မေးခွန်း အကြောင်းအရာ
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ၁၉၅၃-၅၄ ခုနှစ်မှစ၍ တရားဝင်အသိအမှတ်ပြုအမည်ပေါက် ရွာလေးဖြစ်ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် မြို့နယ်ခွဲအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ မြို့အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါကြောင်း၊ မြို့နယ်ခွဲမြို့အဖြစ် ၁၄ နှစ်ကြာ သက်တမ်းရှိ နေပြီဖြစ်သော်လည်း စားကျက်မြေမှ မြို့မြေအဖြစ်သို့ အားလုံးပြောင်းလဲ သတ်မှတ်ပေးခြင်းမရှိ သေးပါကြောင်း၊ မြို့မြေအဖြစ် သတ်မှတ်ပေးရန် ၁၇၅ ဧကခန့် ကျန်ရှိနေသေးပါကြောင်း ၊ အစိုးရရုံးအချို့၏မြေနေရာများကို စားကျက်မြေမှ မပယ်ဖျက်ရ သေးဟု သိရပါကြောင်း၊
ပြည်ကြီးမဏ္ဍိုင်မြို့သည် ရန်ကုန်-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ပိုမိုဖွံ့ဖြိုး တိုးတက်နေသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့နယ်ခွဲမြို့အဖြစ် တိုးမြှင့်သတ်မှတ်ချိန်တွင် မြို့၏ နယ်နိမိတ်၊ အတိုင်းအတာ၊ အကျယ်အဝန်းကို တိတိကျကျသတ်မှတ်ပြီး မြို့မြေအဖြစ် ပြောင်းလဲထားရှိပြီး ဆောင်ရွက် သင့်ပါကြောင်း၊ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စ ဆောင်ရွက်နေသည့် တာဝန်ရှိသူ များသည် တစ်မြို့လုံးအတွက် တစ်ပြေးညီဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ မြေနေရာ ခွဲခြားကန့်သတ်၍ ဆောင်ရွက် လျက်ရှိနေသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့မြေနေရာ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရာတွင် မပါဝင်မှာကိုလည်း စိုးရိမ်ပူပန်နေကြပါကြောင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သုဿန်မြေများသည် ယနေ့အထိစားကျက်မြေမှာ မပယ်ဖျက်ရသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ကြီးမဏ္ဍိုင်မြို့၏ တည်နေရာ၊ နယ်နိမိတ်အား စနစ်တကျ သတ်မှတ်ပြီးတော့ စားကျက်မြေအဖြစ်မှ မြို့မြေအဖြစ်သို့ အလုံးစုံပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ကို ရပ်ကွက်သုံး ရပ်ကွက်ဖြင့် သတ်မှတ်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ကြီးမဏ္ဍိုင်တွင် စားကျက်မြေဧရိယာ ၆၆၄.၃၂ ဧကရှိပြီး အမှန်တကယ်လူနေထိုင်လျက်ရှိသည့် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်း အသုံးပြုထားသည့် စားကျက်မြေ ဧရိယာ ၇၅ ဧက၊ လေညာအနောက်ရပ်ကွက်အတွက် အသုံးပြုထားသည့်စားကျက်မြေဧရိယာ ၂၅ ဧက၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် ဘန်ဂလားကျေးရွာနှင့် လမ်းဖုံးကမ်းကျေးရွာတို့မှာရှိတဲ့ စားကျက်မြေဧရိယာ ၄၉.၁ ဧက စုစုပေါင်းစားကျက်မြေဧရိယာ ၁၄၉.၁ ဧကကို စားကျက်မြေအဖြစ်မှ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၁၁.၈.၂၀၁၇ ရက်စွဲပါစာဖြင့် အမှုတွဲကို ကော့သောင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်လက် တင်ပြနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားကျက်မြေအဖြစ်မှ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး စားကျက်မြေအပေါ်မှာ အမှီသဟဲပြုနေသော ပတ်ဝန်းကျင်ကျေးရွာများမှ ကျွဲနွားများအတွက် ကျန်ရှိနေသည့် စားကျက်မြေများ လုံလောက်ခြင်းရှိ/မရှိ သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရ၏ သဘောထား ထောက်ခံချက်၊ တိရစ္ဆာန်ပိုင်ရှင်များနှင့် ဒေသခံပြည်သူများ၏သဘောတူညီချက်၊ အမှန်တကယ် လိုအပ်ခြင်းရှိ/မရှိ စိစစ်ချက်များနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ စိစစ်ထောက်ခံ တင်ပြချက် အပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အတည်ပြုသတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများမှ စားကျက်မြေနုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းများကို အမိန့်ကြော်ငြာစာထုတ်ပြန် ဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊
သို့ပါ၍ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း အမှန်တကယ်အသုံးပြုထားသည့် စားကျက်မြေဧ ရိယာ ဧက ၁၀၀ နှင့် ကျေးရွာမြေအဖြစ် အသုံးပြုရန် ကျေးရွာနှစ်ရွာမှာရှိသည့် စားကျက် မြေဧရိယာ ၄၉.၁၀ ဧကတို့ကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ရရှိရေးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
