အတွင်း တင်ပြရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသော ပြည်တွင်းအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများသည် သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက်ရပ်တည်လှုပ်ရှားဆောင်ရွက်လိုပါက သက်တမ်းမကုန်မီ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်ရုံးသို့ သတ်မှတ်ထားသည့် ပုံစံများနှင့် လဲလှယ်လျှောက်ထားနိုင်ပါကြောင်း၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေကြေးရှင်းတမ်းကို တစ်ဆက်တည်းငါးနှစ် ပျက်ကွက်ခြင်း သို့မဟုတ် ကြားကာလနှစ်များ၌ တင်ပြရန်ပျက်ကွက်ခြင်းများ ဖြစ်ခဲ့လျှင် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားသည့် အခါ ပျက်ကွက်ခဲ့သည့်နှစ်အတွက် ပျက်ကွက်ရသည့် အကြောင်းရင်းကို ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး နည်းဥပဒေအပိုဒ် ၁၉ တွင် ဖော်ပြပါရှိပါကြောင်း၊ ထို့အပြင် နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို တစ်ဆက်တည်းငါးနှစ် တင်ပြရန်ပျက်ကွက်သည့် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်လက်မှတ် လဲလှယ်ခွင့်၊ သက်တမ်းတိုးခွင့် လျှောက်ထားလာသည့်အခါ မှတ်ပုံတင်အသစ် လျှောက်သကဲ့သို့ လျှောက်ထားရမည် ဖြစ်ကြောင်းကို နည်းဥပဒေအပိုဒ် ၁၈ တွင် ဖော်ပြထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တစ်နိုင်ငံလုံးတွင် အသင်းအဖွဲ့ပေါင်း ၃၀၂၃ သင်း မှတ်ပုံတင်ထားရှိပါကြောင်းနှင့် အသင်းအဖွဲ့များပိုင်ငွေကြေး၊ ပစ္စည်းစာရင်းများနှင့် ပတ်သက်၍ တာဝန်ယူ စစ်ဆေးရမည့် အဖွဲ့အစည်းကို ပြဋ္ဌာန်းဖော်ပြထားခြင်း မရှိပါကြောင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားသော အသင်းအဖွဲ့များအနေဖြင့် မူလရည်ရွယ်ချက်လုပ်ငန်းစဉ်များမှ သွေဖည်၍ တရားမဝင်ငွေကြေးပိုင်ဆိုင် ပိုင်းဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းများရှိပါက နစ်နာသူများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။