(က)-လွိုင်လင်မြို့နယ်၊ ဆနင်းကျေးရွာ မူလွန် ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အဆင့်တိုးမြှင့်ပေးရန်၊ ခေးဟွမ်ရွာ အ.မ.က ကျောင်းနှင့် အိမ်ခစ်ရွာ မူလွန်ကျောင်းတို့တွင် အ ဆောက်အဦသစ်များ တည်ဆောက်ပေးရန် အစီ အစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

khin mg thi၂၀၁၇ ခုနှစ် မေလအတွင်း မဲဆန္ဒရှင်မိဘပြည်သူများနှင်‌့တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ မဲဆန္ဒရှင်မိဘပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ဆနင်းကျေးရွာအုပ်စု သည် ပင်လုံမြို့၏အနောက်ဘက် ၁၆ မိုင်ခန့်ကွာဝေးပြီး ရှမ်းတိုင်းရင်းသားလူမျိုးအများစုနေထိုင်ကြပြီး ကျေးရွာနေ မိဘပြည်သူများ၏သားသမီးများ ပညာသင်ကြားရေးကို အထူးအလေးပေး၊ ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု တင်ပြလာကြပါကြောင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဆနင်းကျေးရွာအုပ်စု၊ နင်းမိုးရွာတွင် အခြေခံပညာမူလွန် ကျောင်းတွင် အလယ်တန်းပညာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေများပြားပြီး ခုနစ်တန်းထိသာ ပညာ သင်ကြားကြရပါကြောင်း၊ ခုနစ်တန်းအောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ ရှစ်တန်းသို့တက်ရောက် ပညာသင်ကြားနိုင်ရန် ဆနင်းကျေးရွာမှပင်လုံမြို့သို့ သွားရောက်ပညာသင်ရန်အတွက် များစွာအခက်အခဲ ရှိပါကြောင်း၊ ဆနင်းကျေးရွာအုပ်စု၊ နင်းမိုးရွာတွင်တည်ရှိသည့် အခြေခံပညာမူလွန်ကျောင်း(ဆနင်း)အား အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပညာသင်ကြားခွင့်ပြုပေးပါရန် သက်ဆိုင်ရာပညာရေးဌာနသို့ တင်ပြ ခွင်‌့ပြုမိန့်ရရှိရေးကူညီဆောင်ရွက်ပေးရန် တင်ပြလာပါကြောင်း၊

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊  ခေးဟွမ်ကျေးရွာအုပ်စု၊ အိမ်ခစ်ရွာ ရွာမိရွာဖ များမှတင်ပြသည်မှာ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာမူလွန် ကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ခွင့်ရရှိခဲ့ပါသဖြင့် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ကျေးရွာရှိ ကျောင်းသားကျောင်းသူများမှာ အလယ်တန်း ပညာကို ဆက်လက်သင်ယူသည့်အခွင်‌့အလမ်း ရရှိခဲ့ကြပါကြောင်း၊ ပညာသင်ကြားနိုင်ရန် ကျောင်းအဆောက်အဦ လုံလောက်မှုမရှိဘဲ အခက်အခဲနှင့်ကြုံတွေ့ရပါသဖြင့် အိမ်ခစ်ရွာအခြေခံပညာမူလွန်ကျောင်းတွင် အဆောက်အဦ အသစ်တစ်လုံး ဆောက်လုပ်ပေးစေလိုသည်ဟု တင်ပြလာပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်ရှိ အခြေခံပညာကျောင်းဖြစ်သည့် ဆနင်းကျေးရွာမူလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ရန်နှင့် အိမ်ခစ်ရွာမူလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်အဆောက်အဦအသစ်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ပေးပါမည်နည်းနှင့် အစီအစဉ် မရှိပါက အဘယ်ကြောင့်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သတ်မှတ်ကျောင်းသားဦးရေနှင့် ပင်မကျောင်း သတ်မှတ်ခရီးအကွာအဝေးထက် ပိုမိုကွာဝေးသော သင်ယူမှုအခွင့်အလမ်းရရှိစေရန်ရည်ရွယ်ပြီး ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့သော အခြေခံပညာကျောင်း စုစုပေါင်း ၅၀၉၉ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာတွင် လွိုင်လင်မြို့နယ်မှ ကျောင်းစုစုပေါင်းကိုးကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် သတ်မှတ်မူမှာ အလယ် တန်းအဆင့်သင်ကျောင်းသားကျောင်းသူ ၂၀၀ ဦးနှင့်အထက်ရှိခြင်း သို့မဟုတ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများဖြစ်ပါက ပင်မကျောင်းနှင့် တစ်ဆင့်မြှင့်ကျောင်း နှစ်မိုင်အထက်ကွာဝေးခြင်း၊ သွားရေးလာရေး လွယ်ကူ သော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ခရီးအကွာအဝေးသုံးမိုင်အထက်ဝေးခြင်းတို့ ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ဆနင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှာ အလယ်တန်းအဆင့်သင်ကျောင်းသားကျောင်းသူ ၆၆ ဦးရှိပါကြောင်း၊ ပင်မကျောင်းဖြစ်သော အ.ထ.က ပင်လုံနှင့် ၁၈ မိုင်ကွာဝေးသည့်အတွက် အထက်ပါခရီးအကွာအဝေးသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည့် အတွက် လာမည့်ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ငွေကျပ် ၄၄၀.၄ သန်း ခွဲဝေပေးထားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့်ဆောင်ရွက် နိုင်ရန် လုပ်ငန်းများအပ်နှံ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ လွိုင်လင်မြို့၊ ခေးဟွမ်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းဆောင် ၆၀ ပေ x ၂၄ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ဆောင်၊ ၃၂ ပေ x ၁၈ ပေ ထရံကာ တစ်ထပ်တစ်ဆောင် စုစုပေါင်းနှစ်ဆောင်ရှိပြီး ကျောင်းသားကျောင်းသူဦးရေစုစုပေါင်း ၇၅ ဦးရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ၎င်းကျောင်းအတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးခွင့်ပြုရန်ပုံငွေအရ ၆၀ ပေ x ၃၀ ပေ သွပ်မိုးအုတ်ညှှပ်တစ်ထပ်ဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို လုပ်ငန်းများအပ်နှံထား၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊

အိမ်ခစ်အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် စိစစ်လိုက်ရာတွင် ၆၆ ပေ x ၂၇ ပေ သွပ်မိုးပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ်ဆောင်ကို ကျေးရွာကကိုယ်ထူူကိုယ်ထဆောက်လုပ်ပေးထားသောတစ်ဆောင်သာရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ ဦးရေ ၇၃ ဦးရှိသည့်အတွက် အိမ်ခစ်အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားချက်များ ဆောင်ရွက်သည့်အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းမှုတို့အရ ထွက်ရှိလာမည့် မြို့နယ်ကျောင်းအလိုက် ဦးစားပေးအစီအစဉ်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။