(င)-ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး ကျေးရွာအား မြို့ အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၁၈.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

win myint aungစိုင်ပြင်ကျေးရွာသည် စတုရန်း သုံးမိုင်ခန့် ကျယ်ဝန်းပြီး အိမ်ထောင်စု ၁၈၀၀ ခန့်ရှိသည့် ရွာကြီး တစ်ရွာ ဖြစ်ဖြစ်ကြောင်း၊ အဓိက လမ်းပမ်း ဆက်သွယ်ရေး ကောင်းသည် ဖြစ်ကြောင်း၊ မုံရွာ-ရေဦး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်-နေပြည်တော်-မန္တလေး မြို့ကြီးသို့ အလွယ်တကူ သွားလာနိုင်ကြောင်း၊ လားရှိုး-မြစ်ကြီးနားထိ အဆင်ပြေစွာ သွားလာ နိုင်ကြောင်း၊ စိုင်ပြင်-မိုးကုတ် ကားအသင်း နှစ်သင်းရှိကြောင်း၊ စိုင်ပြင် အခြေစိုက် မုံရွာ-မန္တလေး ကားများသည် နေ့စဉ်သွားလာနေကြောင်း၊ ရွာ၏ အရှေ့မြောက်၌ အင်္ဂလိပ်ခေတ်တွင် ဖောက်ထား သည့် စိုင်ပြင်-ရေဦး လမ်းဟောင်း အရှေ့ဘက်တည့်တည့်တွှင် စိုင်ပြင်-မူးကမ်း-ရွှေဘိုလမ်း၊ အရှေ့တောင်ဘက် စိုင်ပြင်-အရာတော် ခရိုင်ချင်းဆက်လမ်း၊ အနောက်တောင်ဘက်၌ ဘုတလင်နှင့် မောင်တောင်လမ်း၊ အနောက်တည့်တည့်တွှင် စိုင်ပြင်- နှောနှက် လမ်းနှင့် အနောက်မြောက်ဘက်တွင် စိုင်ပြင်-မင်းတဲကုန်းလမ်းတို့ဖြင့် အရပ်ရှစ် မျက်နှာတွင်ရှိသည့် လမ်းများသည် အချိတ်အဆက် မိနေကြောင်း၊ တစ်မြို့နယ်လုံးတွင် စပါးစိုက်သည် တောင်သူလယ်သမားတွေ များစွာရှိသော်လည်း ယခုရွာတွင် လယ်သမား 100  ဝန်းကျင်ခန့်သာ ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း  60 ခန့် ကတည်းက ဆန်စက်ကြီးများ ရှိကြောင်း၊ လက်ရှိတွင် ရှေးဟောင်းပြတိုက်ထဲသို့ ပို့ထားရကြောင်း၊ ခေတ်မီဆန်စက် လုပ်ငန်းများ မရှိသည့်အတွက် ဆန်စပါးလုပ်ငန်းသည် နောက်ကောက်ကျကြောင်း၊ ဆီစက်၊ သီးနှံဝယ်/ရောင်း၊ စက်ကိရိယာနှင့် အရံပစ္စည်း အမျိုးမျိုး၊ အိမ်ဆောက် ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ် အိုးဖုတ်လုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ ကွန်ကရစ်ပိုက်၊ ဖိုက်ဘာပိုက်ဆိုဒ် အမျိုးမျိုး၊ ကားဝပ်ရှော့ နှင့် ဆိုင်ကယ်ပစ္စည်း၊ တယ်လီဖုန်းဆိုင်များ၊ အဝတ်အထည်၊ ကုန်စိမ်း၊ သား/ငါးစသဖြင့် ရိုးသားစွာ ရောင်းဝယ် ဖောက်ကားကြကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုဟာ တစ်မြို့နယ်လုံးတွင် မရှိသည့် အတွက် ကျွန်တော်တို့မြို့တွင်လည်း မရှိကြောင်း၊

စိုင်ပြင် အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ ၂၀၀၀ ကေ်ျာရှိပြီး အစိုးရမူလတန်း ကျောင်းအဖြစ် ဘုန်းတော်ကြီး သင်တန်းကျောင်း (၁)ကျောင်း နှင့် ဘကမူလတန်းကျောင်းအဆင့် နှစ်ကျောင်း၊ ကျူရှင်ငါးခု ဖြစ်သည့်အတွက် ပညာရေးလည်း အားကောင်းကြောင်း၊ စေတနာ့ရှင် လူမှုကူညီရေး အသင်းကြီးသည် နေ့ရောညပါ လူနာများကို မုံရွာ-မန္တလေး ဆေးရုံကြီးများသို့ ကား  ၁၀ စီးခန့်ဖြင့် အခမဲ့ ပို့ဆောင်ပေးပြီး သဘာဝဘေး အန္တရာယ်ကြုံသည့် အချိန်များတွင်လည်း တတ်စွမ်းသမျှ ကူညီကြကြောင်း၊

၂၀၁၆ ခုနှစ်တွင် ၈၈၈၈ အထိမ်းအမှတ် အဖြစ် (၁၆)ခုတင်ဆံ့ ဆေးရုံကို ဖွင့်လှစ်ခဲ့သည့် အချိန်တွင် လူနာများက အရမ်းပေါသည့် အတွက် ရာခိုင်နှုန်း ၃၀၀ ခန့် အလုပ်လုပ်နေရသည့် ဆေးရုံဖြစ်ကြောင်း၊ ရွာမိရွာဖတွေ၊ ပြည်သူတွေက လျှပ်စစ်မီးကအစ ဆေးရုံအတွက် လိုအပ်သည်ကို ကူညီအားဖြည့် ပေးရကြောင်း၊ ရတီမေတ္တာ၊ လင်းလက်ကြယ်နာရေး ကူညီမှုအသင်း အမျိုးသမီးများ အဖွဲ့ စသည့် အသင်းအဖွဲ့များကလည်း ကျန်းမာရေး၊ လူမှုရေးအတွက် စောင့်ရှောက်ပေးပါကြောင်း၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအတွက် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တွေကိုလည်း ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း၊ သန့်ရှင်းသည့် သောက်သုံးရေကို ၁၉၇၂-၁၉၇၃ ခုနှစ်တွင် စပြီး တစ်နာရီ ဂါလန် ၁၁၀၀၀ ထွက်သည့် ရေလျှံတွင်း တွေရှိခဲ့သဖြင့် တစ်ရွာလုံးတွင် အိမ်ရှေ့အရောက် ရေကိုသွယ်တန်း အသုံးပြုနိုင်ခဲ့ကြပြီး အိမ်ခြေ လူဦးရေ တိုးတက် များပြား လာသည့်အတွက် ရေတွင်းတူးသည့်အခါ ရေလျှံတွင်းများသာ ထွက်ကြောင်း၊

ကျောင်းပေါင်း ၁၂၀ မျှ ရေးသားပြုစုခဲ့သည့် လယ်တီဆရာတော် ဘုရားကြီး၏ မွေးဖွားရာ ဇာတိဖြစ်သဖြင့် ဘုန်းကြီးကျောင်း ကိုးကျောင်းတွင် ပတိယတ္တိ ပရိယတ္တိများကို အားထုတ်နေသော သံဃာတော်များသည် အေးချမ်းငြိမ်သက်စွာ သတင်းသုံးတော်မူကြကြောင်း၊ မုံရွာလယ်တီ ကျောက်စာတွင် မပါရှိသော၊ ကြွင်းကျန်ရစ် ခဲ့သည့် လယ်တီ ဆရာတော်ဘုရားကြီး၏ စာပေများကို ကျောက်ထပ် အက္ခရာသင်ရန် ဆောင်ရွက်နေကြကြောင်း၊ လယ်တီ ဆရာတော်ဘုရားကြီး၏ မွေးနေ့ကိုလည်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပကြကြောင်း၊ မုံရွာ-ကလေး တောင်ဘက်ကပ်လျက်  မြေလွတ် ၄၄ ဧက ရှိနေသည့်အတွက် လိုအပ်သည့် ရုံးအဆောက်အအုံများ ဆောက်လုပ်ရန်နှင့် အားကစားကွင်း တည်ဆောက်ရန် အဆင်သင့်ရှိပြီး ဖြစ်ကြောင်း၊ မြို့အင်္ဂါရပ်တွင် လိုအပ်သည့် အချက် ၂၁ ချက် ပြည့်မီသည့်အတွက် မြို့အဖြစ် သတ်မှတ်ပေးသင့်ကြောင်း၊

စုဘုရားကြီး ဟု အမည်တွင်သည့် ဘုရင့်သမီးတော်သည် မပိုင်ခင် စိုင်ပြင် ထွက်ပါဘိ မဆိုင်လျှင် နိုင်ချင်ကြက်ကဲ့နဲ့ အစရှိသည့် ကဗျာလွတ်ကို ဝမ်းနည်းပမ်းနည်းစပ်ဆိုခဲ့ဖူးကြောင်း၊ စိုင်ပြင် ဈေးသူဈေးသားများကလည်း တစ်ချိန်တုန်းက ဝမ်းနည်းခဲ့ရကြောင်း၊ စိုင်ပြင်ဆိုသည့် အဓိပ္ပာယ်က မြင်သာ ထင်သာရှိသည့် လွင်ပြင်နေရာကို ပြောခြင်းဖြစ်ကြောင်း၊ တစ်မြို့နယ်လုံး၏ အခွန်ဘဏ္ဍာ ၆၅ ရာခိုင်နှုန်း ကျော်ကို စိုင်ပြင်ရွာက အခွန်ထမ်းနေခြင်း ဖြစ်ကြောင်း၊ သို့သော် မဆိုင်သလို နေရပြီး အနိုင်ကျင့်ခံရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွင် ဆုတ်စိုင်း နေခဲ့ရဖူးကြောင်း၊ ယခုပွင့်လင်းလာသည့် ခေတ်တွင် စိုင်ပြင် ဈေးသူဈေးသားများနှင့် ဈေးကြီးကို သပ်သပ်ရပ်ရပ် တည်ဆောက်ခကြောင်း၊ ဆေးရုံကိုလည်း ပံ့ပိုးထားပြီး ရွာတွင်းလမ်းတွေကိုလည်း ပြုပြင်နေကြောင်း၊ ပညာရေး အတွက်လည်း အားသွန်ခွန်စိုက် ကူညီဆောင်ရွက်နေကြောင်း၊ ထို့အတွက် စိုင်ပြင်သူ စိုင်ပြင်သားများက ယနေ့ခေတ်တွင် ကျုပ်တို့က ကျုပ်တို့ ဈေးကို ရွှေချထားမယ် ဟု ကြွေးကြော်နေကြကြောင်း၊ ထိုကြောင့် ကိုယ့်မြို့ ကိုယ့်ရွာကို ရွှေချထားလိုသည့် ခိုင်ပြင်ကြီးကျေးရွာအား မြို့အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ
ဖြေကြားချက် 

gen aung soeပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိသည့် ကျေးရွာ၊ ကျေးရွာ အုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည် ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ကြောင်း၊

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်ကျေးရွာအုပ်စုကို စိုင်ပြင် ကျေးရွာ၊ စိုင်ပြင် (မြောက်)ကျေးရွာ၊ စိုင်ပြင်(တောင်)ကျေးရွာ၊ သရက်ခေါင်းကျေးရွာ၊ ရွှေဒါးကန် ကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ တောလည်ကျေးရွာနှင့် ဂွေးပင်ကုန်း ကျေးရွာတို့ဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၁၉၆၁ လုံး၊ အိမ်ထောင်စု ၁၉၈၉ စု၊ လူဦးရေ ၉၆၈၅ ဦးတို့ နေထိုင်လျက်ရှိကြောင်း၊ စိုင်ပြင် ကျေးရွာအုပ်စု အတွင်းတွင် ရှိသည့် စိုင်ပြင်ကျေးရွာ၊ စိုင်ပြင်(မြောက်)ကျေးရွာနှင့် စိုင်ပြင်(တောင်) ကျေးရွာတို့ကို ပေါင်းပြီး စိုင်ပြင်မြို့အဖြစ် မြို့အဆင့် တိုးမြှင့်နိုင်ရေးအတွက်ကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့သည့် အချိန်တွင် မြို့အင်္ဂါရပ်များနှင့် ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အမှုတွဲပြုစုပြီး ရွှေဘိုခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားရှိပြီး ဖြစ်ကြောင်း၊

          တင်ပြလာမှုအရ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက် ရက်စွဲပါစာနှင့် စိုင်ပြင်မြို့အဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခွင့် ရရှိရေးအတွက်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ထားရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၃၇ တွင် စိုင်ပြင်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန် အတည်ပြု ဆုံးဖြတ်ထားရှိပြီး ဖြစ်ကြောင်း၊

          ထို့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာအုပ်စု၊ စိုင်ပြင်ကျေးရွာ၊ စိုင်ပြင်(မြောက်)ကျေးရွာနှင့် စိုင်ပြင်(တောင်)ကျေးရွာတို့ကို စိုင်ပြင်မြို့အဖြစ် မြို့အဆင့် တိုးမြှင့်သတ်မှတ် နိုင်ရေးအတွက် မြေပုံများနှင့် အချက်အလက်များအား ပြုစုနေပါ၍ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၄ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည် ရှင်းလင်းဖြေကြားအပ်ပါတယ်။