မေးခွန်း အကြောင်းအရာ
ပြည်သူ့မူဝါဒတစ်ခုချမှတ်သည့်အခါတွင် အရက်ကို များများ သောက်စေချင်ပါက အလွယ်တကူရအောင် ဖန်တီးပေးထားပြီး ဈေးပေါအောင် လုပ်ထားပြီး နိုင်ငံတကာတွင် အရက်ကိုများများ မသောက်စေချင် သည့်အခါ လက်လှမ်းမမီအောင်လုပ်ထားပြီး ဈေးကြီးအောင် အခွန်နှုန်းများ တိုးမြှင့်ထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ချက်အရက်နှစ်မျိုးရှိသည်ကို တွေ့ရပါကြောင်း၊ CS2 လို့ခေါ်သည့် Country အရက်များချက်လုပ်ခွင့်ကို တရားဝင်ပေးထားသလို၊ တရားမဝင်လည်း အရမ်းပေါများနေပါကြောင်း၊ လိုင်စင်ကြေးလောက်သာရပြီး သောက်သုံးသည့်နေရာတွင် အခွန်ငွေတွေလည်း စီးစီးကြပ်ကြပ်မရှိသည့်အတွက်ကြောင့် ကျေးရွာများတွင် ဈေးပေါပေါနဲ့ ၎င်းအရက်များ ပေါများနေသည်ကိုတွေ့ရပါကြောင်း၊ Distillery နည်းနှင့် အရက်ချက်သည့် စက်ရုံများမှ ထွက်လာသည့်အရက်များသည် လိုင်စင်ပေးသည့် အချိန်တွင် သတ်မှတ်စည်းကမ်းများ မတင်းကြပ်၊ အားနည်းသည်ကို တွေ့ရပါကြောင်း၊ စက်ရုံတော်တော် များများသည် စက်မှုဂရန်မရှိ၊ သတ်မှတ်အချက်အလက်များ မပြည့်စုံဘဲနှင့် လုပ်ငန်း လိုင်စင်လုပ်ရသည့်အတွက် ဈေးပေါပါကြောင်း၊ အရက်များသည် အရည်အသွေးမမှန်ဘဲ ဈေးကွက်ထဲတွင် ကျယ်ကျယ် ပြန့်ပြန့်ရောက်နေသည့်အတွက် လူမှုရေး ပြဿနာများ၊ ခိုက်ရန်ဖြစ်ပွားမှုများဖြစ်လာပါကြောင်း၊ မိသားစုထဲတွင် အကြမ်းဖက်မှုများ၊ စီးပွားရေးများကျဆင်းပြီး ကျန်းမာရေးဆိုးရွားလာပါကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ထားသည့် အခွန်အခများ ဝင်မှုအားနည်းလာသည့်အတွက် နိုင်ငံတော်အတွက် နစ်နာမှုအရမ်းကြီးမားပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ကျဆင်းလာပါကြောင်း၊ အရက်သောက်နှုန်း မြင့်လာသည့်အတွက် နိုင်ငံ့အနှံကျေးရွာများတွင် တရားမဝင်နှင့် တရားဝင်ပါချက်နေကြသော ချက်အရက်များကို ထိန်းချုပ်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၂၈ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေများနှင့် ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးအက်ဥပေဒ ကို ပြင်ဆင် သည့် ဥပဒေတို့ကို ကျင့်သုံးပြီး ယစ်မျိုးဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းများဖြစ်သည့် ယစ်မျိုးလိုင်စင် ခွင့်ပြုခြင်း၊ စည်းကမ်းပျက်လိုင်စင်များ ပိတ်သိမ်းခြင်း၊ ယစ်မျိုးခွန်ကောက်ခံခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယစ်မျိုးလိုင်စင်ရယူခြင်းမရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ လိုင်စင်ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခြင်းများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယစ်မျိုးမှုခင်းများစုံစမ်းထောက်လှမ်းခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်းကောင်း၊ ယစ်မျိုးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းလုပ်ငန်းများကို တရားရုံး အဆင့်ဆင့်မှလည်းကောင်း ယစ်မျိုးအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊
ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ယစ်မျိုးလိုင်စင်များ ချထားပေးရာ တွင် ယစ်မျိုးမူဝါဒအဖြစ် အရက်သေစာသောက်စားခြင်း အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ သေရည်သေရက် ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေဘဲ အရက်များအပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှကြီးမြှင့်ကောက်ခံရန်၊ မူးယစ်စေတတ်သော သေရည်သေရက်ကို ရောင်းချခြင်းမှ အခွန် ငွေ ရရှိစေရန်အလို့ငှာမဟုတ်ဘဲ ၎င်းကိုသောက်သုံးခြင်း အလေ့အထခေါင်းပါးစေရန်အတွက် ရည်ရွယ် ပြဋ္ဌာန်းထားရှိပါကြောင်း၊
ယစ်မျိုးမူဝါဒအပေါ် အခြေခံပြီး ယစ်မျိုးဆိုင်ရာအခြေခံမူများတွင် ပေါင်းဖိုဖြင့်အရက်ချက်လုပ်ခြင်းကို ဖြစ်နိုင်သမျှဖျက်သိမ်းရန်၊ ဗဟိုအရက်ချက်စက်ရုံ တည်ထောင်ခြင်းလုပ်ငန်းကို တဖြည်းဖြည်းအားပေးသွားရန်၊ ပြည်တွင်းဖိုထွက်ချက်အရက်အပေါ်တွင် အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြှင့်ကောက်ခံရန်၊ သို့ရာတွင် ပြည်ပမှ တင်သွင်းသော အရက်များထက် အခွန်နှုန်းမများစေရန်၊ ခွင့်ပြုအရက်ဆိုင်အရေအတွက်ကို ကန့်သတ်ထားရန် သတ်မှတ်ထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ယစ်မျိုးအစီအစဉ်များ ခွင့်ပြုပေးရာတွင်လည်း ယစ်မျိုးမူဝါဒနှင့်အညီ တစ်နှစ်ထက်တစ်နှစ် လျှော့ချခွင့်ပြုလျက်ရှိရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် တစ်နိုင်ငံလုံးတွင် ၄၁၂၉၃ ခု ခွင့်ပြုခဲ့ပြီး ယနေ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်အရေအတွက် ၄၁၁၄၀ ခုသာ လျှော့ချခွင့်ပြုပေးခဲ့ပါကြောင်း၊
အရက်ဖိုပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်နှင့် ဖိုထွက်အရက်လိုင်စင်တွေကို ၂၀၁၅-၁၆ ခုနှစ်တွင် ၄၀၆ ခု ခွင့်ပြုခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်တွင် ၃၉၇ ခုသာ ခွင့်ပြုပေးခဲ့ပါကြောင်း၊ နှစ်စဉ်ယစ်မျိုး အစီအစဉ်အရ ခွင့်ပြုထားသည့် အရက်၊ ဘီယာ၊ ဝိုင်ထုတ်လုပ်မှုများကိုလည်း အများပြည်သူသောက်သုံး ရန်သင့်/မသင့် ဓာတုဗေဒစစ်ဆေးမှုခံယူပြီး လိုင်စင်နှင့်အရက်ဖိုပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်နှင့် ဖိုထွက်အရက်လိုင်စင်မှ ထွက်ရှိ သော အရက်များကို ဓာတုဗေဒစစ်ဆေးရေးဌာနတွင်လည်းကောင်း၊ လိုင်စင်ထုတ်ပေးသည့် အရက်၊ ဘီယာ၊ ဝိုင်များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်းကောင်း စစ်ဆေးမှုခံယူစေလျက်ရှိပါ ကြောင်း၊ ဓာတုဗေဒပစ္စည်းများပါဝင်နေပါက အဆိုပါလိုင်စင်မှ အရက်ထုတ်လုပ်မှု၊ ရောင်းချမှုကို ယာယီ ရပ်ဆိုင်းပေးရန် နေပြည်တော်တိုင်း၊ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် များသို့လည်း ညွှန်ကြားထားပါကြောင်း၊ ယစ်မျိုးဆိုင်ရာစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များအပြည့်အဝ ရရှိစေရန်၊ လိုင်စင်မဲ့ဆောင်ရွက်နေမှုများကို ဥပဒေနှင့်အညီ စနစ်တကျ အရေးယူဆောင်ရွက်ရန်၊ ယစ်မျိုးလိုင်စင်များ အခွန်တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေး Task Force များကို ဖွဲ့စည်းပြီး ယစ်မျိုးဆိုင်ရာလုပ်ငန်းများကို စိစစ်အရေးယူလျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ၁၀၂၆၄ ကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၆၆၃၃ မှုဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၆၀၅၇ ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၃၂၃၅၀ ကြိမ် အရေးယူနိုင်ခဲ့ပြီး သတင်းပေးပို့တိုင်ကြားချက်များ ရရှိပါကလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ် ဇူလိုင်လ အထိ တရားမဝင်အရက်ချက်ထုတ်လုပ်မှုများကို စိစစ်အရေးယူသည့်အခါ ဖမ်းဆီးရမိမှု ၃၁ မှုရှိခဲ့ပြီး လိုင်စင်ရှိသော်လည်း လိုင်စင်စည်းကမ်းနှင့်မညီသဖြင့် ဖမ်းဆီးမှု နှစ်မှု စုစုပေါင်း ၃၃ မှုကိုလည်း အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေမှာပါရှိသည့် တရားမဝင် ယစ်မျိုး ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်း တို့နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထား သည့် ပြစ်ဒဏ်နှင့် ဒဏ်ငွေများကို ထိရောက်ဟန့်တားခြင်း၊ ပြစ်ဒဏ် များဖြစ်စေရန်အတွက် ခေတ်ကာလနှင့်လျော်ညီသော ဒဏ်ငွေချမှတ်နိုင်ရန် မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၂.၁၂.၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆၆ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ပြစ်ဒဏ်နှင့်ဒဏ်ငွေများကိုလည်း တိုးမြှင့် သတ်မှတ်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊
သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် အရက်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ယစ်မျိုးမူဝါဒနှင့်အညီ ယစ်မျိုးလိုင်စင်များကို တစ်နှစ်ထက်တစ်နှစ် လျှော့ချခွင့်ပြုလျက်ရှိပြီး တရားမဝင်အရက်ချက်လုပ်ငန်းများအပါအဝင် တရား မဝင်ယစ်မျိုးလုပ်ကိုင်မှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် Teak Force များဖြင့် စီစစ်အရေးယူဆောင်ရွက် လျက်ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။
ဦးမျိုးဇော်အောင်(ကောလင်း) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကျေးရွာ၊ ရပ်ကွက်များတွင် အရက်ရောင်းချသည့်အချိန်ကို အချိန့်အကန့်အသတ်မှု၊ နေရာကန့်သတ်မှု၊ အသက်ကန့်သတ်မှုများ လုပ်ပေး နိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း တစ်ဆက်တစ်စပ်တည်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးမှ ဖြေကြားပါသည်။
အထွေထွေ အုပ်ချုပ်ရေးဌာနအနေဖြင့် ကျေးရွာ/ရပ်ကွက်/မြို့နယ်အဆင့်ထိလည်း အဆင့်ဆင့်နည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရက်ဆိုင်ဖွင့်မှုနှင့် ပတ်သက်၍ အချိန်ကန့်သတ်ခြင်းကို ဥပဒေပြဋ္ဌာန်းချက်ထဲတွင် မပါရှိပါကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုဘောင်ထဲတွင်သာရှိသည့်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
