မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံ၏ လျှပ်စစ် ၅၉ ရာခိုင်နှုန်းကို ရေအား(Hydro Power)ကလည်းကောင်း၊ ၄၁ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့၊ တခြား ဒီဇယ် Generationနှင့် ကျောက်မီးသွေး ၄၂ ရာခိုင်နှုန်းရှိပြီး ၄၁ ရာခိုင်နှုန်း ထုတ်လုပ်ပါကြောင်း၊ အမေရိကတွင် လျှစ်စစ် ၃၉ ရာခိုင်နှုန်းကို ကျောက်မီးသွေးကလည်းကောင်း၊ ခုနစ်ရာခိုင်နှုန်းကို ဆိုလာနှင့် ပြည့်မြဲစွမ်းအင်များကလည်းကောင်း၊ တစ်ရာခိုင်နှုန်းကို အခြားက လည်းကောင်း၊ ခြောက်ရာခိုင်နှုန်းကို ရေနံ၊ သဘာဝဓာတ်ငွေ့ကလည်းကောင်း၊ ၂၇ ရာခိုင်နှုန်းကို ရေနံသဘာဝဓာတ်ငွေ့ကလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို နျူးကလီးယားက လည်းကောင်း၊ ထုတ် လုပ်ပါကြောင်း၊ တရုတ်နိုင်ငံတွင် လျှပ်စစ်၆၆ ရာခိုင်နှုန်းကို ကျောက်မီးသွေးက လည်းကောင်း၊ ၆ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကလည်းကောင်း၊ ၂၂ ရာခိုင်နှုန်းကို ရေအားလျှစ်စစ်က လည်းကောင်း၊ ငါးရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ကလည်းကောင်း၊ အခြားလျှပ်စစ်ကို နျူကလီးယား က လည်းကောင်း ထုတ်လုပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်ကို ၅၉ ရာခိုင်နှုန်း ထုတ်လုပ်သည့်အတွက် နွေရာသီဆိုလျှင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လုံလောက်မှုမရှိသည်ကို ကြုံတွေ့ရပြီး Generation Mix ကို ပြုပြင်ပြောင်းလဲရန် တွေ့ရှိရပါကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ Generation Mix ကို ကျောက်မီးသွေး ၁၈ ရာခိုင်နှုန်း၊ လောင်စာ သုံးရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၃၉ ရာခိုင်နှုန်း၊ ရေအား၃၀ ရာခိုင်နှုန်းဖြင့် ထုတ်လုပ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကျောက်မီးသွေး ၂၅ ရာခိုင်နှုန်း၊ ရေအား ၃၆ ရာခိုင်နှုန်း၊ သဘာဝနည်းဖြင့် ၂၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲထုတ်လုပ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာဒီးယားနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ရေအား ၅၅ ရာခိုင်နှုန်း၊ လောင်စာဆီ ၄၅ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အားကို Generation Mix ဖြင့်ထုတ်လုပ်ခဲ့ပါကြောင်း၊ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် နွေရာသီတွင် ရေမရသည့်အတွက် ၂၀၂၀ ခုနှစ်တွင် ကျောက်မီးသွေး ၄၅ ရာခိုင်နှုန်း၊ ရေအားကို ၅၅ ရာခိုင်နှုန်းအစား ၄၁ ရာခိုင်နှုန်းဖြင့် ၁၀ ရာခိုင်နှုန်း လျှော့ချပြီး သဘာဝဓာတ်ငွေ့ကို လေးရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ပါကြောင်း၊ လာအိုတွင် ၂၀၁၀ ၌ ရေအားအသုံးပြု၍ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ထုတ်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကျောက်မီးသွေး ၄၉ ရာခိုင်နှုန်း၊ ရေအား ၅၁ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံတွင် Generation Mix မကောင်းဘူးပါက ဧပြီလ၊ မေလများတွင် ရေအားလျှပ်စစ် မထုတ်နိုင်သည့်အတွက် ရေအားလျှပ်စစ်မထုတ်နိုင်သည့်အချိန်တွင် တခြား NLGနှင့် မည်သို့ထုတ်လုပ်မည်ကိုလည်းကောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၁၂)ရာသီ လျှပ်စစ်ဓာတ်အား ကောင်းမွန်ရန် Generation Mix ကို မည်သို့ ရေးဆွဲပြင်ဆင်ထားသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သဘာဝ ဓာတ်ငွေ့ သုံးနှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများ၊ ကျောက်မီးသွေးသုံးစက်ရုံတို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးသို့ို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါကြောင်း၊အဆိုပါ ဓာတ်အားပေးစနစ် တစ်ခုသည် တစ်နေလျှင် ၂၄ နာရီပတ်လုံးနှင့် တစ်နှစ်မှာ(၁၂)လရာသီပတ်လုံး စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်နိုင်မည့် စက်မျိုးလိုအပ်ပါကြောင်း၊ ရာသီကာလ၊ အချိန်ပြောင်းခြင်း၊ တစ်နေ့၏ နာရီပိုင်းအလိုက်အချိန်ပြောင်းခြင်းဖြစ်ပေါ်ပါက ဓာတ်အားထုတ်လုပ်နိုင်မှု မရှိသည့် စက်မျိုး အရေ အတွက်နည်းပါးမှ ဓာတ်အားစနစ်ကို တည်ငြိမ်စွာပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ တစ်နှစ်ပတ်လုံး (၁၂)နာရီပတ်လုံး ဓာတ်အားထုတ်လုပ်နိုင်သည့် စက်အမျိုးအစားမျာကို Base Load Generation ထုတ်လုပ်ပေးနိုင်သည့် ဓာတ်အာပေးစက်များဟု သတ်မှတ်ပါကြောင်း၊
နိုင်ငံတစ်နိုင်ငံတွင် တည်ငြိမ်သည့်ဓာတ်အားပေးစနစ်ကို ရရှိရန် အဆိုပါစက်အမျိုးအစားတွေကို အဓိကထားပြီး တည်ဆောက်ကြရမည်ဖြစ်သည့်အပြင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားနှင့် ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အား လုံလောက်နေရုံလောက်နှင့် မျှတနေရုံမက အရန်ဓာတ်အားပေးစက်များကိုလည်း လုံလောက်အောင်တည်ဆောက်ထားရန်လိုအပ်ပါကြောင်း၊ ရာသီဥတုမရွေး လျှပ်စစ်ဓာတ်အား ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်ရန် သင့်တော်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် အချိုးချဓာတ်အားထုတ်လုပ်သည့်နည်း Generation Mix ကို စီမံကြရခြင်းဖြစ်ပါကြောင်း၊
(၂၄)နာရီဆက်တိုက် Base Load အဖြစ် လျှပ်စစ်ဓာတ်အားပေးနိုင်ရန် စဉ်ဆက်မပြတ် ဓာတ်အားလည်းထုတ်နိုင်ရန် လိုအပ်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာမည့် အမျိုးအစားများ လိုအပ်ခြင်း၊ အဆိုပါကဲ့သို့ ထုတ်လုပ်ပေးနိုင်ရန် စီးဆင်းနေသည့် ရေစီးအားကို အသုံးပြုကာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် Run-off River Type အမျိုးအစားများ၊ နျူကလီးယား ဓာတ်အားပေး စက်ရုံများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ လိုအပ်ပါကြောင်း၊ အဆိုပါစက်ရုံ အမျိုးအစားသည် Base Load Generation အမျိုးအစားများဖြစ်ပြီး မိမိတို့နိုင်ငံတွင် Run-off River Type ရေအားလျှပ်စစ်အမျိုးအစားစက်ရုံ သုံးလေးရုံခန့်ရှိပါကြောင်း၊ သို့သော် မိမိတို့နိုင်ငံ၏ Base Load Generation အတွက် ပြည့်မီအောင်ဖြည့်ဆည်းနိုင်သည့် အနေအထားမရှိပါကြောင်း၊ အလားတူ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည်လည်း တစ်ရုံသာရှိပြီး ဓာတ်အားထုတ်လုပ်မှု ပမာဏ သည် အင်မတန်နည်းပါးပါကြောင်း၊ နျူကလီးယားဓာတ်အားပေး စက်ရုံလည်းမရှိသည့်အတွက် Base Load Generation အမျိုးအစား ဓာတ်အားပေးစက်ရုံများ လုံလောက်မှုမရှိသည့် အနေအထားကို သုံးသပ်ရရှိပါကြောင်း၊
Intermediate Load Generation ဖြည့်ဆည်းရန် တမံများကိုတည်ဆောက်ထားပြီး ရေစုဆောင်း ထားသည့် Dem-Type Hydro Power ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုသို့ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ အမျိုးအစား များရှိပါကြောင်းနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများမှ ဓာတ်အားထုတ်လုပ် ပေးရမည်ဖြစ်ပါကြောင်း၊ Peak Load Generation ကို ဓာတ်အားထုတ်လုပ်ပေးရန်အတွက် ဓာတ်အား ထုတ်လုပ်ကုန်ကျစရိတ်ကြီးမားသည့် ဒီဇယ်ဓာတ်အား ပေးစက်ရုံ၊ လေအားလျှပ်စစ်၊ နေရောင်ခြည်သုံး လျှပ်စစ်စသည့် အမျိုးအစားများမှ ထုတ်လုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများ (၂၄)နာရီ ဓာတ်အားရရှိရန် Base Load Generation ကို တည်ဆောက်ရရန် စဉ်းစားရမည်ဖြစ်ပါကြောင်း၊
ယခုအခြေအနေတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ ၁၄ ရုံနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ ၁ရုံတို့ဖြင့် Generation Mix ကို ပေါင်းစပ်ပြီး ဓာတ်အားပေးလျက်ရှိပါကြောင်း၊ နွေရာသီတွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှ ဓာတ်အားထုတ်လုပ်နိုင်မှု နည်းပါးသွားပြီး ပြည်သူလူထုက ဓာတ်အားသုံးစွဲမှုမြင့်မားလာသည့် အချိန် တိုက်ဆိုင်ခြင်းကြောင့် ဓာတ်အားပေးခြင်းတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါကြောင်း၊
မိုးရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်ပေသော်လည်း တစ်တိုင်းပြည်လုံး၏ ဓာတ်အားသုံးစွဲမှု လျော့ကျ သွားသည့်အတွက် လျှပ်စစ်ထုတ်လုပ်သည့်အခြေအနေကို ပြန်လည်လျှော့ချထုတ်လုပ် နေရခြင်း ဖြစ်ပါကြောင်း၊ နွေရာသီဓာတ်အားမလုံလောက်မှုကို ကျော်လွှားရန်အတွက် ဂျပန်နိုင်ငံ JICA ၏ အကူ အညီဖြင့် နှစ်ရှည် Master Plan ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး ထိုသို့ ရေးဆွဲဆောင်ရွက်ရာတွင် နှစ် အလိုက်တိုးတက်လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၊ ရာသီမရွေး၊ အချိန်မရွေး တည်ငြိမ်ကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်မည့် စွမ်းအင်အရင်းအမြစ်မျိုးစုံကို ပေါင်းစပ်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အစီအစဉ်များကို ဆောင်ရွက်ရန်၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်သက်သာရန်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုကိစ္စများကို ပေါင်းစပ်စဉ်းစားပြီးမှ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်၊ ကျောက်မီးသွေးသုံးလျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်တို့ကို အချိုးညီညီပေါင်းစပ် ဆောင်ရွက်ရန် တွက်ချက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊
JICA နှင့်ရေးဆွဲခဲ့သည့် Master Plan တွင် အနာဂတ်ကာလ၌ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု Generation Mix ကို နိုင်ငံတကာတွင်ရှိသော တည်ငြိမ်စိတ်ချရသော (၂၄)နာရီ တစ်နှစ်ပတ်လုံး ကောင်းမွန်စွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်သော Generation Mix များ ဖြစ်ပေါ် လာရေးအတွက် ရည်ရွယ်ပြီး ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်မှ ၂၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးသုံးလျှပ်စစ်မှ ၃၃ ရာခိုင်နှုန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးလျှပ်စစ်မှ ၉ ရာခိုင်နှုန်း အချိုးကျကျမျှတပါဝင်အောင် ရေးဆွဲဆောင်ရွက်ထားပါကြောင်း ပြန်လည် ဖြေကြား ပါသည်။
ဦးနေမျိုးထက်(ကျောက်တံတား) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြေကြားချက်အရ ၂၀၃၀ ခုနှစ်ရောက်မှသာလျှင် Generation Mix ကတည်ငြိမ်မည့် သဘောရှိပါကြောင်း၊ ထို့ကြောင့် ၂၀၃၀ ခုနှစ်မရောက်ခင် ငါးနှစ်တာသက်တမ်းအတွင်း နွေရာသီတွင် လျှပ်စစ်မီးကောင်းမွန်ရန်အတွက် Generation Mix ကို မည်သို့ ပြင်ဆင်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
၂၀၁၆-၂၀၁၇ ခုနှစ်၏ Generation Mix တွင် ရေအားလျှပ်စစ်၏ ရာခိုင်နှုန်းက အထူးများပြားပြီး ဒုတိယ အများဆုံးသည် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး ဖြစ်ပါကြောင်း၊ ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးနိုင်သည့် အချိုးသည် အင်မတန်နည်းပါကြောင်း၊ Generation Mix တစ်ခု၏ ရာခိုင်နှုန်းကို အနာဂတ်ကာလ၏ မျှော်မှန်းရာခိုင်နှုန်းအထိ၊ မျှတတဲ့အထိ ရောက်ရှိရန် အဆင့်အလိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခု ငါးနှစ်တာကာလအတွင်းနှင့် ပတ်သက်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ အချိုးထက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ များ၏ အချိုးကို ယခုထက်ပိုမိုတိုးမြှင့်လျာထားလာမည်ဖြစ်ပါကြောင်း၊ အလားတူ မင်းဘူး ဒေသတွင် ဆောင်ရွက်နေသော စုစုပေါင်းအားဖြင့် ၂၂၀ မဂ္ဂါဝပ်ထိ လျှပ်စစ် ဓာတ်အား ထွက်မည့် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပထမ အဆင့် ၄၀ မဂ္ဂါဝပ်စတင်တည်ဆောက်ပြီးစီးမည်ဖြစ်ခြင်းကြောင့် ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှုသည်လည်း ၂၀၁၈ ခုနှစ်ကစတင်၍ တိုးချဲ့ပါဝင်လာမည်ဖြစ်ပါကြောင်း၊ နေရောင်ခြည်သုံးစက်ရုံ၏ ၄၀ မဂ္ဂါဝပ်သည် ဒုတိယအဆင့်တွင် နောက်ထပ် ၄၀ မဂ္ဂါဝပ်၊ တတိယ အဆင့်တွင် နောက်ထပ် ၄၀ မဂ္ဂါဝပ်၊ စတုတ္ထအဆင့်တွင် နောက်ထပ် ၅၀ မဂ္ဂါဝပ် ပါဝင်လာမည်ဖြစ်ခြင်းကြောင့် ပြည့်ဖြိုးမြဲစွမ်းအင်၏ ပါဝင်မှုအချိုးသည် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေတွင် ရေအားလျှပ်စစ် ဓာတ်အား ပေး စက်ရုံများ၏ စုဆောင်းနိုင်သည့်ရေအားနှင့် ပတ်သက်ပြီး သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံများနှင့် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံများ၏ အချိုးသည် ပိုမိုမြင့်မားလာမည်ဆိုပါက ရေအားလျှပ်စစ်ကိုမလိုအပ်ချိန်တွင် ထုတ်လုပ်အသုံးချခြင်းက လျော့ချနိုင်မည်ဖြစ်ပါကြောင်းနှင့် နွေရာသီကာလတွေအတွက် ဆည်ရေများကို ယခုထက်ပိုမိုစုဆောင်းနိုင်မည်ဆိုပါက ငါးနှစ်တာ ကာလအတွင်း ယခုတည်ရှိနေသည့် ရေအားအပေါ် အလွန်အမင်းမှီခိုနေသည့် ရာခိုင်နှုန်းထက် ပိုမို သင့်တော်သည့် ရာခိုင်နှုန်းကိုရောက်ရှိလာမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
