မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိဂွချောင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် သံတွဲမြို့မှဂွမြို့သို့ ဆက်သွယ်ထားသော ၈၃ မိုင်ရှည်လျားသည့် လမ်း၏အဆုံး ဂွမြို့နယ်ကျောက်ချွန်ကျေးရွာမှ မကျည်းခွံကျေးရွာသို့ ဆက်သွယ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဦးစီးဌာနပိုင် ၉ မိုင် ၆ ဖာလုံရှည်လျားသော လမ်း၏အဆုံးတွင်ရှိပြီး ပေ ၁၃၀၀ ကျယ်ဝန်းပါကြောင်း၊ ၎င်းချောင်းသည် ကျေးလက်ဒေသဦးစီးဌာန အောက်တွင်ရှိပြီး ကျေးလက်ဒေသ ဦးစီးဌာန၏ တာဝန်ယူတံတားထိုး ပေးနိုင်သော ချောင်း၏အကျယ်သည် ပေ ၂၀၀ အောက်တွင် ရှိသည့်အတွက် တံတားဖြစ်လာနိုင်စရာ အကြောင်းမရှိပါသဖြင့် တာဝန်ယူဆောက်လုပ်ပေးနိုင်သော ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်း၍ဖြစ်/မဖြစ်၊ ဖြစ်ပါက မည်သည့်အချိန်တွင် ပြောင်းလဲမည်၊ မဖြစ်ပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်လမ်း၊ တံတား၊ ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို အဓိက စီမံခန့်ခွဲဆောင်ရွက်သည့် ဌာနဖြစ်ပါကြောင်း၊ ဂွချောင်းသည် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာအုပ်စု၊ ထိန်ကျင်းကျေးရွာမှ ချောင်းဖျားခံပြီး ပင်လယ်ထဲကို တိုက်ရိုက်စီးဝင်သည့် ချောင်းဖြစ်ပါကြောင်း၊ မိုးရာသီတွင် တောင်ကျရေများကြောင့် ရေစီးကြမ်းသော ချောင်းလည်း ဖြစ်သည့်အတွက် အဆိုပါ ချောင်းကူးတံတားသည် ကျေးရွာအုပ်စု လေးအုပ်စု၊ ကျေးရွာ ၂၂ ရွာ၊ အိမ်ခြေ ၁၅၆၀ နှင့် လူဦးရေ ၃၄၂၀ ဦးတို့ အမှီသဟဲပြုနေရသည့် တံတားဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဂွပင်လယ်အော်အနီးရှိ ဂွချောင်းသည် အကျယ် ပေ ၁၁၀၀ ရှိပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ကူးတို့လိုင်စင်ခွင့်ပြုချက်ရှိသည့် စက်လှေများနှင့် ဒေသခံပြည်သူများ နေ့စဉ်သွားလာလျက်ရှိပါကြောင်း၊ အဆိုပါ ဂွချောင်းတံတားကို တည်ဆောက်မည်ဆိုလျှင် အရှည်ပေ ၁၅၀၀ ခန့်ရှိသည့် မြစ်ကူးတံတား တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ နည်းပညာကျွမ်းကျင်သော အင်ဂျင်နီယာများနှင့် အထောက်အကူပြု ပစ္စည်းများရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားရန် သင့်လျော်မည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ ဂွမြို့နယ်၊ ဂွပင်လယ်အော်အနီးရှိ ဂွချောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိမ်းသွင်းပြီး မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန် မရှိကြောင်းနှင့် ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအောက်မှ လမ်း၊ တံတားကဏ္ဍကို လွှဲပြောင်းရယူပြီး ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးရေး ဦးစီးဌာန အသစ်တစ်ခု ဖွဲ့စည်းပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
