(ဃ)-မြို့တော်ခန်းမအဝိုင်း၊ရေကန်လမ်းနှင့် ခိုင်ရွှေ ဝါလမ်းဆုံ၊သုံးမြှောင့်ရေပန်းလမ်းဆုံ၊ သိန္နီလမ်းနှင့် ဟတ်ကာလမ်းဆုံ၊ သိန္နီလမ်းနှင့် ဟူးမွန်ဆည်လမ်း ဆုံ နေရာများတွင် မီးပွိုင့်များ တပ်ဆင်ပေးရန် အစီ အစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

sai mauk khamယာဉ်သွားလာမှု ရှုပ်ထွေးပြီး လူဦးရေသုံးသိန်းခန့်ရှိသည့် လားရှိုးမြို့တွင် လက်ရှိမီးပွိုင့်လေးခုနှင်‌့ မလုံ လောက်သည့်အတွက် တိုးချဲ့တပ်ဆင်ပေးရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊ တိုးချဲ့တပ်ဆင်ပေးစေလို့ လမ်းဆုံများမှ ရပ်ကွက်(၂)၊ မြို့တော်ခန်းမ အဝိုင်းလမ်းဆုံ၊ ရပ်ကွက်(၅)ရေကန်လမ်းနှင့် ခိုင်ရွှေဝါ လမ်းဆုံ၊ ရပ်ကွက်(၈)သိန္နီလမ်းနှင့် ကွတ်ခိုင်လမ်းဆုံရာ သုံးမြှောင့်ရေပန်းလမ်းဆုံ၊ ရပ်ကွက်(၁၂) သိန္နီလမ်းနှင်‌့ဟတ်ကာလမ်းဆုံ၊  ကာမိန်းဘုန်းတော်ကြီးကျောင်းနားလမ်းဆုံ ၊ ရပ်ကွက်(၁၂)သိန္နီလမ်း နှင့်ဟူးမွန်ဆည်၊ မန်ဆူဘုရားလမ်းဆုံ တို့ဖြစ်ပါကြောင်း၊ သိန္နီမြို့ကို သွားသောလမ်းဖြစ်သည့်အတွက် သိန္နီလမ်းဟုခေါ်ကြသလို ပြည်ထောင်စုလမ်းမကြီး သိ့ှမဟုတ် မန္တလေး-လားရှိုး-မူဆယ်လမ်းဟုလည်း ခေါ်ကြပါကြောင်း၊ လားရှိုးမြို့သည် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး ကိစ္စရပ်များတွင် ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ မြို့တွင်း၊ မြို့ပြင်ပြေးဆွဲနေကြသည့် ရပ်နီး/ရပ်ဝေး မော်တော်ယာဉ်များ လည်း တိုးတက်များ ပြားလာပါကြောင်း၊ ယခုမီးပွိုင့်များ တိုးချဲ့တပ်ဆင်ပေးသင်‌့သည့် လမ်းဆုံများတွင် အနယ်နယ်အရပ်ရပ်မှ မော်တော်ယာဉ်များ၊ မော်တော်ယာဉ်ပေါင်းစုံ ဖြတ်သန်းသည့်နေရာဖြစ်ခြင်း၊ ကျောင်းသူ /ကျောင်းသားငယ်လေးများ နေ့စဉ်ဖြတ်သန်းသွားကြသည့် အ.ထ.က ကျောင်းကြီးအနား၊ လူဝင်လူထွက်များသည့် ဘုန်းတော်ကြီးကျောင်း၊ စည်ပင်သာယာဈေးနှင့် မလှမ်းမကမ်း တွင်ရှိနေခြင်း တို့ကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင်‌့ အညီသွားလာနိုင်ရန်နှင့် ယာဉ်တိုက်မှုများလည်း ကင်းဝေးပြီး မြို့အင်္ဂါရပ်နှင်‌့ ညီညွတ်စေရန် အတွက်မီးပွိုင့်များတိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် လားရှိုးခရိုင်အတွင်း သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ လားရှိုးခရိုင်မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်ရေး ကော်မတီများနှင့် ပူးပေါင်းပြီး ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေးအတွက်ကို အလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အမှတ်(၁၁၉)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(လားရှိုး)၏ ဖွဲ့စည်းပုံတွင် အရာရှိရှစ်ဦး၊ အခြားအဆင့် ၂၈ ဦးရှိပြီး စုစုပေါင်း ၃၆ ဦးဖြင့်ဖွဲ့စည်း တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ လားရှိုးမြို့တွင် ယာဉ် အန္တရာယ်ကျဆင်းရေးအတွက် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လမ်းဆုံများတွင် မီးပွိုင့်လေးခု တပ်ဆင်ထားရှိပြီးဖြစ်ပါကြောင်း၊

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် မီးပွိုင့်များတပ်ဆင်ခြင်းအပါအဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များကို အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းခြင်းစနစ် (5E System)ဖြစ်သည့် Education System, Engineering System, Enforcement System, Emergency Medical Services System နဲ့ Environment System ဖြင့်နှင့် ချိန်ထိုးကိုက်ညှိဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉.၇.၂၀၁၇ ရက်နေ့ နှင့်၂၁.၇.၂၀၁၇ ရက်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ များနှင့်မြေပြင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ လားရှိုးမြို့အမှတ်(၂)ရပ်ကွက်မြို့တော်ခန်းမနှင့်အဝိုင်း လမ်းဆုံများတွင် အဝိုင်းပတ်ရှိပြီးဖြစ်သည့်အတွက် မီးပွိုင့်ထားရှိရန် မလိုအပ်သဖြင့် ယာဉ်သွားယာဉ် လာ ထူထပ်သည့်အချိန်များတွင် ယာဉ်ထိန်းတစ်ဦးချထား ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊  

အမှတ်(၅)ရပ်ကွက်ရှိ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံတွင် မီးပွိုင့်တပ်ဆင်မည်ဆိုပါက အဆိုပါ နေရာသည် လမ်းအနေအထားကျဉ်းမြောင်းခြင်း၊ ယာဉ်ထိန်းရုံးခန်း၊ Control Box ဆောက်လုပ်ရန် နေရာမရှိခြင်း၊ လက်ရှိတပ်ဆင်ပြီးသည့် မန္တလေးလမ်းဆုံမီးပွိုင့်နှင့် ပေ ၃၀၀ ခန့်သာ ဝေးကွာသည့် အတွက် မီးပွိုင့်ထားရှိရန်မလိုအပ်ပါကြောင်း၊ သို့သော် ယာဉ်မောင်းနှင်သူများ သတိပြုပြီး အရှိန်လျော့ သွားစေရန် ရပ်ကြည့်သွား ဆိုင်းဘုတ်နှစ်ခု တပ်ဆင်ပေးရန် စီစဉ်ထားပြီး အဆိုပါ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ ကျောင်းတက်/ကျောင်းဆင်း ချိန်များတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို တာဝန်ချ ထားပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အမှတ်(၈) ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီး သိမ်ဖြူလမ်းနှင့် ကွတ်ခိုင်လမ်းဆုံရာ သုံးမြှောင့်ရေပန်း လမ်းဆုံ သည်ကုန်းတက်ကုန်းဆင်းဖြစ်ပြီး လမ်းကြောအကွေ့အကောက်များသည့်အတွက် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မောင်းနှင်လာသည့် ယာဉ်မောင်းများသည် မီးပွိုင့်ကို ကြိုတင်တွေ့မြင်နိုင်ခြင်း မရှိဘဲ မီးပွိုင့်အနီးရောက်မှသာ ရုတ်တရက် တွေ့နိုင်သည့် မြေအနေအထား ဖြစ်သည့်အတွက် ၎င်း လမ်းဆုံတွင် မီးပွိုင့်ထားရှိရန် မသင့်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ယာဉ်မောင်းနှင်သူများ သတိပြုပြီး အရှိန်လျော့သွားစေရန် အတွက် သတိပေးမှိတ်တုတ်မီးဝါသုံးခုကို ယခင်ကတည်းက တပ်ဆင်ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ဦးကိုလည်း တာဝန်ချထားပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊

အမှတ်(၁၂)ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီး သိန္နီလမ်းနှင့် ဟက်ကာလမ်းဆုံတွင် လက်ရှိ တပ်ဆင်ထားသည့် လမ်းဆုံ၊ မီးပွိုင့်၊ ဟိုလောင်းလမ်းဆုံမီးပွိုင့်တို့နှင့် နီးကပ်လျက်ရှိပြီး ဟက်ကာလမ်း နှင့် ကောင်းစွာလမ်းများသည်  ပြည်ထောင်စုလမ်းမကြီးမှ ထောင့်မှန်အတိုင်းဖြတ်ချိုးသွားခြင်း မဟုတ် ဘဲ တစောင်းဖြတ်လျင် ပေ ၂၀၀ ခန့်အကွာတွင် တည်ရှိ နေသည့်အတွက် မီးပွိုင့်တပ်ဆင်မည်ဆိုပါက ယာဉ်မောင်းသူများမှ မီးပွိုင့်ကိုတွေ့မြင်ရန် အခက်အခဲများရှိသည့်အတွက် မီးပွိုင့်တပ်ဆင်ရန် မသင့် ပါကြောင်း၊ ယာဉ်မောင်းနှင်သူများသတိပြုပြီး အချိန်လျော့သွားစေရန်အတွက် သတိပေးမှိတ်တုတ် မီးဝါနှစ်ခု တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၂) ရပ်ကွက်ဆုံရာ မန်ဆူဘုရားအနီးရှိ ပြည်ထောင်စုလမ်းမကြီးနှင့် ဟူးမွန်ဆည် လမ်းဆုံနေရာများတွင်  မီးပွိုင့်တပ်ဆင်မည်ဆိုပါက မန်ဆူလမ်းဘုန်းကြီးကျောင်းနှင့် ကပ်လျက်ဖောက်လုပ်ထားသည့် သိန္နီဘက်သို့သွားသည့် လမ်းတစ်လမ်းကို အလွတ်ယာဉ်ကြော Free လိုင်းပေးမှသာ မီးပွိုင့်တပ်ဆင် နိုင်မည့် အနေအထားဖြစ်ပါကြောင်း၊သို့သော် Free လိုင်းသတ်မှတ်ပေးမည်ဆိုပါက ပြည်ထောင်စု လမ်းမကြီးမှလာသည့် ယာဉ်များအန္တရာယ်ဖြစ်ပေါ်နိုင်သည့်အတွက် မီးပွိုင့်တပ်ဆင်နိုင်ခြင်း မြေအနေ အထား မရှိကြောင်းကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ သို့သော် ယာဉ်မောင်းနှင် သွားလာသူများ သတိပြုပြီး အရှိန်လျှော့သွားစေရေးအတွက် သတိပေးမှိတ်တုတ်မီးဝါတစ်ခုနှင့် ရပ်/ကြည်‌့သွား ဆိုင်းဘုတ်တစ်ခု တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းတက်၊ ကျောင်းဆင်းချိန် များတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးကို တာဝန်ချထားပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လားရှိုးမြို့နယ်အတွင်း ယာဉ်မတော်တဆ ဖြစ်မှုအနေအထား များကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ်တွင် ၈၃ မှု၊ ၂၀၁၆ ခုနှစ်တွင် ၇၇ မှု၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၅ ရက်နေ့ထိ ၆၂ မှုဖြစ်ပွားခဲ့ပါကြောင်း၊ ယခုမီးပွိုင့်တပ်ဆင်ရန် စိစစ်ခဲ့သည့် မြေနေရာများကို လေ့လာကြည့်သည့်အခါ ယာဉ်မတော်တဆ ဖြစ်ပွားမှုမှ ၂၀၁၅ ခုနှစ်တွင်၂ မှု၊ ၂၀၁၆ တွင် ၃ မှုနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လ ၁၅ ရက်နေ့ထိ ၃ မှုသာဖြစ်ပွားခဲ့ပါကြောင်း၊ ယာဉ်များ ဖြတ်သန်းသည့် အနေအထားအရလည်းကောင်း၊ လမ်း၏အနေအထားနှင့် မြေအနေအထားအရ လက်ရှိ တပ်ဆင်ထားသည့် မီးပွိုင့်များနှင့် နီးကပ်စွာတည်ရှိခြင်းကြောင့်လည်းကောင်း၊ အဆိုပါ နေရာ များတွင် မီးပွိုင့်တပ်ဆင်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ယာဉ်မောင်းနှင်သူများ သတိပြုပြီး အရှိန် လျှော့သွားစေရန်အတွက် သတိပေးမှိတ်တုတ်မီးဝါများ၊ ရပ်/ကြည်‌့သွားဆိုင်းဘုတ်များ တပ်ဆင်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပုံသေတာဝန်ချထားပြီး ယာဉ်သွားလာ ရှုတ်ထွေးသည့် ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

 ဒေါက်တာစိုင်းမောက်ခမ်း(လားရှိုးမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြို့တော်ခန်းမနားရှိအဝိုင်း လမ်းဆုံမှ ပြည်ထောင်စုလမ်းမကြီး မန္တလေးမှနေပြီး ဖြတ်သွားသည့်လမ်း လမ်းမတော်လမ်း၊ ဘူတာလမ်းတွင် အဝိုင်းရှိသည်မှမှန်ပါကြောင်း၊ သို့သော် လားရှိုးမြို့ ယာဉ်မောင်း များ ၏ အနေအထားနှင့်ဆိုပါက ၎င်းအဝိုင်းသည် သေးငယ်ပြီး ယာဉ်များသည့်အတွက် အသွား အလာတွင် အန္တရာယ်ရှိသည်ကိုတွေ့ရပါကြောင်း၊ မြို့နယ်အနေဖြင့် ကြည့်မည်ဆိုပါက အဝိုင်းပတ်နေ သည့် ယာဉ်သည် ၎င်းလမ်းမှနေလာသည့် မော်တော်ယာဉ်များကို စောင့်နေရသည့် အခြေအနေကို တွေ့ရပါကြောင်း၊ နောက်တစ်ခါ သွားနေသည့်ယာဉ်သည် အဝိုင်းကို ဝင်နေသည့်ယာဉ်ကို စောင့်နေရ ပါကြောင်း၊ မတော်တဆယာဉ်တိုက်မှုများနည်းသည့်အတွက် မလုပ်ဘူးဆိုသည့် ရည်ရွယ်ချက်ကို စဉ်းစားရန်လိုပါကြောင်း၊ အခုလိုအ‌ခြေအနေမျိုးတွင် မည်ကဲ့သို့ ယာဉ်မတော်တဆ ဖြစ်မှုမှ ကာကွယ်နိုင်အောင် မည်ကဲ့သို့စီစဉ်ထားရှိပါကြောင်းကို သိလိုပါကြောင်းနှင့် ၎င်းလမ်းဆုံလမ်းခွ နေရာများတွင် မော်တော်ယာဉ်များကို ထိန်းကျောင်းပေးရန် ယာဉ်ထိန်းကို ထားရှိမည်ဆိုပါက တချို့ အချိန်တွင် မရှိတာ ကိုတွေ့ရပါကြောင်း၊ ယခုလိုမရှိသည့်အတွက် အင်မတန်ှ အန္တရာယ်ရှိသည့် အတွက် ယခုလို မေးမြန်းခြင်းဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး မှပြန်လည်ဖြေကြားခဲ့ပါသည်။

လားရှိုးမြို့အဝိုင်းပတ်နှင့်ပတ်သက်ပြီး အဝိုင်းပတ်များ မီးပွိုင့်ထားရှိမှုကို စမ်းသပ်တပ်ဆင်ခဲ့ဘူးပါ ကြောင်း၊ သို့သော် မူလယာဉ်သွားလာမှုထက် ပိုမိုကြပ်တည်းမှုများနှင့် အခက်အခဲများ တွေ့ရှိရသည့် အတွက် အဝိုင်းပတ်များတွင် မီးပွိုင့်တပ်ဆင်မှုများကို ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် အချိန်များလည်းရှိပါ ကြောင်း၊ လားရှိုးမြို့အခြေအနေတွင် အဝိုင်းပတ်၏အနေအထားမှာ မူလတင်ပြခဲ့သလို E ငါးလုံးနှင့် ယှဉ်ထိုးသည့်အခါ အင်ဂျင်နီယာရှုထောင့်အရ မိမိတို့ စိစစ်လေ့လာခဲ့ပါကြောင်း၊ အဝိုင်းပတ်လမ်းတွင် မီးပွိုင့်တပ်ဆင်ခြင်းသည် သွားလာမှုကို ပိုမိုပြီးကန့်သတ်ချက် ဖြစ်စေသည့်အတွက် မီးပွိုင့်တပ်ဆင်မှုကို ထည့်သွင်းဆောင်ရွက်ရန် ခက်ခဲရှိနိုင်ကြောင်း၊ သို့သော် လက်ရှိအဝိုင်းပတ်၏ အနေအထားအရ လိုအပ်သည့် မြေပြင်ပြင်ဆင်မှုလုပ်ငန်းများကို ပြုပြင်ရန်လိုအပ်နိုင်မှုရှိ/မရှိကို သက်ဆိုင်ရာ အစိုးရမှ တစ်ဆင့် အင်ဂျင်နီယာရှုထောင့်မှ ပြန်လည်လေ့လာသုံးသပ်ရန် အကြောင်းကြားသွားမည်ဖြစ် ကြောင်း၊ တိုက်ခတ်မှုနည်းသည့်အတွက် ၎င်းနေရာကို မီးပွိုင့် မလုပ်‌သင်‌့ဟု ဆုံးဖြတ်ခြင်းမဟုတ်ပါကြောင်း၊ မီးပွိုင့်တပ်ဆင်မှုမရှိနိုင်သည့်နေရာများတွင် ဖြစ်ခဲ့သည့် ယာဉ်တိုက်ခတ်မှုအကြိမ် အရေအတွက်ကို ပြန်လည်လေ့လာ သုံးသပ်နိုင်အောင် စဉ်းစားခြင်းဖြစ်ပါ ကြောင်း၊ ယာဉ်တိုက်မှုများအပေါ်တွင် လူအပြစ်၊ ယာဉ်အပြစ်၊ လမ်းအပြစ်၊ အင်ဂျင်နီယာအပြစ်၊ ရာသီ ဥတုအပြစ်၊ သဘာဝပတ်ဝန်းကျင်အပြစ် စသည့်အခြေအနေပေါ်တွင် သုံးသပ်ပြီး မြေအနေအထား အရ မလိုအပ်သော်လည်း ယာဉ်တိုက်မှုအကြိမ်အရေအတွက်အရ ပြုပြင်ရန်လိုပါက ပြုပြင်ရမည့် အချက်များကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် ၎င်းအချက်ကို ထည့်သွင်းတင်ပြခြင်း ဖြစ်ပါကြောင်း၊ ယာဉ်တိုက်မှုနည်းသည့်အတွက် မီးပွိုင့်မတပ်ဆင်ဘူးဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် ခြင်းမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။