မေးခွန်း အကြောင်းအရာ
ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၃)ဆိပ်ခံတံတားနှင့် ရပ်ကွက် သမဝါယမ အသင်းဆိုင်ဟောင်းကြားရှိ မြစ်ကမ်း မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို ဂရန် ခွင့်ပြုခြင်းသည် တရား ဥပဒေနှင့် မညီညွတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ဥပဒေနှင့် ဆန့်ကျင်ကာ တာဝန်ရှိသူများနှင့် ပူးပေါင်း ရယူထားကြခြင်း ဖြစ်ပါကြောင်း၊
ခွင့်ပြုထားသည့် ဂရန်မြေများသည် ကမ်းနားမြေများဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စီမံခန့်ခွဲသည့် မြေအမျိုးအစား ဖြစ်ပါကြောင်း၊ အစိုးရမြေ(Government Land)ကို ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဂရန်ပေးခွင့်မရှိဘဲ ဂရန်ချ ထားပေးခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် Land of Government Deposits မြေကိုသာ ဂရန်ပေးခွင့် ရှိပါကြောင်း၊
ကျောက်ဖြူမြို့ မြစ်ကမ်းတွင်ရှိသော ဆိပ်ကမ်းနှစ်ခုနှင့် အမှတ်(၁)ဆိပ်ကမ်းကို Daewoo ကုမ္ပဏီကို အသုံးပြုခွင့် ပေးထားပြီး အမှတ်(၃)ဆိပ်ကမ်းကို နိုင်ငံတော်၏ ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မကြာမီ တိုးချဲ့ အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆိပ်ကမ်းကို တိုးချဲ့အသုံးပြုရန် ယခင်အစိုးရ အဆက်ဆက်က အဆောက်အဦများ ဆောက်လုပ်ခြင်း မပြုဘဲ အဆိုပါ နေရာရှိ ယာယီ အဆောက်အဦများကိုပင် ဖယ်ရှားထားခဲ့ပါကြောင်း၊
ထို့ကြောင့် ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၃)ဆိပ်ခံတံတားနှင့် ရပ်ကွက် သမဝါယမ အသင်းဆိုင်ဟောင်းကြားရှိ မြစ်ကမ်း မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို ဂရန် ခွင့်ပြုမိန့် ရရှိထားကြသူများ၏ ဂရန် ခွင့်ပြုမိန့်များကို မည်သည့်အချိန်တွင် ပြန်လည်ရုပ်သိမ်းပေး မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်တို့နှင့် မြေထိန်းနံရံအပြင်ဘက်ရှိ မြေရှိ အဆောက်အဦ၊ မြေကွက်များနှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ ကိုယ်တိုင်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ချက်များ အရ စစ်ဆေးတွေ့ရှိချက်သည် မြေငှားဂရန် ရရှိပြီးသူ ၁၁ ဦး၊ ဂရန် လျှောက်ထားဆဲ တစ်ဦး၊ ပုစွန်၊ ငါးဒိုင် ၁၀၃ ဦး၊ ကျူးကျော်နေထိုင်သူ ၄၃ ဦး စုစုပေါင်း ၁၅၈ ဦး နေထိုင်လျက် ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ အကွက်အမှတ် (၂-ဂ)အနောက်ပိုင်းအကွက်သည် မူလအတိုင်းအဖြစ် ၁၉၀၅-၁၉၀၆ ခုနှစ်တွင် တိုင်းတာပြီး ပြင်တိုင်းအဖြစ် ၁၉၅၉-၁၉၆၀ ခုနှစ်တွင် တိုင်းတာ ဆောင်ရွက်ခဲ့ကာ ဦးပိုင်မှတ်ပုံတင် စာရင်း(၁-က)၊ (၁-ခ)စာရင်းများကို ၁၉၆၀ ခုနှစ်ကပင် ထူထောင်ခဲ့သည့်အတွက် မြေကွက်အမှတ်(၆၄)၊ မြေဧရိယာ ၈.၆၈၉ ဧကနှင့် မြေကွက်အမှတ်(၈၁)၊ မြေဧရိယာ ဝ.၉၃၅ ဧကတို့သည့် အစိုးရ သီးသန့်မြေအဖြစ် ဖော်ပြထားရှိပါကြောင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရဲ့ ၂၀၁၀ ခုနှစ်၊ မတ်လ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊(၇၂/၂၀၁၀)ဖြင့် ကျောက်ဖြူဆိပ်ကမ်း နယ်နိမိတ်ကို သတ်မှတ်ထုတ်ပြန် ခဲ့သော်လည်းပဲ ဆိပ်ကမ်းနယ် နိမိတ်နယ်မြေ သတ်မှတ်နိုင်ရေးအတွက် အမိန့် မထုတ်ပြန်မီကပင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့်လည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်လည်းကောင်း ကျောက်ဖြူဆိပ်ကမ်းနယ်မြေအတွင်း ပါရှိနေသော မြေ အမျိုး အစား တိုင်းတာစိစစ်ခြင်းနှင့် အမိန့် ထုတ်ပြန်ပြီးချိန်လည်းကောင်း မြေအမည်ပေါက် မှတ်သား ဆောင်ရွက်ပေးရန် ညှိနှိုင်းတင်ပြမှု၊ ဆောင်ရွက်မှုများ မရှိသည့်အတွက် ကျောက်ဖြူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ Land Record အရ ဦးပိုင်မှတ်ပုံတင်စာရင်း(၁-က)သည် အစိုးရသီးသန့်မြေ အဖြစ်သာ တည်ရှိသည်ကို တွေ့ရှိရပါကြောင်း၊
ဂရန်ငါးခုထုတ်ပေးမှုနှင့်ပတ်သက်ပြီး ခရိုင်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဒေါ်မြနု၊ ဒေါ်စိုးစိုးသက်၊ ဒေါ်မော်မော်သန်းတို့ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဂရန်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ဦးတင်မောင်ဆွေနှင့် ဒေါ်သိန်းတန်၊ ဒေါ်မြကေသွယ်တို့၏ မြေဂရန်နှစ်ခုသည် ယခင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြေဂရန် ထုတ်ပေးထားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ကာယကံရှင်များ၏ သဘောဆန္ဒအလျောက် ဂရန်နှစ်ခုကိုတော့ ပယ်ဖျက်ထားပါကြောင်းနှင့် လက်ရှိမြေပြင်တွင် ပကတိအနေအထားအတိုင်း မြေအသုံးချထားမှု မရှိခြင်း၊ ဒီရေတက်ချိန်တွင် ရေပြင်အဖြစ်တွေ့ရှိရခြင်း၊ ဒီရေကျသည့်အခါ ရွှံ့မြေများအဖြစ်သာ ကျန်ရှိခဲ့ခြင်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊
ကျောက်ဖြူမြို့၊ မြစ်ကမ်းနားလမ်းရှိ မြေထိန်းနံရံအပြင်ဘက်ကမ်းခြေတွင် အဆောက်အဦများ ဆောက်လုပ်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၀ ရက် နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၁၇) အစည်းအဝေး ဆုံးဖြတ်ချက်အရ ယာယီတားမြစ်မိန့်ထုတ်ပြန်ရန်နှင့် မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ဆုံးဖြတ်ပါကြောင်း၊ ထို့နောက် ကျောက်ဖြူခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ကျောက်ဖြူ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်ကို အကြောင်းကြားထားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ တားမြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလည်း တားမြစ်မိန့်ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ရာ လိုက်နာခြင်း မရှိသူများကို ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂရန်ထပ်မံချထားခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ဦးတင်မောင်ဆွေ၊ ဒေါ်သိန်းတန်၊ ဒေါ်မြကေသွယ်တို့၏ မြေနှစ်ကွက်၊ ဂရန်နှစ်ခုကို ၎င်းတို့ ဆန္ဒအရ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်းနှင့် ကျန်မြေကွက်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ မြေထိန်းနံရံအပြင်ဘက်ရှိ ငါး၊ ပုစွန်ဒိုင်များ၊ အဆောက်အဦ၊ မြေကွက်များ စနစ်တကျရှိစေရေး နှင့် ဆိပ်ကမ်းသာယာလှပစေရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ မြေနေရာရယူထားသူများ၊ ၎င်းနေရာတွင် မှီခို လုပ်ကိုင်စားသောက်နေသူများ၊ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာတွေ့ဆုံပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
