မောက်မယ်မြို့နယ်တွင် မြို့နှင့်ဆက်သွယ်သွားလာရန် တစ်ကြောင်းထိုးလမ်းမများဖြစ်ကြပြီး အရှည်ဆုံး ၉ မိုင်၊ အတိုဆုံး ၁ မိုင်ခွဲ စသည်ဖြင့် အသီးသီးရှိကြပါကြောင်း၊ ၎င်းလမ်းများသည် လယ်ယာထွက်ကုန်သယ်ယူ ပို့ဆောင်ရောင်းချခြင်း၊ ငါးရက်တစ်ဈေး ရောင်းချသောမြို့ဈေးသို့ အဓိကဆက်သွယ်ထားခြင်း၊ ကျေးလက်ဒေသနေ ပညာသင်ကျောင်းသား/သူများနှင့် ဝန်ထမ်းများနေ့စဉ် သွားလာအသုံးပြုနေခြင်းတို့ကြောင့် အရေးပါအရာရောက်သော ကျေးလက်လမ်းများ ဖြစ်ကြပါကြောင်း၊ ၎င်းတို့မှ နားသဲကျေးရွာ၊ ခိုဆိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည့်လမ်းများမှာ ယခင်အစိုးရလက်ထက် နတလအစီအစဉ်၊ ကျေးလက်ဒေသ အစီအစဉ်တို့ဖြင့် ကျောက်ချောခင်းခြင်း ဆောင်ရွက်ထားပြီးသည့် လမ်းပိုင်းများမှာ လယ်ကွင်းကြားထဲတွင် တည်ရှိသည့်အတွက် ကတ္တရာလမ်းအဆင့်မြှင့်တင် ပေးရန်လိုအပ်ပါကြောင်း၊ ကျောက်ချောလမ်းပိုင်းမှာ ယခုဆိုလျှင် တချို့နေရာများက ပြန်ပျက်စီးနေပြီး ရွာကမိမိတို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်လည်ပြုပြင် မွမ်းမံထားသည်ကို တွေ့ရှိရပါကြောင်း၊ ကျောက်ချောလမ်းမှ ကတ္တရာလမ်းအထိ အဆင့်မြှင့်တင်မှုကို အချိန်မီမဆောင်ရွက်ပေးနိုင်ပါက ပြန်လည်ပျက်စီးသွားနိုင်ပါသဖြင့် ဆောင်ရွက်ပေးနိုင် ပါရန် တင်ပြလာသည့်အတွက် မောက်မယ်မြို့နယ်တွင် မြို့နှင့်ကျေးလက်အဓိက အားကိုးအားထားဆက်သွယ် အသုံးပြုနေရသည့် ခိုဆိုင်းကျေးရွာ၊ နားသဲကျေးရွာနှင့် ရွာသစ်ကျေးရွာ ကျောက်ချောလမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လမ်းသုံးလမ်းအနက် နားသဲကျေးရွာနှင့် မောက်မယ်မြို့ကို ဆက်သွယ်သည့်လမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ ကျန်လမ်းနှစ်လမ်းဖြစ်သည့် ခိုဆိုင်းကျေးရွာနှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်သောလမ်း၊ ရွာသစ်ကျေးရွာနှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်သည့်လမ်းတို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော လမ်းများဖြစ်ပါကြောင်း၊
နားသဲကျေးရွာနှင့် မောက်မယ်ကိုဆက်သွယ်သည့် ကျောက်ချောလမ်း ၁ မိုင် ၇ ဖာလုံ ရှည်လျားပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ခင်းလမ်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းလမ်းကြောင်းသည် မောက်မယ်မှမိုးနဲအထိ ဆက်သွယ်ထားသော ပြည်သူ့ဆောက်လုပ်ရေး လမ်းကြောင်းပေါ်ရှိ မောက်မယ်မြို့အဝင်မှ နားဆဲတောင်ကျေးရွာအထိ ကွေ့ဝင်သွားသည့် လမ်းကြောင်းတိုဖြစ်ပါကြောင်း၊
မောက်မယ်-နားသဲ ၁ မိုင် ၇ ဖာလုံကျောက်လမ်းကို ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ဒေသမှ တင်ပြမှုမရှိခဲ့သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလျာထားချက်မှာ ထည့်သွင်းလျာထားခြင်း မရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေများမှာလည်း လျာထားမှုမရှိသည်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖြေကြားထားပါကြောင်း၊
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ခိုဆိုင်းကျေးရွာနှင့် မောက်မယ်မြို့ကို ဆက်သွယ်ထားသော ခိုဆိုင်း-မောက်မယ်လမ်း ၁ မိုင် ၄ ဖာလုံ၏လက်ရှိအခြေအနေသည် ကျောက်ချောလမ်း ဖြစ်ပါကြောင်း၊ ကျေးရွာသုံးရွာ၊ အိမ်ခြေ ၁၂၁ အိမ်၊ လူဦးရေ ၆၅၈ ဦးအတွက် အကျိုးပြုနေကြောင်း သိရှိရပြီး အဆိုပါခိုဆိုင်း-မောက်မယ်ကျောက်ချောလမ်း ၁ မိုင် ၄ ဖာလုံကို ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက ငွေကျပ် ၂၁၃ သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း၊
အလားတူ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာနှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသော ရွာသစ်-မောက်မယ်လမ်း ၅.၅ ဖာလုံ၏ လက်ရှိအခြေအနေသည် ကျောက်ချောလမ်းပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၁၈၃ အိမ်၊ လူဦးရေ ၉၈၂ ဦးတို့ အကျိုးပြုနေသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါ ရွာသစ်-မောက်မယ် ကျောက်ချောလမ်း ၅.၅ ဖာလုံကို ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုပါကလည်း ငွေကျပ် ၉၈ သန်းခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ကျောက်ချောလမ်းနှစ်လမ်း စုစုပေါင်းအရှည် ၂ မိုင် ၁.၅ ဖာလုံကို ကတ္တရာလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပါက စုစုပေါင်းငွေကျပ် သန်း ၃၁၀ ကျော်ကုန်ကျမည် ဖြစ်ကြောင်း၊ လမ်းသုံးလမ်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် နားသဲကျေးရွာနှင့် မောက်မယ်ကို ဆက်သွယ်ထားသော ကျောက်လမ်းကို ကတ္တရာလမ်းအဆင့်မြှင့်တင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်ချက်အရ စိစစ်ထောက်ခံ တင်ပြလာမည်ဆိုလျှင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရန်ပုံငွေတွင် လျာထားချက်အဆိုပြု ထည့်သွင်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ လမ်းနှစ်လမ်းဖြစ်သည့် ခိုဆိုင်း-မောက်မယ် ကျေးလက်လမ်းနှင့် ရွာသစ်-မောက်မယ်ကျေးလက်လမ်းတို့သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်လျာထားခြင်းမရှိသည့်အတွက် လတ်တလော ဆောင်ရွက် ပေးနိုင်ခြင်း မရှိပါသော်လည်း ပြည်နယ်၏ ဦးစားပေးလျာထားတင်ပြမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်သည့် နေရာတွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုနည်းနိုင်သမျှ နည်းအောင် ကျေးလက်ဒေသဦးစီးဌာနကို ဖွဲ့စည်းပြီး ကျေးလက်တွင် ဆောင်ရွက်ရမည့် စီမံကိန်းများကို ငါးနှစ်တာရေးဆွဲပြီးသား ဖြစ်သည်ကို မိမိတို့သိရှိရပါကြောင်း၊ မကြာခင်ရက်ပိုင်းတွင် ကျေးလက်ဦးစီးဌာနကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လူဦးရေနှင့်အိမ်ခြေပေါ် မူတည်ပြီး တတိယဦးစားပေးစသည်ဖြင့် ဆောင်ရွက်သွားမည်ဟုလည်း အကြမ်းဖျင်းသိရပါကြောင်း၊ ထို့ကြောင့် ယခင်ငါးနှစ်တာဆွဲခဲ့သည့် လုပ်ငန်းလျာထားချက်များသည် အကျုံးဝင်မှုရှိ/မရှိ လူဦးရေနှင့်အိမ်ခြေကို ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ ကျေးလက်လမ်း၊ တံတားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဌာနသစ်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပါကြောင်း၊ ယခုလို လွှဲပြောင်းပေးသည့် အခါတွင် မိမိကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ လမ်းနှင့်တံတားလုပ်ငန်း ဌာနခွဲမှ ဝန်ထမ်းများ၊ ယင်းတို့နှင့်စပ်လျဉ်းသည့် ဘဏ္ဍာရန်ပုံငွေများ စီမံကိန်းအကောင်အထည်ဖော်ရန် အတွက် ရန်ပုံငွေလျာထားချက်များနှင့်တကွ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် အစီအမံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ကို ရောက်ရှိသွားမည် ဖြစ်သည့်အတွက် ၎င်းနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်မည်ဆိုပါက အစဉ်ပြေသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
