(ခ)-သတင်း အချက်အလက် ဆိုင်ရာ အသိပညာ တတ်မြောက်မှုနှင့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အသိပညာတတ်မြောက်မှုပညာရပ်များကိုကျောင်း သားများအပါအဝင် ပြည်သူလူထုများ နားလည်သိ မြင်လာစေရေးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ (၂၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

myo zaw aungမိမိတို့နိုင်ငံတွင် Mobile Sim card  များ တစ်ဖြည်းဖြည်းနှင့် ဈေးလျော့လာပါကြောင်း၊ ယခင်က သိန်း ၃၀၊ ၄၀ မှ ၁၇ သိန်း၊ ၁၀ သိန်း၊ နောက်ပိုင်းတွင် ငါးသိန်း၊ နှစ်သိန်းခွဲနှင့် နောက်ဆုံးတွင် ၁၅၀၀ ကျပ်အထိ လျော့လာပါကြောင်း၊ Data အသုံးပြုသူ ၃၃ သန်း ရှိပါကြောင်း၊ သတင်းအချက်အလက်ဆိုင်ရာအသိပညာတတ်မြောက်မှုဆိုသည်မှာ အသိပညာတစ်ခု၊ အချက်အလက်တစ်ခုသည် မည်သည့်နေရာတွင်ရှိသည်ကို ရှာဖွေတတ်သောပညာ၊ ကိုယ့်ဆီ ရောက်လာသော သတင်းအချက်အလက် မှန်/မမှန် ဆိုသည်ကို သုံးသပ်နိုင်သောပညာ၊ သုံးသပ်ပြီးပါက မှန်ကန်သောပညာကို ကိုယ့်လုပ်ငန်းအတွက် ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်အသုံးချနိုင်သော အတတ် ပညာကို Information Literacy သတင်းအချက်အလက်ဆိုင်ရာအသိပညာတတ်မြောက်မှုဟု ဆိုပါကြောင်း၊  ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု (Digital Literacy) ဆိုသည်မှာ ဒစ်ဂျစ်တယ်ပစ္စည်း များကို အသုံးပြုပြီး သတင်းအချက်အလက်ပိုင်းဆိုင်ရာကို ထိထိရောက်ရောက်အသုံးပြုခြင်းကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ယနေ့ သတင်းမီဒီယာအများစုနှင့် အထူးသဖြင့် Facebook ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများအပေါ် တွေ့နေရသောသတင်းအချက်အလက် သုံးမျိုး အဓိက တွေ့ရှိရပါကြောင်း၊ (၁) Information ဟုခေါ်သော သတင်းအချက်အလက်အမှန် ဖြစ်ပါကြောင်း၊ (၂) Mix Information ဟုခေါ်သော  သတင်းအချက်အလက်အလွဲအမှား မပြည့်စုံသောသတင်း ဖြစ်ပါကြောင်း၊ (၃) Dis Information ဟုခေါ်သော သတင်းအမှားများ ထုတ်လွှင့်မှုတို့ ဖြစ်ပါကြောင်း၊ Information ထုတ်လွှင့်မှုများက သိသာပါကြောင်း၊ စေတနာထားပြီး သူတစ်ပါးကို ကူညီလို၍၊ သတင်းမျှဝေလို၍ ထုတ်လွှင့်ကြခြင်း ဖြစ်ပါကြောင်း၊ Mix Information များက သတင်းအမှန်တစ်ဝက်၊ အမှားတစ်ဝက်များနှင့် မသိ၍ဖြစ်စေ၊ တမင်ရည်ရွယ်ပြီး ဖြစ်စေ ထုတ်လွှင့်နေကြ ပါကြောင်း၊ သတင်းအမှားများက သူများကို တမင်ဒုက္ခပေးစေလိုသော ရည်ရွယ်ချက်မျိုးဖြင့် ထုတ်လွှင့်ကြပါကြောင်း၊ အဓိကက သတင်းရရှိမှုအပေါ်မူတည်ပြီး လူများ၏ဆုံးဖြတ်ချက်သည် မတူနိုင်ပါကြောင်း၊ သတင်းအမှားများ ရရှိပါက ဆုံးဖြတ်အမှားများချနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိပြဿနာတွင် သတင်းအမှားများ ထုတ်လွှင့်မှုများ ကြောင့် ပြည်သူလူထု တချို့သည် မှန်/မမှန် မသုံးသပ်နိုင်တော့ဘဲ လူမှုဒုစရိုက်များပါ အလွန်များပြား လာပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒစ်ဂျစ်တယ်နည်းပညာများ၊ သတင်းအချက်အလက်များကို မှန်မှန်ကန်ကန်အသုံးမချနိုင်ဘဲ အမုန်းစကားများ အင်တာနက်စာမျက်နှာပေါ်တွင် များစွာတွေ့ရှိရပါကြောင်း၊ မမှန်သတင်းဖြန့်မှုများ များစွာတွေ့ရှိရပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် အသုံးပြုပါကြောင်း၊ ဒီဂျစ်တယ်၊ Mobile Phone များကို များသောအားဖြင့် ဖုန်းခေါ်ဆိုရန်နှင့် Facebook လူမှုကွန်ရက်စာမျက်နှာသုံးရန်လောက်သာ တွင်တွင်ကျယ်ကျယ်အသုံပြုနေပါကြောင်း၊

လူ့အဖွဲ့အစည်းတစ်ခုအတွက် အသစ်ပေါ်လာသော နည်းပညာများနှင့် သတင်းအချက်အလက်များကို မှန်မှန် ကန်ကန် မည်ကဲ့သို့သုံးရမည်ဟူသော ပညာမရှိပါက ပြဿနာပေါင်းစုံ ဘေးထွက်ဆိုးကျိုးအဖြစ်နှင့် ရင်ဆိုင် ရနိုင်ပါကြောင်း၊ လက်ရှိ ကြုံတွေ့နေရသော ဘေးထွက်ဆိုးကျိုးများသည် အဆိုပါပညာရေး လိုအပ်ချက်ကြောင့်ဖြစ်၍ ၎င်းပညာရေး၊ သတင်းအချက်အလက်ကိုသာ ခိုင်ခိုင်မာမာဖြင့် မည်ကဲ့သို့သုံးရမည်ကို အများစုသိရှိစေရန် လုပ်ပေးနိုင်ပါက မိမိတို့ပြည်သူလူထုအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရင့်ကျက်သောတိုးတက်သော လူ့အဖွဲ့အစည်းဖြစ်ရန် အထောက်အကူပေးနိုင်မည်ဖြစ်သည့်အတွက် သတင်းအချက်အလက် ဆိုင်ရာအသိပညာ တတ်မြောက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု ပညာရပ်များကို ကျောင်းသားများ အပါအဝင် ပြည်သူလူထုနားလည်သိမြင်လာစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများအား ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့်မူဝါဒအတိုင်း ပြည်သူများသိရှိသင့်သည့် သတင်းအချက်အလက်များကို အလျင်မြန်ဆုံးတင်ပြနိုင်ရးအတွက် www.moi.gov.mm အမည် Website ဖြင့် လည်းကောင်း၊ MOI Webportal Myanmar အမည်ဖြင့် Facebook စာမျက်နှာဖွင့်လှစ်၍ လည်းကောင်း၊ Myanmar Information အမည်ဖြင့် Twitter account ဖွင့်လှစ်၍လည်းကောင်း၊ moigovnews အမည်ဖြင့် Blogspot ဖွင့်လှစ်၍လည်းကောင်း လူမှုကွန်ရက် Social Media  များတွင် လွှင့်တင်ပေးလျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်မှ သတင်းအမှန်များ ခွဲခြားသိရှိနိုင်ရေးအတွက် Media Literacy စွမ်းရည်မြင့်တက်လာစေရန် ပညာရှင်များ၊ Blogger များနှင့် တွေ့ဆုံမေးမြန်းသည့်အစီအစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လစဉ်ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အလားတူ ပြည်သူလူထုမှ သတင်းအချက်အလက်များ လျင်မြန်စွာရရှိနိုင်ရေးအတွက် News Media နှင့် Digital Platform များသို့ကူးပြောင်းကာ အဆင့်ဆင့်တိုးတက်ပြင်ဆင်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ Information Literacy နှင့် Digital Literacy ပညာရပ်များကို လူငယ်များနှင့် ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိမြင်လာစေရန် ဆွေးနွေးပွဲများ၊ ညီလာခံများကို ကျင်းပပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းပညာရပ်များကို ပညာရေးဝန်ကြီးဌာနက ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင် B.A Journalism ဘွဲ့အပ်နှင်း၍ ကျောင်းသား၊ကျောင်းသူများကို သင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ ပုဂ္ဂလိကမီဒီယာကဏ္ဍ၌ Myanmar Media Development Center ဖွင့်လှစ်၍ ဒီပလိုမာသင်တန်းများ သင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Media Support (IMS) တို့က Myanmar Journalism Institute ဖွင့်လှစ်၍ သင်ကြားပေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် Myanmar Book Aid & Preservation Foundation က Digital Information Literacy Master Training သင်တန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများကို သင်တန်းပို့ချပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက် များကို အသုံးပြု၍ သတင်းအချက်အလက်ဆိုင်ရာအသိပညာတတ်မြောက်မှု (Information Literacy)နှင့် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု (Digital Literacy) ပညာရပ်များကို ကျောင်းသားများ အပါအဝင် ပြည်သူလူထုများ နားလည်သိမြင်လာစေရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့်အညီ Online Media အဖြစ်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများနှင့် သတင်းထောက်များကို လေ့ကျင့်ခြင်းအပါအဝင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး Mega Link Co.Ltd နှင့် အကျိုးတူပူးပေါင်း၍ Myanmar Digital News (MDN) အမည်ဖြင့် Digital Newspaper နှင့် News Portal ကို ၉-၇-၂၀၁၇ ရက်နေ့မှစ၍ စမ်းသပ် ထုတ်လွှင့်လျက်ရှိသကဲ့သို့ သတင်းစာများအလိုက် လူမှုကွန်ရက်စာမျက်နှာများတွင် Online Media များ ဆောင်ရွက်လျက်ရှိရာတွင် သတင်းအချက်အလက်ခိုင်မာမှန်ကန်မှု၊ ဓါတ်ပုံဖော်ပြမှုများမှ စ၍ ကျင့်‌ဝတ်နှင့်အညီ စံပြအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆင့်မြင့်‌ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကို Digital နည်းပညာကို အကျိုးရှိစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် တတ်မြောက်မှုများ တိုးပွားလာစေရန်အတွက် Digital နည်းပညာအသုံးချ e-Library များ တည်ထောင် ဖွင်‌့လှစ်ပေးခြင်း၊ Digital Device များအသုံးပြု၍ မိမိတို့ဘာသာရပ်နှင့် သက်ဆိုင်သော အချက်အလက်များ၊ အထောက်အကူပြုစာအုပ်များ၊ စာတမ်းများအား အင်တာနက်ဝက်ဘ်ဆိုက်များတွင် ရှာဖွေဖတ်ရှုနိုင်မည့် နည်းလမ်း ကောင်းများကို သင်ကြားလမ်းပြပေးခြင်း၊ အဆိုပါနည်းလမ်းများ အသုံးပြု၍ မိမိတို့ဘာသာရပ်နှင့်သက်ဆိုင်သော Term Paper နှင့် Research Paper များပြုစု ရေးသားစေခြင်းဖြင်‌့ ကျောင်းသင်ခန်းစာများနှင့်တွဲဖက်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် အများပြည်သူတို့ကို သတင်းအချက်အလက်နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာများ ဖြန့်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ များနှင့်စပ်လျဉ်း၍ ပြည်သူလူထု သိမြင်နိုင်စေရန်အတွက်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ပြန်ကြားထားပါကြောင်း၊

ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လူမှုကွန်ရက်တွင် သတင်းအချက်အလက်များကို  မှန်ကန်စွာ ခွဲခြားနိုင်ရေး၊ သတင်းအချက်အလက်ဆိုင်ရာ ကိုယ်ကျင်‌့တရားများ စောင်‌့ထိန်းနိုင်ရေးနှင်‌့ ဒစ်ဂျစ်တယ် အသုံးပြုပစ္စည်းများအား အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးတို့အတွက် ပြည်သူအများစုသုံးသော Facebook ၏ facebool.com/safety resources စာမျက်နှာတွင် မြန်မာဘာသာဖြင့် အသိပေးလမ်းညွှန်မှုပြုထားသည့်အပြင် Smart ဖုန်းများ၊ Mobile အင်တာနက်များကို ပြည်သူလူထုက အကျိုးရှိမှန်ကန်စွာ အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် မိုဘိုင်းဖုန်းသုံးစွဲသူများနှင်‌့တွေ့ဆုံရှင်းလင်းပွဲများကို ၂၀၁၆ ခုနှစ်တွင် (၆၈)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ယနေ့အချိန်အထိ အကြိမ် ၇၀ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါရှင်းလင်းပွဲများတွင် Internet နှင့် Social Media များကို အသုံးပြုရာတွင် မိမိတို့၏ကိုယ်ရေးအချက်အလက်များကို ဂရုပြုရန်၊ Internet နှင့် Social Media မှ သတင်းအချက်အလက်တိုင်းကို ယုံကြည်စိတ်ချ၍ မရကြောင်း၊ Voice ထက် Data ကိုပိုမိုသုံးစွဲလာကြသဖြင့် Data သုံးစွဲမှုပမာဏနှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်မည့်နည်းလမ်းများ၊ မိုဘိုင်းဖုန်းများကို အကျိုးရှိရှိအသုံးပြုရန် နည်းလမ်းကောင်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအကြောင်း၊ ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် အခက်အခဲများကို ဖုန်းနံပါတ် (၁၀၆) Call Center သို့မချိန်မရွေး အခမဲ့ဆက်သွယ်မေးမြန်း နိုင်ကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားပါကြောင်း၊ မိုဘိုင်းစခန်းများ၊ တာဝါတိုင်များ၊ ဖိုင်ဘာဆက်ကြောင်းများ၊ မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများ၊ ဂြိုလ်တုဆက်ကြောင်းများစသော ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို တိုးချဲ့တပ်ဆင်တည်ဆောက်ပေးသည့်အခါ ဒေသခံပြည်သူများကို သင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံအတွင် အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျ နေသောဒေသများတွင် အခြေခံဆက်သွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာများမှ ထည့်ဝင်မည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးရန်ပုံငွေ (Universal Service Fund) ကို World Bank ၏ကျွမ်းကျင်မှုအကူအညီဖြင့် တည်ထောင်ရန်စီစဉ်လျက်ရှိပြိး အဆိုပါလုပ်ငန်းစဉ်တွင် ကျေးလက်နေပြည်သူများအား ဒီဂျစ်တယ်နည်းပညာများ တတ်မြောက်လာစေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ သတင်းအချက်အလက်ဆိုင်ရာအသိပညာရရှိစေရန်  အစီအစဉ်ရေးဆွဲခြင်းလုပ်ငန်းများ ပါဝင်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါအတိုင်း သတင်းအချက်အလက်ဆိုင်ရာအသိပညာ တတ်မြောက်မှု (Information Literacy)နှင်‌့ ဒီဂျစ်တယ်နည်းပညာဆိုင်ရာအသိပညာတတ်မြောက်မှု (Digital Literacy) ပညာရပ်များကို ကျောင်းသားများ အပါအဝင် အများပြည်သူများသိမြင်လာစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့အနေဖြင့် မိမိတို့ဝန်ကြီးဌာနအလိုက်သော်လည်းကောင်း၊ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း လေ့လာသင်ယူတတ်မြောက်နိုင်ရန်နှင်‌့ စဉ်းစားချင့်ချိန် တွေးခေါ်နိုင်စွမ်းမြင်‌့မားလာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။