(ဃ)-EIA/SIA/HIA/EMP လုံးဝဆောင်ရွက်ခြင်း မရှိဘဲ အဆောက်အဦပေါင်းများစွာ ဆောက်လုပ် ပြီးစီးနေမှု အပေါ် တရားဝင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်နယ်အစိုးရ၏ ဤကိစ္စရပ် အပေါ် ပါဝင်စီမံ ခန့်ခွဲထားမှု အခြေအနေကို သိလို ခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ (၁၆.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

nan kham aye၇-၄-၂၀၁၄ ရက်နေ့တွင် Natural Current Energy Hydropower Co..Ltd.(NCE)ကုမ္ပဏီသည် စီမံကိန်း စမ်းသပ်ခွင့်အတွက် သဘောတူညီစာချုပ် ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း တည် နေရာသည် နမ္မတူမြို့နယ် ချောင်းဆုံကျေးရွာအုပ်စုရှိ နမ္မတူမြစ်ပေါ်တွင်ဖြစ်ပြီး ကုမ္ပဏီ စခန်းချရာ နေရာသည် ချောင်းဆုံကျေးရွာအုပ်စုအတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း ဖြစ်နေပါကြောင်း၊ ချောင်းဆုံအုပ်စုကျေးရွာမှာရှိနေသည့် NCE လုပ်ငန်းခွင်ကို ၁၁-၉-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ရာ တောင်ကိုဖောက်ပြီး ဥမင်လိုင်ခေါင်းတူးကာ ကျောက် အမျိုးအစားများ မှတ်တမ်းယူနေခြင်း၊ ရွှေရှာဖေ‌ွရာတွင် အသုံးပြုနေသည့် စက်များ ချထားခြင်းများကို တွေ့ရှိရပါကြောင်း၊ ၁၄-၁၁-၂၀၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံကွင်းဆင်းကြည့်ရှုရာတွင် သစ်တောကြိုးဝိုင်းအတွင်းမှာရှိနေတဲ့သစ်များကို ခုတ်ထွင်အသုံးပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နမ္မတူအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာများထံသို့ အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းရာ သိရှိခြင်း မရှိပါဟု ဖြေကြားခဲ့ကြသည့်အတွက် သစ်တော ကြိုးဝိုင်း အတွင်းရှိသစ်များ ခုတ်ထွင်အသုံးပြုနေမှုကို စာထုတ်ဟန့်တားပေးရန် အကြံပြုပြောဆိုခဲ့ပါကြောင်း၊

 ၂၇-၁၁-၂၀၁၆ ရက်နေ့နှင့် ၂၂-၃-၂၀၁၇ ရက်နေတွင် နမ္မတူမြစ်ပေါ်  တည်ဆောက်မည့် ရေကာတာများကို ရပ်တန့်ရန် ပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ပါကြောင်း၊ ဆန္ဒပြတောင်းဆိုပြီး နောက် ၁၁-၄-၂၀၁၇ ရက်နေ့တွင် သစ်တောကြိုးဝိုင်းအတွင်း ထပ်မံကွင်းဆင်းကြည့်ချိန်၌ အဆောင်များဆောက်လုပ်ရန် ပြင်ဆင်ထားခြင်းနှင့် ယာယီဆောင်၏ အနောက်ဖက်တွင် သိမ်းဆည်း ထားသည့်သစ်တွေများကို တွေ့ရှိရပါကြောင်း၊ အဆိုပါစီမံကိန်းသာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မည်ဆိုပါက နမ့်စန်မြို့နယ်ရှိ လီလွတ်ကျေးရွာ ဒေသခံအနေဖြင့် ထိခိုက်နစ်နာမည်ဖြစ်ပြီး ကွင်းဆင်း တွေ့ဆုံခဲ့ရာတွင်လည်း ဒေသခံပြည်သူများထံသို့ ကုမ္ပဏီမှလာရောက်တွေ့ဆုံခြင်း မရှိကြောင်း၊ စီမံကိန်းအပေါ် EIA/SIA/HIA/EMP များ  လုပ်ဆောင်ခြင်းမရှိသေးကြောင်းကို

၂၆-၇-၂၀၁၇ ရက်နေ့တွင် ထပ်မံကွင်းဆင်းကြည့်ချိန်၌ သစ်တောကြိုးဝိုင်းအတွင်း အဆောင်များ ဆောက်လုပ်ပြီးစီးနေသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ပြည်သူ့အသံ၊ လွှတ်တော် ကိုယ်စားလှယ် များ၏ အသံများကို ဂရုမစိုက်ဘဲ ဥပဒေကို ချိုးဖောက်ကျူးလွန်နေစေခြင်းသည် တရားဥပဒေစိုးမိုးမှုမရှိသည်ကို ပြသခြင်းအပြင် အစိုးရ၏တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည်ကို  ညွှန်းဆိုခြင်းဖြစ်ပါကြောင်း၊

ထို့ကြောင့် EIA/SIA/HIA/EMP ကို လုံးဝဆောင်ရွက် ခြင်းမရှိဘဲ သစ်တောကြိုးဝိုင်း အတွင်းရှိသည့် အပင်မျာကို ခုတ်ထွင်ရှင်းလင်းပြီး ရှင်းလင်းဆောင်နှင့် အဆောက်အဦပေါင်းများစွာ ဆောက်လုပ်ပြီးစီး နေမှုသည် မည်သူ့ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ပြီး မည်သူ့တွင် တာဝန်ရှိသည်နှင့် မည်သို့ အရေးယူဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ (၂) ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရကြား (သို့မဟုတ်) ပူးပေါင်းပြီး ယခုကိစ္စအပေါ် တရားဝင်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပြည်နယ်မှ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ (၃) ပြည်နယ်အစိုးရ၏  ဤကိစ္စရပ်အပေါ် ပါဝင်စီမံခန့်ခွဲထားမှုအ‌ခြေအနေကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူမြစ်ပေါ်၌ ခန့်မှန်းစက်တပ်ဆင်အင်အား ၁၀၀ မဂ္ဂါဝပ် ခန့်ထုတ်လုပ်နိုင်မည့် နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို ၇-၄-၂၀၁၄ ရက်နေ့တွင် ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သော Natural Current Energy Hydropower Co..Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထိုနည်းလည်မှုစာချွန်လွှာအရ နမ္မတူမြစ်ပေါ်၌ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ဆောင်ရွက်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာပြုစု တင်ပြ နိုင်ရေးအတွက် စူးစမ်းလေ့လာမှုများ၊ တိုင်းတာမှုများ ပြုလုပ်နိုင်ရန်ခွင့်ပြုသည့် အစီအစဉ်ဖြစ်ပါကြောင်းနှင့် တည်ဆောက်အကောင်အထည်ဖော်ရန် ခွင့်ပြုထားသည့် အဆင့် ရောက်ရှိခြင်းမရှိသေးပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ Natural Current ကုမ္ပဏီက အဆိုပါမြစ်တည်နေရာတွင် စူးစမ်းလေ့လာမှု များပြုလုပ်ပြီးနောက် စီမံကိန်းဖြစ်မြောက်နိုင်မှု အစီရင်ခံစာကို Technical Feasibility Study ပြုစု၍ ဝန်ကြီးဌာနသို့ တင်ပြရမှာဖြစ်ပါကြောင်း၊ တင်ပြလာသည့် စီမံကိန်းဖြစ်မြောက်နိုင်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက  နည်းပညာပိုင်း အရသော်လည်းကောင်း၊ စီးပွားရေးဖြစ်ထွန်းနိုင်မှုအရ သော်လည်းကောင်း ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိကို အသေးစိတ်စိစစ်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိမှသာ စီမံကိန်းကိုတည်ဆောက် အကောင်အထည်ဖော်နိုင် ရေးအတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမည်ဖြစ်ပါကြောင်း၊  

စီမံကိန်းဖြစ်မြောက်နိုင်မှု အစီရင်ခံစာအား အတည်ပြုပြီးမှသာ စီမံကိန်းတည်နေရာ အတိအကျနှင့် တမံတည်ဆောက်မည့် နေရာများကို အတိအကျသတ်မှတ်နိုင်မည်ဖြစ်သည့်အတွက်ကြောင့်  ၎င်း အချက်အလက်များရရှိပြီးချိန်မှသာ စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင်နှင့်‌ လူမှုဘဝပတ်ဝန်းကျင်သက်ရောက်မှုဆန်းစစ်ချက်အစီရင်ခံစာ ESIA တို့ကို ဆက်လက်ဆောင်ရွက်ကာ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင်‌့အညီ ပြုစု သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ESIA အစီရင်ခံစာကို သက်ဆိုင်ရာကုမ္ပဏီက ထိုအချိန်ကာလတွင် ပြုစုပြီးနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးပို့ကာ စိစစ် အတည်ပြုချက်ရရှိပြီးနောက်မှသာ စီမံကိန်းအကောင်အထည်ဖော်ခွင့်ကို ရရှိရန်အတွက်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ခွင့်ပြုချက်ရရှိပြီးနောက်မှသာ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

ရေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်မှုအစီရင်ခံစာ ပြုစုနိုင်ရေးအတွက် စူးစမ်းလေ့လာတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေမျက်နှာသွင်ပြင်စူးစမ်းလေ့လာတိုင်းတာ ခြင်း(Topographic Survey)၊ ရေအားအရင်းအမြစ် စိစစ်လေ့လာတိုင်းတာ ခြင်း(Hydrological Analysis)၊ ဘူမိဗေဒဆိုင်ရာလေ့လာဆန်းစစ်ခြင်း (Geological Studies) များဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ဖြစ်တဲ့အတွက်ကြောင့် မြေအောက်တွင်ရှိသည့် ကျောက်သား၏ Quality ၊ ကျောက်သားတည်ရှိရာအနက်တို့ကို စူးစမ်းတိုင်းတာရခြင်းဖြစ်ပါကြောင်း၊  မြစ်ရေစီးနှုန်း တိုင်းတာ ခြင်းနှင့် မြေသားစမ်းသပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန်အတွက် အခိုင်အမာအဆောက်အဦများကို တည်ဆောက်ရန် လုံးဝမလိုဘဲ ယာယီအဆောက်အဦ အနည်းငယ်ဖြင့်သာ တည်ဆောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

Natural Current ကုမ္ပဏီက အခိုင်အမာအဆောက်အဦများ ဆောက်လုပ်ထားခြင်းနှင့် ပတ်သက်၍ စိစစ်ချက်အရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြေနေရာရှင်းလင်းခြင်း၊ အဆောက်အဦ များ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများကို သစ်တောဦးစီးဌာန၏ခွင့်ပြုချက်ရယူဆောင်ရွက်မှု မရှိသည်ကို တွေ့ရှိရပါပြီး ထိုဒေသ၏ နယ်မြေလုံခြုံမှုမရှိခြင်းကို အကြောင်းပြု၍ ၎င်းတို့၏သဘောဆန္ဒအရ ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းဖောက်လုပ်ခြင်းအား ကုမ္ပဏီအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မူလကတင်ပြထားသော  လမ်းအူကြောင်းမှသွေဖည်၍  ချောင်းဆာ ကြိုးဝိုင်းအတွင်း အကျယ် ၄၀ ပေ၊ အရှည် ၂ မိုင်ခွဲရှိ လမ်းသစ်ဖောက်လုပ်ခဲ့ကြောင်း၊ ဝန်ထမ်းများ အတွက် အုပ်ညှပ်နှင့်သွပ်မိုး အဆောက်အဦ ၁၀ လုံး၊ လုပ်သားများနေထိုင်ရန် ယာယီတဲ ၁၃ လုံးကိုလည်း ကြိုးဝိုင်းအတွင်း သစ်တောမျာခုတ်ထွင်ရှင်းလင်းပြီး တည်ဆောက်ထားသည်ကို စိစစ် တွေ့ရှိရပြီး  အဆိုပါလုပ်ငန်းများအတွက် Natural Current ကုမ္ပဏီမှာ တာဝန်ရှိပြီး Natural Current ကုမ္ပဏီသည် သက်ဆိုင်ရာဌာနများကို ဆက်သွယ်တင်ပြခြင်း၊ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ တည်ဆောက်ထားသည့်မှာ ပေါ်လွင်ပါကြောင်း၊

 ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ကုမ္ပဏီအား ၁၁-၇-၂၀၁၇ ရက်နေ့တွင် စာဖြင့် သတိပေး အကြောင်းကြားထားခဲ့ပြီး  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အဆောက်အဦများဆောက်လုပ်ခြင်း၊ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းတို့ကြောင့် သစ်တောဥပဒေ ပုဒ်မ ၄၀ ပုဒ်မခွဲ(က)နှင့် (ဂ) တို့အရ အရေးယူခြင်းကို သီပေါမြို့နယ်တရားရုံး၌ ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်နန်းခမ်းအေး(နမ္မတူ)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိ၏ မူလမေးခွန်းတွင် ပြည်နယ်အစိုးရ၏ ယင်းကိစ္စရပ်အပေါ် ပါဝင်စီမံခန့်ခွဲမှု အခြေအနေ၊ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေကို ဖြေကြားရာ၌ ဖြေထားတာပြည့်စုံမှုမရှိသည်ဟု ထင်မြင်မိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် အဆိုပါစီမံကိန်းကို ၂၀၁၄က စတင်ကာ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်အတွက် အချိန်အားဖြင့် ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ သို့သော် ဌာနဆိုင်ရာနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က စီမံကိန်းနှင့်ပတ်သက်ပြီး လုံးဝမသိရှိပါဟု ဖြေကြားခဲ့ပါကြောင်း၊      ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲပြီး သက်ဆိုင်သည့်ပြည်နယ်အစိုးရက  မသိရှိရခြင်း၊ အာဏာသက်ရောက်မှုမရှိခြင်းတို့သည် ယခုကဲ့သို့ ဆိုးကျိုးများဖြစ်ပေါ်စေပါကြောင်း၊ ထို့အပြင် ပြည်နယ်တစ်ခုအတွင်းရှိ ပြည်ထောင်စု၏ စွမ်းအင်စီမံကိန်း၊ တခြားစီမံကိန်းများနှင့် မြေပေါ် မြေအောက်သယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချရာတွင်လည်း အလားတူ ကိစ္စရပ်မျိုး ထပ်မံဖြစ်ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် နောင်တွင် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ပြည်နယ်နှင့် ပြည်ထောင်စုကြား မည်သို့ ဆက်သွယ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊

သစ်တောဥပဒေနှင့်အရေးယူ ဆောင်ရွက်နေသည်ကိစ္စရပ်နှင့် ပတ်သက်၍လည်း အနည်းငယ် လွဲချော်မှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောဥပဒေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ်(၈/၉၂)သစ်တောဥပဒေဖြင့် အရေးယူခြင်းသည် မှန်ကန်သော် လည်း ယင်းဥပဒေ၏ ဥပဒေပုဒ်မ ၄၀ တွင် မည်သူမဆိုအောက်ပါပြုလုပ်မှုတစ်ခု ရှိလို့ရှိရင်  ငွေကျပ် ၅၀၀၀နှင့် ထောင်ဒဏ် ခြောက်လဟူ၍ တွေ့ရှိရသော်လည်း ယခုအခါ ဒဏ်ငွေ ၁၀၀၀၀ နှင့် ပြီးဆုံးထားသည်ကိုသိရှိရသည့်အတွက် အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်      

ယခု စီမံကိန်းကို စတင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည့်ကာလသည် ယခင် သက်တမ်း ကာလတည်းက ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်ဖြစ်ခြင်းကြောင့် နောက်သက်တမ်းကာလ တစ်ခု ပြောင်းလဲ သွားရာတွင် အနည်းငယ် အချိတ်အဆက် လွဲချော်ခဲ့ခြင်း ဖြစ်နိုင်ပါကြောင်း၊  သို့ရာတွင် ပြည်နယ် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စု ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်သည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းချပြရန် အကန့်အသတ်မရှိပါကြောင်း၊

 ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ နယ်နိမိတ်များအတွင်း ပြည်ထောင်စုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားရန်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲပိုင်ခွင့်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသာ သက်ဆိုင်ပါကြောင်း၊ သစ်တောဥပ‌ဒေပုဒ်မ ၄၀ အရ စွဲဆိုထားသည့်အချက် မှားယွင်းမှုရှိ/မရှိကိစ္စရပ်နှင့်စပ်လျဉ်း၍ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ လုပ်ငန်းတာဝန်ဖြစ်ခြင်းကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည်သို့မှ သဘောထား မှတ်ချက်ပေးရန် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။