မေးခွန်း အကြောင်းအရာ
ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၁၇-၁၈ ပညာသင်နှစ် အဆင့်တိုးကျောင်းပေါင်းများစွာ ကျောင်းအဆင့်တိုးမြှင့် ခဲ့သော်လည်း ဒေသလိုအပ်ချက်အရ၊ သွားလာရေးခက်ခဲသည့် တကယ်လိုအပ်နေသည့် ကျောင်းများကျန်ခဲ့ပါ ကြောင်း၊ လက်ပန်အ.ထ.က (ခွဲ) ကျောင်းသည် အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် ၁၉ နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေစုစုပေါင်း ၅၀၀ ကျော်၊ အထက်ဆင့်သင်ကျောင်းသားဦးရေ ၁၅၀ ခန့် ရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အဆင့်တိုးသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိ သော်လည်း လက်ပန်အ.ထ.က(ခွဲ)ဆင်ပေါင်ဝဲမြို့နယ်နှင့် ဆိုပါက ဧရာဝတီမြစ်ခြားထားပါကြောင်း၊ ပင်မကျောင်းဖြစ်သည့် ဆင်ပေါင်ဝဲအ.ထ.ကနှင့် ဆိုပါက ရှစ်မိုင်လောက် ကွာဝေးကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်၏ မြစ်အနောက်ဘက်ခြမ်းတွင် ကျေးရွာအုပ်စုကိုးအုပ်စုရှိပြီး ယခု ၂၁၀၇-၁၈ ပညာသင်နှစ်တွင် အ.ထ.က ကျောင်းတစ်ကျောင်း အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ သို့သော် ယခုလက်ပန်အ.ထ.က(ခွဲ)နှင့် အဆင့်တိုး၏ ပေးလိုက် သည့် အ.ထ.က(ခွဲ) သည် ဆင်ပေါင်ဝဲမြစ်အနောက်ဘက်ခြမ်းတွင် တောင်နှင့်မြောက်လိုပဲ အင်မတန် ကွာဝေးပါကြောင်း၊ ထို့ကြောင့် လက်ပန်အ.ထ.က(ခွဲ) ကို အ.ထ.ကအဆင့် တိုးမြှင့်ပေးလိုက်မည်ဆိုပါက လက်ရှိရှိနေသည့်ကျောင်းသားဦးရေ အနေအထားထက်လည်း ပိုပြီးများလာပြီး၊ မြစ်အနောက်ဘက်ခြမ်းတွင် ရှိ သည့် ကျေးရွာအုပ်စုများ၏ပညာရေးလည်း ပညာတတ်မြောက်မှု၊ သင်ကြားမှုများပါ လွယ်ကူအဆင်ပြေ ချောမွေ့ လာမည့်ဖြစ်သည့်အတွက် ဒေသ၏တကယ့်အခြေအနေ၊ တကယ့် လိုအပ်ချက်ဖြစ်တာကြောင့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် အဆင့်တိုးသတ်မှတ်ချက်များကို ဖြေလျှော့ပြီး အ.ထ.ကအဆင့်တိုးမြှင့်ပေးဖို့ တင်ပြရခြင်း ဖြစ်ပါကြောင်း၊
နောက်တစ်ကျောင်းမှ အ.ထ.က(ခွဲ)ကိုးပင်ဖြစ်ပါ ကြောင်း၊ ၎င်းကျောင်းသည် ပင်မကျောင်းဖြစ်သည့် ကျောက်ဆောင်လမ်းနှင့် ခုနစ်မိုင်ကွာဝေးပါကြောင်း၊ ကျောင်းသားဦးရေသည် ယခုနှစ်တွင် ၇၅၀ ကျော်၊ အထက်ဆင့် သင်ကျောင်းသားဦးရေ ၂၅၈ ဦးပြည့်မီခဲ့ပြီးဖြစ်သည့်အတွက် သတ်မှတ်ထားသည့် ဆင့်တိုးမူဘောင်များနှင့်လည်း ကိုက်ညီခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)လက်ပန်နှင့် အ.ထ.က(ခွဲ)ကိုးပင်တို့အား အခြေခံပညာအထက် တန်းကျောင်းများ အဖြစ် လာမယ့်ပညာသင်နှစ် ၂၀၁၈-၁၉ တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သတ်မှတ်ကျောင်းသားဦးရေပြည့်မီမှုအရ ကျောင်းအဆင့်တိုးပေးခဲ့သည့် ပင်မကျောင်းနှင့် သတ်မှတ်ခရီးအကွာအဝေးထက် ပိုမိုဝေးကွာသည့်အတွက် သင်ယူမှုအခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ပြီး အခြေခံပညာကျောင်းစုစုပေါင်း ၅၀၉၉ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုလိုအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့်အထဲတွင် ဆင်ပေါင်ဝဲမြို့နယ်မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၅ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁၇ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၁၈ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၅၈ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန်အတွက် သတ်မှတ်မူမှာ အထက်တန်းအဆင့်သင်ကျောင်းသားကျောင်းသူ ၂၀၀ ဦးနှင့် အထက်ရှိခြင်း သို့မဟုတ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ခရီးအကွာ အဝေး၁၀ မိုင်အထက်ကွာဝေးခြင်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ အထက်တန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၃ ဦးရှိပြီး ပင်မကျောင်းနှင့်ခရီးအကွာအဝေး ခုနစ်မိုင်ကျော်ကွာဝေးပြီး မြစ်ခြားနေသည်ကို သိရှိပါကြောင်း၊ သို့သော် လက်ပံကျေးရွာကျောင်းသည် အခြေခံပညာအထက်တန်းကျောင်းခွဲဖြစ်သည့်အတွက် အထက်တန်းပညာကို ဆက်လက်ပြီး သင်ယူခွင့်ရရှိနေသည်ကိုတွေ့ရပါကြောင်း၊ ကျောင်းသားဦး ၁၆၃ ဦးပြီး၊ ခရီးအကွာအဝေးမှလည်း ခုနစ်မိုင်သာကွာဝေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ပံကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းခွဲကို သတ်မှတ်ချက်နှင့်မကိုက်ညီသေးသည့်အပြင် အထက်တန်းပညာကိုလည်း သင်ယူခွင့်ရရှိနေသည့်အတွက် လာမယ့်ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်နှင့် မကိုက်ညီ သေးသဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ကိုးပင်ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းခွဲ တွင် အထက်တန်းကျောင်းသားကျောင်းသူစုစုပေါင်း ၂၅၈ ဦးရှိပြီး အထက်တန်းကျောင်းသားဦးရေ ၂၀၀ ဦးနှင့်အထက်ရှိရမည့်ဖြစ်သည့်အတွက် ကျောင်းသားဦးရေသတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ကိုးပင်ကျေးရွာအခြေခံပညာ အထက် တန်းကျောင်းခွဲကို လာမည့်ပညာသင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ဖို့အတွက် ဆက်လက်စိစစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းနှင့် ကျောင်းအဆင့်တိုးမြှင့်ပေးပြီးသည့် အခါလိုအပ် လာမည့် ဆရာ/ဆရာမများ၊ စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်းများ ကို ဘဏ္ဍာရေး၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
