(ခ)-ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သည် လက်ရှိဆောင်ရွက်ပြီး အခြေအနေကို ပြန် လည် သုံးသပ်ပြီး ပြည်သူဗဟိုပြု ချဉ်းကပ်မှုနှင့် လူ ထုကိုယ်တိုင် ဦးဆောင်ပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများဖြင့်လက်တွေ့ကျကျဖော်ဆောင်ပေး ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ (၂၁.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

zaw min theinကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့ရာမှ ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်း လိုက်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီး ဦးစီးဌာန၏မူဝါဒက စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုနည်းလမ်းများဖြင့် သက်ဆိုင်သူ Stakeholder များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မူဝါဒချမှတ်ထားခဲ့ပါကြောင်း၊ ရည်ရွယ် ချက် နှစ်ရပ်အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်ပြည်သူလူထု လူမှုဘဝဖွံ့ဖြိုးရေး ဟူ၍ ချမှတ်ထားပါကြောင်း၊ လုပ်ငန်းတာဝန် ၁၂ ရပ်ကို သတ်မှတ်ပြဋ္ဌာန်းထားပြီး အဓိကအားဖြင့် ဆောင်ရွက်နေသည်မှာ လမ်း၊ တံတား၊ ရေ၊ မီးနှင်‌့ ကျန်းမာသန့်ရှင်းရေးဖြစ်သော အိမ်သာ ဆောက်လုပ် ရေးလုပ်ငန်းများဖြစ်ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လွန်ခဲ့သောငါးနှစ်က ရရှိသောဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၅ သိန်းကျော်ကို တစ်နိုင်ငံလုံးတွင်သုံးစွဲခဲ့ပါကြောင်း၊ လေးမျက်နှာမြို့နယ်၏ ရရှိမှုက  ကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ဦးစီးဌာန၏စာရင်းများအရ တစ်နိုင်ငံလုံးတွင် လမ်းပေါင်း ၁၅၅၆၇ မိုင်၊ တံတားပေါင်း ၃၆၄၉၅ ပေ၊ ရေတွင်းဇုန် ၂၄၁၉၃ တွင်း၊ ဆိုလာမီး ၄၁၃၅ ရွာ၊ အိမ်သာ ၆၀၉၈ လုံး၊ အခြား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများလည်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

၂၀၁၂-၁၃မှ ၂၀၁၅-၁၆ အတွင်းခင်းထားသော တချို့ကွန်ကရစ်လမ်းများသည် ကွန်ကရစ်လမ်း ရှာမရတော့ သည့်အနေအထား ဖြစ်နေပါကြောင်း၊  လေးမျက်နှာ ပန်းတောကြီးလမ်းပေါ်ရှိ လမ်း၊ တံတားများကို ၂၀၁၂-၁၃ မှ ၂၀၁၄-၁၅ အထိ ကျေးလက်ဦးစီးဌာနက ကျပ်သိန်းပေါင်း ၈၀၀၀ ကျော်သုံးစွဲပြီး တည်ဆောက်ခဲ့ပါကြောင်း၊ ဆောက်လုပ်ပြီးပြီးချင်း ၂၀၁၅ တွင်ရေကြီးပြီး ပျက်စီးသည်ကိုသဘာဝဘေးဟုဆိုပြီး အကြောင်းပြပါ ကြောင်း၊လမ်း၊ တံတားများမတည်ဆောက်မီတွင် လေးမျက်နှာမြို့နယ်၏ မိုးတွင်းကာလ အမြင့်ဆုံးရေအမှတ် သည် ၃၅.၆၅ ဖြစ်သည်ကို အတိအကျသိရှိပြီးမှ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ မိုးတွင်‌းရေတက် လာသည့်အခါ အဆိုပါပုံမှန်ရေအမှတ် ရောက်ရှိသည့်အချိန်တွင် တံတားကြမ်းခင်းများကို ရေထိနေပြီ ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ကုမ္ပဏီများသည် လမ်း၊ တံတားတည်ဆောက်ပါက ရေလမ်းကင်းလွတ်အမြင့်ထည့်မတွက်ခဲ့ကြသည်၊ လက်လွတ်စပယ်လုပ်ခဲ့ကြသည်ကို ၎င်းတို့သာသိလိမ့်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်တည်ဆောက် နောက်နှစ်တွင်ပျက်၍ နောက်ဆုံး သဘာဝဘေးထဲအထည့်ခံရပြီး ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံရှုံးခဲ့ရပါကြောင်း၊

၂၀၁၄-၁၅ ဘတ်ဂျက်တွင် သိန်း ၈၀ ဖြင့်တည်ဆောက်ထားသော လှော်ကတားရွာရေရရှိရေး အဆောက်အအုံသည် ယခုအချိန်ထိ ရေသုံးစွဲ၍ မရရှိသေးပါကြောင်း၊ သွားရောက်ကြည့်ရှုသည့်အခါ အိမ်ခြေအဟောင်းတစ်လုံးနှင့် ပန့်အဟောင်းတစ်လုံးကို အောက်တွင်အုတ်ခဲခုပြီး ချထားပါကြောင်း၊ ယခု အခြေအနေတွင် ရေထွက်စေရန်ဆောင်ရွက်ခဲ့လျှင်တောင်မှ ရေကန်က မြေကြီးအနက်ထဲတွင် တူးထား သည့်အတွက် ရေခပ်လျှင် မိမိတို့စက်သီးဖြင့်ခပ်ရမည် ဖြစ်နေပါကြောင်း၊ ပေ ၅၀ နှင့် ၁၅၀ ကြားတူးထားသော ဘုံဘိုင်များသည် မိုးတွင်းတွင် ရေများပန်းထွက်ပြီး ရေကောင်းထွက်လျက်နှင့် တွင်းနက်ဟုဆိုပြီး သိန်း ၈၀ ဖြင့်ပြုလုပ်သွားခြင်းများ မိမိတို့မြို့နယ်တွင် အများအပြားရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ သစ်တက်လာပြီး ရက် ၁၀၀ စီမံကိန်းတွင် လက်ယက်တွင်းတစ်တွင်းကို ၄၅ သိန်းဖြင့် ကိုးတွင်း သိန်းပေါင်း ၃၆၀ ကုန်ကျပြီး ယခု တစ်တွင်းမျှ မအောင်မြင်၍ သုံးစွဲမရပါကြောင်း၊ ပေ ၂၀ ခန့်သာ တူးထားသည့်အတွက် တစ်တွင်းမျှ ရေမထွက်ဘဲ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနေရပါကြောင်း၊ မိမိတို့ အခြားတစ်အိမ်ကိုသွားရောက် လေ့လာ ရာတွင် ပေ ၄၀၀ တွင်း နှစ်လက်မတွင်းကို ရေတွင်း ၊ အင်ဂျင်၊ ရေကန်အပါ သိန်း ၂၀ ဝန်းကျင်ဖြင့် တူးထားပါကြောင်း၊ ထို့ကြောင့် ၎င်းအခြေအနေများကို သုံးသပ်ကာ ရှေ့ဆက်ပြီး မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင်‌့ ကျေးလက်ဒေသဖွံံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီး ယခု အစိုးရကာလ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်သို့ို ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဘက်စုံ၊ ကဏ္ဍစုံစနစ်တကျ ချိတ်ဆက် ဆောင်ရွက်သွားနိုင်ရန်အတွက် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာ ဗျူဟာမူဘောင်ကို ၂၀၁၃ ခုနှစ်တွင် ရေးဆွဲခဲ့ပါကြောင်း၊ ယင်းမူဘောင်နှင့်အညီ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ရည်မှန်းချက်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါ Sustainable Development Goal (SDG) ရည်မှန်းချက်များနှင့်ချိတ်ဆက်ပြီး လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  ကျေးလက်ကုန်ထုတ်လမ်းအပါအဝင် ကျေးလက်အခြေခံအဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသတွင် အခြားလူမှုရေးဆိုင်ရာအခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဗဟိုပြု ချဉ်းကပ်မှုလုပ်ငန်းများနှင့်ဆောင်ရွက်ခြင်း၊  ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဘဏ္ဍာငွေအရင်းအမြစ်ရရှိစေရန်၊ အရင်း မပျောက် လည်ပတ်ရန်ပုံငွေ (Revolving Fund)နှင့် လူထုတိုက်ရိုက်ထောက်ပံ့‌ငွေ(Block grant)များ ထူထောင်ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသများ ကျွမ်းကျင်လုပ်သားလိုအပ်ချက်များကို အထောက်အကူပြု ဖြည့်ဆည်းနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားသော ကျေးလက်ပြည်သူများအတွက် ကျေးလက်အိမ်ရာများ၊ ကျန်းမာရေးဆိုင်ရာ ယင်လုံအိမ်သာများကို ဆောင်ရွက် ပေးခြင်းနှင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုယန္တရား တိုးတက် ဖြစ်ပေါ်စေရေးနှင့် သုတေသနလုပ်ငန်းများဖွံ့ဖြိုး‌ရေးကို ဆောင်ရွက်ခြင်း၊ ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်သူ (State-holders) အားလုံးနှင့် ပူးပေါင်းပြီး မူဝါဒခုနစ်ရပ်နှင့် စီမံ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း

ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို မိမိတို့ကိုယ်တိုင် စီမံချက်ရေးဆွဲ၊ အကောင်အထည်ဖော်၊ ကိုယ်တိုင်ကြီးကြပ်အကဲဖြတ်နိုင်ရန်အတွက် ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် လူထုဗဟိုပြုစီမံကိန်း (CDDP-Community Dripping Development Project) ကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် မြို့နယ် ၆၃ မြို့နယ်ရှိ ကျေးရွာအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ADB ၏ထောက်ပံ့မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမှုမြှင်‌့တင်ရေးစီမံကိန်းကို မြို့နယ် ၃ မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားရန်အတွက် ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူလူထု ကိုယ်တိုင်စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ပေါင်း ၉၉၀၀ ကျော်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာ၏ပကတိလိုအပ်ချက် များကို ကျေးရွာလူထုကဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရသော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲရေးစီမံကိန်းကိုလည်း ကျေးရွာပေါင်း ၈၂၄၄ ရွာတွင် အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊  ကျေးလက်ဒေသအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက် ကုန်ထုတ် လမ်းအပါအဝင်လမ်း၊ တံတားဖွံ့ဖြိုးရေးလုပ်ငန်းများ၊သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ မဟာဓာတ်လိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ ကျေးလက်အိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံတော်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

အဆိုပါ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများသည် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာ ကျွမ်းကျင်မှုများကို လိုအပ်သည့်အတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါများခေါ်ယူပြီး ပြည်တွင်း တိုင်းရင်းသားကုမ္ပဏီများကို ဆောင်ရွက်စေခြင်းဖြင့် ဦးစီးဌာနရှိ အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်များကလည်း ဝိုင်းဝန်း ကြီးကြပ်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ပကတိလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းများကိုရွေးချယ်ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတစ်ခုတည်းက ရွေးချယ်ခြင်းမပြုဘဲ ခွင့်ပြုရန်ပုံငွေအတွင်း ဆောင်ရွက်နိုင်သော လုပ်ငန်း များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများနှင့် ပူးပေါင်းပြီး ပဏာမရွေးချယ်မှုအပေါ်မူတည်၍ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့၏စိစစ်ထောက်ခံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူဗဟိုပြုကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းနှင့်ပတ်သက်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲများကိုပြုလုပ်ပြီး ပြင်ဆင် သင့်သည်များကို ပြင်ဆင်ခြင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ်တွင် ပြန်လည်သုံးသပ်ခြင်းနှင့် ပိုမိုထိရောက်သည့်အစီအစဉ်များ ရေးဆွဲချမှတ်ခြင်း တို့ကိုလည်း နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏မူဝါဒလုပ်ငန်းစဉ်များတွင် ပြည်သူဗဟိုပြုအသွင်နှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ဆောင်ရန် ပြည်သူလူထုက တိုက်ရိုက် ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူ ဗဟိုပြုချဉ်းကပ်မှု နည်းလမ်းဖြင့် ဆောင်ရွက်ရန်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာနည်းပညာနှင့် ကျွမ်းကျင်မှုလုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများအပါအဝင် သက်ဆိုင်သူ Stakeholder အားလုံးနှင့် ညှိှိနှိုင်းပေါင်းစပ် ကြီးကြပ် ကွပ်ကဲမှု နည်းလမ်းဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတွင် ယခင်ကတွေ့ကြုံ ခဲ့ရသော အားနည်းချက်များအပေါ်တွင် ပြန်လည်သုံးသပ်ပြီး မိမိတို့ပြည်သူလူထုအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ယခု အခါတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။