(က)-အင်းစိန်မြို့နယ်၊မီးရထားပိုင်နယ်မြေအတွင်း သက်တမ်းလွန် အိုမင်းနေပြီဖြစ်သော အန္တရာယ်ရှိ မီးရထားဝန်ထမ်းအိမ်ရာများအားခေတ်နှင့်လျော်ညီ သည့် ဝန်ထမ်းအိမ်ရာအသစ်များအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၈) ရက်မြောက်နေ့ (၂၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

maung maung ooအင်းစိန်မီးရထားခေါင်းစက်ရုံသည် ၁၈၇၀ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကြာမြင့်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာများသည်လည်း နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သည့် အတွက် ဟောင်းနွမ်းဆွေးမြည့်ပျက်စီးလျက်ရှိပြီး အန္တရာယ်ရှိသည့်အဆောက်အဦများ ဖြစ်နေ ပါကြောင်း၊ ယခင် က လူဦးရေသိပ်သည်းမှုနည်းပါးသည့်အတွက် မီးရထားဝန်ထမ်းများ၏ တစ်ထပ် လိုင်းခန်းဝန်ထမ်းအိမ်ရာများ တည်ဆောက်ခဲ့ခြင်းသည် သူ့ခေတ်သူ့အခါနှင့်လျော်ညီခဲ့သော်လည်း ယခုအချိန်တွင် ရန်ကုန်မြို့သည် လူဦးရေသိပ်သည်းမှုအများဆုံးနှင့် ဖွံ့ဖြိုးမှုသည်လည်းအရှိန်အဟုန် နှင့်ပြောင်းလဲတိုးတက်နေပြီဖြစ်သည့်အတွက် ရန်ကုန်မြို့၏ မြေတန်ဖိုးသည် ၁ ပေပတ်လည်အလိုက် တန်ဖိုးရှိနေပါကြောင်း၊ ထို့ကြောင့် ၂၁.၄၂၅ ဧကကျယ်ဝန်းသည့် နိုင်ငံတော်ပိုင်မြေ အင်းစိန် မီးရထားဝင်းအိမ်ရာကို စနစ်တကျစီမံခန့်ခွဲရန် အထူးလိုအပ်လျက်ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိ ဟောင်းနွမ်းပြီးအန္တရာယ်ရှိနေသည့် ဝန်ထမ်းအိမ်ရာများကို အထပ်မြင့်အိမ်ရာများအဖြစ် တည်ဆောက် ပေးမည်ဆိုပါက မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သလို မြေယာကိုလည်း တန်ဖိုးရှိစွာ စီမံခန့်ခွဲပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ဂုဏ်သိက္ခာရှိပြီး အန္တရာယ်ကင်းသည့် စိတ်ချလုံခြုံသည့် နေထိုင်မှုဘဝကို ရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံ့ ဝန်ထမ်းများ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရေးဆိုသည့်မူဝါဒလမ်းညွှန်ချက်နှင့်လည်း ကိုက်ညီစေမည်ဖြစ်ပါ ကြောင်း၊  သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မီးရထားပိုင်နယ်မြေအတွင်း သက်တမ်းလွန်အိုမင်းဟောင်းနွမ်းနေပြီး အန္တရာယ်ရှိသည့် မီးရထားဝန်ထမ်းအိမ်ရာများအား ခေတ်နှင့်လျော်ညီသည့် ဝန်ထမ်းအိမ်ရာအသစ်များ အဖြစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoအင်းစိန်မြို့နယ်ရှိ သက်တမ်းလွန်နေပြီးဖြစ်သော အန္တရာယ်ရှိမီးရထားပိုင် ဝန်ထမ်းအိမ်ရာများ  ကို စစ်ကြိုခေတ်က ဆောက်လုပ်ထားသည့် အဆောက်အဦများဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ နှစ်စဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်လှိုင်ဝင်းအတွင်း ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၄)ထပ် အဆောက်အဦနှစ်လုံးကို ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၅၇၀ အကုန်အကျခံ၍ ဆောက်လုပ်ပေး ခဲ့ပြီး သာမန်အသုံးစရိတ်ဖြင့် အင်းစိန်ရှိဝန်ထမ်းနေအိမ်ငါးလုံးကို ငွေကျပ် ၄.၁၆၇ သန်း ဖြင့်ပြုပြင် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံဝန်ထမ်းများ အတွက် မြေစိုက်တန်းလျားအလုံး ၂၀ ကို ငွေကျပ်သန်း ၄၀ ဖြင့်လည်းကောင်း၊ အင်းစိန်လှိုင်ဝင်း အတွင်း (၆) ခန်းတွဲ RC (၅)ထပ်နှစ်လုံးကို ငွေကျပ် ၁၁၅၀.၈ သန်းဖြင့် လည်းကောင်း ထပ်မံဆောက်လုပ် ပေးရန် ဘဏ္ဍာငွေထပ်မံလျာထားတင်ပြခဲ့သော်လည်း နေအိမ်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း ခေါင်းစဉ်တစ်ခုလုံး ဖြတ်တောက်ခံခဲ့ရပါသဖြင့် ဆောက်လုပ်ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ဘဏ္ဍာ ငွေအခြေအနေအရ အင်းစိန်နယ်၌နေအိမ် ၁၇ ခန်းကိုသာ သာမန်အသုံးစရိတ် ငွေကျပ် ၄၃.၇၁၈ သန်းဖြင်‌့ပြုပြင်ဆောက်ရွက်ပေးခဲ့ပါကြောင်း၊

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မြို့နယ် မီးရထားဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ရန် ရန်ပုံငွေကျပ်သန်း ၁၅၀ လျာထားခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြား မြို့နယ်သုံးခုရှိ မီးရထားဝန်ထမ်းအိမ်ရာများကို ပြင်ဆင်တည်ဆောက်ခြင်းများ အရေးပေါ်ဆောင်ရွက် ခဲ့ရခြင်းအတွက် ကြွေးကျန်များပေးချေရနှ်ရှိလာသဖြင့် လုပ်ငန်းခေါင်းစဉ်အောက်တွင် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခဲ့ရပါ ကြောင်း၊

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဒညင်းကုန်း မီးရထား ရဲဝန်ထမ်းနေအိမ် (၃)ခန်းတွဲ တစ်လုံးဆောက်လုပ်ပေးရန် ဘဏ္ဍာငွေကျပ် ၁၆.၁၃၉ သန်း ခွင့်ပြုချက်ရရှိပြီးဖြစ်သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မီးရထားကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် (၆)ခန်းတွဲ (၄)ထပ် RC တစ်လုံးကို ငွေကျပ် ၄၉၀.၅၄၄ သန်းဖြင်‌့ ငွေလုံးငွေရင်း အသုံးစရိတ်မှကျခံ၍ ဆောက်လုပ်ပေးနိုင်ရန် ထည့်သွင်းလျာထား တင်ပြသွားမှာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးမောင်မောင်ဦး(အင်းစိန်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ လုပ်ငန်း အတွက် ဘတ်ဂျက်ထည့်သွင်းရေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနှင့် ဝန်ကြီးဌာနချင်း ညှိနှိုင်းပေါင်းစပ်ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းတစ်ဆက် တစ်စပ်တည်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုး မှဖြေကြားပါသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မီးရထားကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် (၆)ခန်းတွဲ (၄)ထပ် RC တစ်လုံးကို ငွေကျပ် ၄၉၀.၅၄၄ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်မှကျခံ၍ ဆောက်လုပ်ပေးနိုင်ရန် ထည့်သွင်းလျာထား တင်ပြသွားမှာဖြစ်ပါကြောင်း၊၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် BE တွင် ယခုအချိန်မတင်ရသေးသည့် အတွက် ဝန်ကြီးဌာန အနေဖြင့် ပြန်လည်စိစစ်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။