မေးခွန်း အကြောင်းအရာ
ရခိုင်လူ့အဖွဲ့အစည်းတွင် ဘူးလေးရာဖရုံဆင့်သကဲ့သို့ တစ်နေ့တခြားဆိုးဆိုးဝါးဝါးပျံ့နှံ့ရောက်ရှိလာသည်မှာ တရားမဝင်မူးယစ်ဆေးဝါးများဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကြားဖူးရုံသာရှိခဲ့သည့် မူးယစ်ဆေးဝါးပုံစံ အမျိုး မျိုးသည် ရခိုင်ပြည်နယ်တွင် ငါးပိ၊ ငါးခြောက်ဝယ်ရသည်ထက် ပိုမိုလွယ်ကူနေသည့် အခြေအနေမျိုး ဖြစ်နေ ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဆင်းရဲပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါကြောင်း၊ ထို့ကြောင့် စမ်းသပ်လုပ်ကိုင်ကြရာမှ လောဘသားကောင်များ ဖြစ်သွားကြသကဲ့သို့ တချို့ကစမ်းသပ်သုံးစွဲကြည့်ရာမှ မူးယစ်သားကောင်ဖြစ်သွားကြသည့်အတွက် မူးယစ်ဆေးဝါးဈေးကွက်သည် ပိုမိုကျယ်ပြန့်အားကောင်းလာ သည်ဟု ယူဆ၍ရပါကြောင်း၊ သတင်းတစ်ပုဒ်အရ ရခိုင်ပြည်နယ်တွင် မူးယစ်ဖြင့်ဖမ်းမိသည့်အမှုများသည် ၂၀၁၀ ခုနှစ်တွင် ၂၁ မှု၊ ၂၀၁၁ ခုနှစ်တွင် ၁၈ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၅ မှု၊ ၂၀၁၃ ခုနှစ်တွင် ၃၄ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၂ မှု၊ ၂၀၁၅ ခုနှစ်တွင် ၉၁ မှုနှင့် ၂၀၁၆ ခုနှစ်တွင် ၁၇၁ မှုရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် တရားမဝင်မူးယစ်ဈေးကွက်ကြီးသည် တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်ဖြင့်တိုးတက်လာနေသည်ကို မီးမောင်း ထိုးပြနေပါကြောင်း၊ ယခုလ ၁၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် သိန်းပေါင်း ၉၅၀၀ တန်ဖိုးရှိသော WY ဆေးပြားများဖမ်းဆီးရမိကြောင်း သတင်းတစ်ပုဒ်တွင်ဖတ်လိုက်ရပါကြောင်း၊ သက်ဆိုင်ရာကမဖမ်းမိဘဲ မည်မျှအထိအလုပ်ဖြစ်သွားကြပြီကို ယခုတောရော၊ မြို့ပါလွယ်ကူစွာရရှိနေသော အခြေအနေများက အထင် အရှားပြသနေပါကြောင်း၊ ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သော ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုလမ်းကြောင်းတစ်ခု ဖြစ်ပေါ် နေသည်ဟု အတိအလင်းဖော်ပြထားပါကြောင်း၊
မူးယစ်ဆေးဝါး၏အဓိကပစ်မှတ်က လူကြီးများမဟုတ်ပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်၏ အဖူးအပွင့်များသည် မူးယစ်သားကောင်များဖြစ်နေကြရပါကြောင်း၊ လူငယ်များ စုပြုံနေသော ဘော်ဒါဆောင်များ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များသည် မူးယစ်ဆေးဝါး၏ အဓိကပစ်မှတ်ကြီးများဖြစ်နေပါကြောင်း၊ ပြီးခဲ့သည့်အပတ်က သတင်းတစ်ပုဒ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကို ကာကွယ်တားဆီးသောအနေဖြင့် စစ်တွေတက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများကို ကျောင်းသား စိစစ်ရေးကတ်များနှင့် စနစ်တကျစိစစ်ပြီးမှ ကျောင်းဝင်းထဲကိုဝင်ခွင့်ပြုနေရသည်ဟု ဖတ်ရှုလိုက်ရသည့်အတွက် အခြေအနေ အလွန်ဆိုးရွားနေပြီး ရင်လေးစရာကောင်းသည့်ကိစ္စများဖြစ်သည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်ပါကြောင်း၊ လူကြီးမိဘများအနေဖြင့် နေ့စဉ်နှင့်အမျှရတက်မအေးဖြစ်နေကြရပါကြောင်း၊ မိမိကဒေသ ဆိုင်ရာအာဏာပိုင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အစည်းအဝေးပြုလုပ်သည့်အခါ အုပ်အော် သောင်းနင်းဖြစ်ပေါ်နေသော ဖြစ်စဉ်များအပေါ်တွင် အရေးမယူဘူးလားဟုမေးသည့်အခါ လာရောက် တိုင်ကြားမည့်သူမရှိသည့်အတွက် အရေးမယူနိုင်ပါဟု ပြန်လည်ဖြေကြားပါကြောင်း၊
မိမိတို့လူ့အဖွဲ့အစည်း၏ သဘာဝသည် အချင်းချင်းအားနာတတ်ပါကြောင်း၊ တစ်ဦးတစ်ယောက် နစ်နာ မည့်ကိစ္စကို မျက်နှာပျက်ခံပြီး ပြောဆိုလုပ်ကိုင်ရန်ဝန်လေးပါကြောင်း၊ ဌာနဆိုင်ရာရုံးများ အထူးသဖြင့် ရဲစခန်း၊ တရားရုံးများနှင့် ကင်းကင်းဝေးဝေးနေလိုပြီး နောက်ဆက်တွဲဖြစ်လာနိုင်သောပြဿနာများကို စိုးရိမ်ခြင်းများ ရှိနေသည့်အတွက် တစ်စုံတစ်ယောက်လာရောက်တိုင်တန်းသည်အထိ စောင့်နေသည်မှာ အစိုးရတစ်ရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုများအပေါ် ပြည်သူတို့ယုံကြည်မှုနည်းလာစေရန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေ သည့်အတွက် ယနေ့ရခိုင်ပြည်နယ်အနှံ့ တောရော၊ မြို့ပါ လွယ်ကူစွာပျံ့နှံလာနေသည့် မူးယစ်ဆေးဝါးများကို ကာကွယ်တားဆီးတိုက်ဖျက်ရန် နိုင်ငံတော်က မည်သို့လုပ်ဆောင်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် နိုင်ငံတကာကွန်ဗင်းရှင်းများနှင့်အညီ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေ၊ ၁၉၉၅ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေနှင့် ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေတို့ကို ပြဋ္ဌာန်းထားရှိသည့်အပြင် ၁၉၇၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို (၆)ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ တွင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ ဗဟိုအဖွဲ့လက်အောက်တွင် မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့တို့ကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းပေး၍ လုပ်ငန်းတာဝန်များကိုသတ်မှတ်ပြီး မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မောင်တောမြို့နယ်တွင် မူးယစ်တပ်ဖွဲ့စု ၄၆ ၊ စစ်တွေမြို့တွင် မူးယစ်တပ်ဖွဲ့စု ၄၇၊ ကျောက်ဖြူမြို့တွင် မူးယစ်တပ်ဖွဲ့စု ၄၈ တို့ကို ဖွဲ့စည်းပြီး အသီးသီးတာဝန်ချထားခဲ့ပါကြောင်း၊ ၎င်းမူးယစ်တပ်ဖွဲ့များသည် တပ်မတော်၊ ပြည်နယ်ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ အမှုပေါင်း ၃၂၅ မှု၊ တရားခံ ၄၈၆ ဦးဖမ်းဆီးရမိနိုင်ခဲ့ပါကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉.၆၇ သန်းကျော်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို ပြည်နယ်ရဲ တပ်ဖွဲ့၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များသည် ဒေသအတွင်းရှိ တပ်မတော်၊ ဌာန ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အထူးစီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်အတွင်း မေယုစစ်ဆင်ရေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည့်အခါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၁၇ မှု၊ တရားခံ ၂၇ ဦး၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄.၈ သန်းကျော်၊ ဆေးခြောက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမိမှုပေါင်း ၇၅ မှု၊ တရားခံ ၁၀၉ ဦး၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁.၄ သန်းကျော်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တားဆီးနှိမ်နင်းရေးကို တိုးမြှင့်အရေးယူဆောင်ရွက်နေသည့်အပြင် ပြည်သူ လူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများ ပျံ့နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် မူးယစ် ဆေးဝါးအန္တရာယ် ပညာပေးဟောပြောခြင်း၊ ပညာပေးဆိုင်းဘုတ်၊ ပိုစတာများစိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြားတို့မှ ပညာပေးအစီအစဉ်များ ရေးသား ထုတ်လွှင့်ခြင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများကို မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲမှုများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၅ ခုနှစ်တွင် ၅၆၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၅၀၄ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၃၂၃ ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း ၁၃၉၁ ကြိမ်တွင် ကျောင်းသားကျောင်းသူပေါင်း ရှစ်သောင်း ကျော်ကို ပညာပေးမှုများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ဒေသခံပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် မူးယစ်ကင်းစင်ကျောင်း၊ မူးယစ် ကင်းစင်ရပ်ကွက်နှင့် မူးယစ်ကင်းစင်ကျေးရွာများကို တည်ထောင်ဆောင်ရွက်လျက်ရှိခဲ့ရာတွင် အထိုက် အလျောက်အောင်မြင်မှုများ ရရှိနေပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မူးယစ်ကင်းစင်ကျောင်း ၄၂ ကျောင်း၊ မူးယစ်ကင်းစင်ရပ်ကွက် ၂၅ ရပ်ကွက်၊ မူးယစ်ကင်းစင်ကျေးရွာ ၆၃ ရွာအဖြစ်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုအားကိုရယူပြီး ဆက်လက်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းပပျောက်စေရေးဆောင်ရွက်ရာတွင် လက်ရှိ ကျင့်သုံးနေသော ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကို လက်ရှိကာလအခြေအနေနှင့်ကိုက်ညီစေရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုထားရှိပြီး ဖြစ်ပါကြောင်း၊ မူးယစ် ဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ကုလသမဂ္ဂအကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်ပြီး ပြည့်စုံကောင်းမွန်သော မူဝါဒများပါဝင်သော မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် လမ်းပြမြေပုံ Road Map များချမှတ်ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ် ရေးဆွဲနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များကို အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ပျံ့နှံ့လာမှုကို နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကဏ္ဍပေါင်းစုံမှ ထိထိရောက်ရောက်ကာကွယ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဆင့်ဆင့်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များ၊ အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဖော်ထုတ်ဖမ်းဆီးရေးကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြား ပါသည်။
ဦးဦးထွန်းဝင်း(ကျောက်တော်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြီးခဲ့သည့်တစ်နေ့က မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး လက်တွေ့ခံစားနေရသည့် အတွေ့အကြုံများကို မျှဝေပေးကြရန် Online ပေါ်မှတစ်ဆင့် မိမိဖိတ်ခေါ်သည့်အခါ စစ်တမ်းတစ်ခုကောက်ယူကြည့်ရာတွင် အများစုက ယနေ့မူးယစ်ဈေးကွက်သည် မှောင်ခိုဈေးကွက်ပုံစံမဟုတ်ဘဲ တရားဝင်လုပ်နေကြသည့်အခြေအနေ များနှင့် ၎င်းတို့ဖြစ်ပေါ်နေသောစိုးရိမ်သောကများကို ပြောကြားရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သော လုပ်ငန်းစဉ်တွင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ပတ်သက်နေ သည်ဟု ပြောကြပါကြောင်း၊ စီမံချက်တစ်ခုဖြင့်ဆောင်ရွက်ပါက အဓိကနစ်နာသွားသည့်သူများမှာ အောက်ခြေကပြည်သူများ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က နယ်ခြားစောင့်စခန်းတစ်ခုတွင် တရားမဝင်မူးယစ်ဆေးဝါးစုပြုံပြီးဖမ်းမိခြင်းများ၊ ၂၀၁၇ ခုနှစ်၊ မေလ ၁ ရက်နေ့က ဘူးသီးတောင်မြို့နယ်က ဌာနဆိုင်ရာအကြီးအကဲတစ်ယောက်၏ ပါကျဲဒိုးကားပေါ်တွင် သိန်းပေါင်း ၈၈၀၀ တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိခြင်းတို့သည် ပြည်သူများဝေဖန်နေသည်မှာ မမှားယွင်းကြောင်းပြသနေသည့်အတွက် အောက်ခြေဌာန ဆိုင်ရာများ၏ အစီရင်ခံစာပေါ်တွင် အခြေခံပြီးအလုပ်လုပ်သော ဗဟိုအစိုးရအနေဖြင့်မိမိတို့၏ အောက်ခြေဌာန ဆိုင်ရာများအပေါ် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အလေးထားစောင့်ကြည့်မည့်အစီအစဉ်များ ရှိ/မရှိနှင့် စောင့်ကြည့်မည်ဆိုပါက မည်သို့သောပုံစံမျိုးထိန်းကျောင်းသွားမည်၊ စောင့်ကြည့်သွားမည်ကို ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းထားသောတည်ဆဲဥပဒေသည် နိုင်ငံသားများသာမက မိမိတို့ဝန်ထမ်းများလည်း လိုက်နာရမည့့််တာဝန်များ ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များအပြင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာရပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောကြားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သော နိုင်ငံ့ဝန်ထမ်းအားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူဖော်ထုတ်ဖမ်းဆီးရမှုဖြစ်စဉ် သာမက တိုင်ကြားမှုဖြစ်စဉ်များအပေါ်ပါဝင်ပတ်သက်မှုရှိသည့် မည်သည့်ဌာနဆိုင်ရာဝန်ထမ်းမဆို တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားသည် နိုင်ငံတော် အစိုးရဖွဲ့စည်းမှုအဆင့်ဆင့်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ရပ်ကွက်/ကျေးရွာအဆင့်ထိ အုပ်ချုပ် ရေးအဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်ဆင့်ကလည်း သက်ဆိုင်ရာမြို့နယ်အဆင့်အထိ ဝန်ထမ်းအဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပါကြောင်း၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံံ့ဝန်ထမ်းများသည် နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားစနစ်နှင့်အညီ မိမိတို့ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကိုလိုက်နာခြင်းမရှိဘဲ တည်ဆဲ ဥပဒေများကိုဖောက်ဖျက်ပါက နိုင်ငံတော်၏တည်ဆဲဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
