(င)-ပုသိမ်ကြီးမြို့နယ်၊ကြာနီကန်ကျေးရွာရှိ ရဲကင်း အား ရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပြီး လုံလောက် သော ရဲဝန်ထမ်းအင်အား ခန့်ထားပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

thaung htay linnကျွန်တော့်ပုသိမ်ကြီးမြို့နယ်သည် မန္တလေးခရိုင်အတွင်း တည်ရှိပြီးကျေးရွာအုပ်စုပေါင်း ၅၈ အုပ်စု၊ ရပ်ကွက် ၁ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၄၀ ကျော်ဖြင့်ဖွဲ့စည်းထားပြီး မြို့နယ်လူဦးရေသည် ၂၁၂၉၉၃ ဦးရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပုသိမ်ကြီးမြို့မရဲစခန်း၊ အုန်းကြောရွာရဲစခန်း၊ ကြာနီကန်ရွာရဲကင်းတို့ဖြင့် အရာရှိ ၂၀ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၁၃၂ ဦးက မှုခင်းများဖော်ထုတ်ရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းများ၊ ပြည်သူ့ဘဝလုံခြုံရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် မြို့နယ်လူဦးရေ နှစ်သိန်းကျော်အတွက် ပြည်သူ့ရဲဝန်ထမ်းပေါင်း ၁၅၂ ဦးဖြင့် ပြည်သူ့ဘဝလုံခြုံရေး ဆောင်ရွက်ပေးနေရခြင်းသည် ပြည်သူ ၁၄၀၁ ဦးကို ရဲဝန်ထမ်းတစ်ဦးနှင့် တာဝန်ယူစောင့်ရှောက် ပေးနေရခြင်းကြောင့် အင်မတန်နည်းပါးသည့် ပြည်သူ့ရဲဝန်ထမ်း အချိုးအစားဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊

ကြာနီကန်ကျေးရွာ ရဲကင်းအနေဖြင့် ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၄၁ ရွာ၊ လူဦးရေ ၄၈၇၂၁ ဦးကို တာဝန်ယူစောင့်ရှောက်ပေးနေရသော ရဲကင်းဖြစ်ပြီး မန္တလေး-မတ္တရာ-မိုးကုတ်လမ်းမကြီးပေါ် ပုသိမ်ကြီးမြို့နယ် အတွင်း မိုင်တိုင် ၈ မိုင် ၂ ဖာလုံတွင် တည်ရှိသည့်အတွက် ရဲကင်းအနေဖြင့် ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာ ၄၁ ရွာ၊ လူဦးရေ ၄၈၀၀၀ ကျော်ကို နယ်မြေလုံခြုံရေးအတွက် ရဲအရာရှိတစ်ဦး၊ အခြားအဆင့်‌တပ်ဖွဲ့ဝင် ၁၂ ဦး တို့ဖြင့် တာဝန်ယူဆောင်ရွက်ပေးနေရပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းဖော်ထုတ်ရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ ၃၇၄၇ ဦးအတွက် ရဲဝန်ထမ်းတစ်ဦးက တာဝန်ယူဆောင်ရွက် ပေးနေရသကဲ့သို့ ဖြစ်နေသည့်အပြင် မန္တလေး- မတ္တရာ- မိုးကုတ်လမ်းမကြီးပေါ်တွင် မကြာခဏဖြစ်ပွားနေသည့် မတော်တဆဖြစ်ရပ်များ၊ ယာဉ်မတော်တဆဖြစ်ရပ်များ၊ သစ်တောထွက်ပစ္စည်းများ တရားမဝင်သယ်ဆောင်နေမှုများ၊ မန္တလေးမြို့ဝင်ဂိတ်များအတွက် လုံခြုံမှုပေးနေရခြင်းများကို အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေရခြင်းကြောင့် ရဲဝန်ထမ်းအင်အားများစွာ နည်းပါးလျက်ရှိပါကြောင်း၊ ဆက်စပ်တင်ပြလိုသည်မှာ အခုလက်ရှိကြာနီကန်ကျေးရွာရဲကင်းသည် မန္တလေးမြို့နှင့် ၈ မိုင်ကျော်ဝေးပြီး မန္တလေးစည်ပင်သာယာရေး ကော်မတီကပိုင်သည့် အေးအေးငြိမ်သုဿာန်ကို မန္တလေးမြို့တွင်းက နာရေးယာဉ်တန်းများ၊ မန္တလေးစည်ပင်က စွန့်ပစ်မည့်အမှိုက်ကားများ၊ နောက်မိလ္လာကားများ၊ နောက်မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်စသဖြင့် ၎င်းလမ်းမကြီးသည် ဌာနဆိုင်ရာများ ခရီးသွားများ၊ ကျောင်းသား/သူများ အများဆုံးအသုံးပြုနေသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့်အတွက် ယာဉ်သွားလာကျပ်တည်းမှုနှင့်အတူ ယာဉ်မတော်တဆများဖြစ်ပွားမည်ဆိုပါက မိမိတို့ရဲကင်းက သက်ဆိုင်ရာ စေတနာလူမှုအသင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ယာဉ်အန္တရာယ်ဖြစ်ပွားသည့် ကိစ္စတွင် ကူညီစောင့် ရှောက်မှုများ၊ လမ်းပန်းလုံခြုံရေး၊ လမ်းရှင်းလင်းပေးရသည့်ကိစ္စတို့ ပူးပေါင်းဆောင်ရွက်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းများဖော်ထုတ်နိုင်ရေး၊ မှုခင်းအသိပညာ ပေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် ကျေးရွာရှိရဲကင်းအား ရဲစခန်းအဆင့်အဖြစ်သို့တိုးမြှင်‌့ပြီး လုံလောက်သော ပြည်သူ့ရဲဝန်ထမ်းအင်အား ခန့်ထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeပုသိမ်ကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတစ်ရုံးနှင့် မြို့မရဲစခန်းတစ်ခု၊ အုန်းကြောနယ်မြေရဲစခန်းတစ်ခု ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြာနီကန်ကျေးရွာတွင် လုံခြုံရေးရဲကင်းစခန်း ဖွင့်လှစ်ရန် လိုအပ်ကြောင်းကို ယခင်းကတည်းက စိစစ်သုံးသပ်တွေ့ရှိရသည့်အတွက် ၂၅-၃-၁၉၆၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏အစီအစဉ်ဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း လက်အောက်ခံ ကြာနီကန် နယ်မြေလုံခြုံရေး ရဲကင်းကို ဖွဲ့စည်းပုံပြင်ပနှင့် ဖွင်‌့လှစ်ပေးခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် ကြာနီကန်ကျေးရွာရှိ ကွင်းအမှတ် (၄၅၀)၊ ဦးပိုင်အမှတ် (၂၀/၂) တွင်ရှိသည့် မြေတစ်ဧကအပေါ် ရဲကင်းကိုပြောင်းရွှေ့ဖွင့်‌လှစ်ခဲ့ပြီး အရာရှိဦးစီး ၁၂ ဦးဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာတွင် အရေးကြီးအဆောက်အဦများရှိခြင်း၊ လူနေထူထပ်ခြင်း၊ ရဲကင်စခန်းဆောက်လုပ်ရန်အတွက် မြေနေရာ ရရှိထားပြီးဖြစ်ခြင်း၊ မူလက ဖွဲ့စည်းပုံပြင်ပထားရှိပြီး ဖြစ်ခြင်းတို့ကြောင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုတိုးမြှင်‌့ဆောင်ရွက်နိုင်ရန်အတွက် ကြာနီကန်လုံခြုံရေးရဲကင်းကို ဖွဲ့စည်းပုံပြင်ပကို ဖွဲ့စည်းပုံခွင့်ပြု ရဲကင်းစခန်းအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရဲကင်းရဲစခန်းအဆင့်သို့ တိုးမြှင့်ဖွင့်‌လှစ်ပြီးပါက လိုအပ်သော အင်အားများချထားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။