မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံ
တွင် နိုင်ငံတော်အနေဖြင့် သုံးစွဲနေသည့် ဓာတ်အားများတွင် ရေအားလျှပ်စစ် မဟာဓာတ် အားလိုင်းမှ ထုတ်လုပ်ဖြန့်ဝေပေးသည့်လျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး တာဘိုင်စက် များမှ ၁၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၈ ရာခိုင်နှုန်း၊ ဒီဇယ်ဆီသုံးမီးစက်မှ ၂ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော် အနေဖြင့် လျှပ်စစ်မီးတစ်ယူနစ်ကို အခြေခံ ၃၅ ကျပ်နှုန်း ကောက်ခံသည့်နေရာတွင် အရှုံးဖြစ်ပေါ် နေမှုများအနက် ဒီဇယ်ဆီသုံးနှင့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းသည် အရှုံးမှု အများဆုံးဖြစ် ပါကြောင်း၊ ပိုင်ကျုံမြို့နှင့် မြိုင်ကြီးငူအထူးဒေသနှစ်ခု၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အခြေအနေကို ဥပမာအနေဖြင့် တင်ပြလိုပါကြောင်း၊ ပိုင်ကျုံမြို့တွင် အသုံးပြုသည့် စက်မှ၂၀၀ ကေဗွီအေရှိပြီး စက်မောင်းနာရီ ၈၄၄ နာရီ ၃၀ မိနစ်ရှိပြီး ထုတ်လုပ်ယူနစ် ၅၁၀၀၀ အတွက် ဒီဇယ်ဆီ ၅၀၆၉ ဂါလန် သုံးစွဲပြီး ဝင်ငွေအနေဖြင့် ကျပ်သန်း ၂.၁၉၄ ရရှိပြီး အသုံးစရိတ်ကျပ်သန်း ၂၂.၆၀၆ ရှိသဖြင့် အရှုံးငွေကျပ်သန်း ၂၀.၄၁၂ ရှိပြီး တစ်ယူနစ်ကို ကျပ် ၄၀၀ ကျော်ကျော်နှင့် တစ်နာရီကို ကျပ် ၂၄၀၀၀ ကျော်လောက် အရှုံးခံရသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြိုင်ကြီးငူအထူးဒေသတွင် အသုံးပြုစက်မှ ၂၀၀ ကေဗွီအေဖြစ်ပြီး စက်မောင်းနာရီ ၉၂၉ နာရီ ၂၀ မိနစ်၊ ထုတ်လုပ်ယူနစ် ၈၈၈၂၀ အတွက် ဒီဇယ်ဆီဂါလန် ၈၅၀၂ ဂါလန်ကုန်ကျပြီး ဝင်ငွေကျပ်သန်း ၃.၇၁၈ ရရှိ၍ အသုံးစရိတ်ကျပ်သန်း ၃၁.၉၂၈ ရှိသည့်အတွက် အရှုံးငွေကျပ်သန်း ၂၈.၂၁၀ ရှိသဖြင့် တစ်ယူနစ်ကို ၃၂၈ ကျပ်ခန့်နှင့် တစ်နာရီကို ကျပ် ၃၀၀၀၀ ကျော်လောက် အရှုံးခံရသည်ကိုတွေ့ရပါကြောင်း၊
လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒီဇယ်ဆီသုံးနှင့် မီးစက်ပေါင်း ၆၂၈ လုံးရှိပြီး ရွာပေါင်း ၂၇၆ နေရာတွင် အသုံးပြုနေရကြောင်းနှင့် တပ်ဆင်ထားသည့်စက်အင်အား အနေဖြင့် ကေဗွီအေပေါင်း ၇၉၃၁၃.၄ ရှိကြောင်း၊ မိမိ တင်ပြခဲ့သည့် မြို့နှစ်မြို့၏ အရှုံးဖြစ်ပေါ်မှုနှစ်ခုကို ပျမ်းမျှအနေဖြင့် တွက်ကြည့်မည်ဆိုပါက ၂၀၀ ကေဗွီအေ စက်တစ်လုံး၏ ပျမ်းမျှအရှုံးသည် တစ်နာရီတွင် ကျပ် ၂၇၀၀၀ ကျော်နှင့် တစ်ယူနစ်ကို ကျပ် ၃၆၀ ရှိသည်ကိုတွေ့ရပါကြောင်း၊ တစ်နိုင်ငံလုံးအနေအထားဖြင့် တွက်ချက်ကြည့်မည်ဆိုပါက တစ်နာရီတွင်ကျပ်သန်း ၁၀.၇ သန်း ကျော် အရှုံးဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆင်းရဲမှုလျှော့ချရေး မူ(၈)ချက်တွင် နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရေအား၊ လေအား၊ နေစွမ်းအင်မှ နေထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား အပြည့်အဝ မပေးနိုင်သေးသရွေ့ ဒီဇယ်ဆီသုံးသည့် မီးစက်များကို အသုံးပြုရဦးမည်ဖြစ်ပါကြောင်း၊ ယခုလို အရှုံးဖြစ်ပေါ်နေမှုများကို ကာမိစေရန်၊ လျှပ်စစ်မီးလိုအပ်ချက်များအတွက် ဓာတ်အားတိုးချဲ့ ထုတ်လုပ် ဖြန့်ဝေနိုင်ဖို့ ဝန်ကြီးဌာန၏ ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ လျှပ်စစ်ကဏ္ဍအရှုံး ဖြစ်ပေါ်နေမှု ကာမိစေမယ့်အစီအစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ဒီဇယ်အင်ဂျင်စက်သုံးစွဲသည့် မြို့များတွင် ဓာတ်အားလိုင်းများဖြင့် အစားထိုးဆောင်ရွက်မည့် အစီအစဉ်များနှင့် အစားထိုးပြီး မြို့ရွာနေရာများတွင် ဒီဇယ်အင်ဂျင်များကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အစိုးရသစ် ငါးနှစ်တာကာလ အတွင်း လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
လျှပ်စစ်ကဏ္ဍတွင် အရှုံးဖြစ်ပေါ်မှုနှင့်ပတ်သက်ပြီး ဓာတ်အားပျောက်ဆုံးမှုကြောင့် ဖြစ်ပေါ်သည့် ကိစ္စတွင် ကိစ္စနှစ်ခုရှိပါကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအတွက် ယခင် တည်ဆောက်ခဲ့ သည့် အရွယ်အစားသေးငယ်သောဓာတ်ကြိုးများကို အရွယ်အစားကြီးသည့်ဓာတ်ကြိုး များနှင့် လဲလှယ်ခြင်းအားဖြင့်လည်းကောင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းဓာတ်အားခွဲရုံများ ချိတ်ဆက်မှုပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း၊ Analogue Meter များအစား Digital Meter များဖြင့် ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့်ဆက်နွှယ်မှုမရှိသည့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့်ပတ်သက်ပြီး ဓာတ်အားခိုးယူသုံးစွဲမှုများလျော့နည်းရေးနှင့် မသမာမှုများ ပပျောက်ရေးအတွက် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်ကာ အရေးယူဒဏ်ရိုက် အပြစ်ပေးလျက် ရှိပါကြောင်း၊
လက်ရှိ ဓာတ်အားခကို အလွှာနှုန်းများဖြင့် ကောက်ခံလျက်ရှိပြီး အိမ်သုံးဓာတ်အား သုံးခ၊ စက်မှုသုံး ဓာတ်အားခများကို ကောက်ခံရာတွင် နိုင်ငံတော်မှ စိုက်ထုတ်ကျခံရသည့်စနစ်သည် ရေရှည်တွင် သင့်လျော်ခြင်းမရှိသည့်အတွက် ပိုမိုသင့်လျော်သည့်ဓာတ်အားခနှုန်းထားတစ်ခု ပြင်ဆင်ပြောင်းလဲ နိုင်ရေးအတွက တွက်ချက်စိစစ်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လအထိ တစ်နိုင်ငံလုံး ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်သည့် မြို့နှင့်ကျေးရွာအရေအတွက်များမှ မြို့ပေါင်း ၃၀၅ မြို့ဖြစ်ပြီး ကျေးရွာအရေအတွက် ၁၀၉၅၇ ရွာဖြစ်ပါကြောင်း၊ ဒီဇယ်မီးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် မြို့အရေအတွက် ၉၉ မြို့နှင့် ကျေးရွာအရေအတွက် ၁၂၉ ရွာ ရှိပါကြောင်း၊ လက်ရှိဓာတ်အားစနစ် မရောက်ရှိသေးသည့် အဆိုပါမြို့နှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် အတွက် ဒီဇယ်ဆီကို အသုံးပြုပြီး မီးစက်များဖြင့် ဓာတ်အားပေးခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အားစနစ်မှ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားပေးစက်ရုံများ စဉ်ဆက်မပြတ် နှစ်စဉ် တိုးချဲ့တည်ဆောက် ခြင်းများ ကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ ၂၂ ရာခိုင်နှုန်း မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၂၄ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ် တွင် ၂၆.၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တွင် ၂၉.၉ ရာခိုင်နှုန်း ၊ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၃၈ ရာခိုင်နှုန်းနှင့် ယခု ၂၀၁၇ ခုနှစ် ဇွန်လအထိမှာ တစ်နိုင်ငံလုံး၏ ၃၈.၅ ရာခိုင်နှုန်းအထိကို ဓာတ်အားစနစ်မှ တိုးချဲ့ပြီး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း မူလ ဒီဇယ်ဓာတ်အား ပေးစက်နှင့် ဓာတ်အားဖြန့်ဖြူးပေးနေသည့် မြို့ ၂၂ မြို့နှင့် ကျေးရွာ ၁၁ ရွာကို ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဓာတ်အားရရှိသည့် ကျေးရွာ များ မှ မလိုအပ်တော့သည့် ဒီဇယ်မီးစက်များကို ပြောင်းရွှေ့နေရာချ ထားပြီးဓာတ်အားပေး သည့် အတွက် ဒီဇယ်မီးစက်နှင့်မီးပေးသည့်မြို့နှင့် ကျေးရွာအရေအတွက်များသည် တစ်နှစ်ထက်တစ်နှစ် လျော့ကျ သွားသည်မဟုတ်ဘဲ နေရာပြောင်းရွှေ့တိုးချဲ့ဓာတ်အားပေးသည့်အတွက် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသည့်မြို့များ၊ ကျေးရွာများအရေအတွက် တိုးပွားလာသကဲ့သို့ ဒီဇယ် မီးစက်နှင့် ပေးနေသည့်မြို့နှင့် ကျေးရွာအရေအတွက်များလည်း ဆက်လက်တည်ရှိနေသည်ဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ငါးနှစ်အတွင်း ဒီဇယ်မီးစက် နှင့် ဓာတ်အား ပေးနေသည့် မြို့ ၆၆ မြို့နှင့် ကျေးရွာ ၂၉ ရွာကို ဓာတ်အားစနစ်မှ ပြောင်းလဲပြီး ဓာတ်အားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ချေးငွေနှင့် ဆောင်ရွက်မည့် NEP စီမံကိန်း အဆင့်လေးဆင့်တွင် ကျေးရွာပေါင်း ၅၀၈၀ ရွာကို ပထမအဆင့်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားရရှိအောင် ဆောင်ရွက်သွား မည့်အစီအစဉ်ကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဂျာမနီနိုင်ငံ KfW ချေးငွေနှင့် အထောက်အပံ့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ရှိသည့် ကျေးရွာ ၄၁၆ ရွာ လျှပ်စစ်ကို Grid မှ ဓာတ်အား ရရှိရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စု ၃၀၀၀၀ ကျော်နှင့် လူဦးရေ ၁၄၀၀၀၀ ကျော် ဓာတ်အား ရရှိမည်ဖြစ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားတိုး တက်ထုတ်လုပ်နိုင်ရေး အတွက်ကို ယခု ငါးနှစ်ကာလအတွင်းမှာ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းများ ကိုလည်း နှစ်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး ငါးနှစ်တာကာလ ယခုနှစ်အတွင်း မဂ္ဂါဝပ် ၅၀၀၀ အထိ ဓာတ်အားပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
