မေးခွန်း အကြောင်းအရာ
လှို
င်မြို့နယ်ပြည်သူများအတွက် မြို့နယ်အားကစားကွင်းကြီးတစ်ခုနှင့် မိုးလုံလေလုံအားကစားရုံ တစ်ခုကို ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ လက်ခံကျင်းပစဉ် အောင်ဆန်းကွင်းပွဲကြည့် စင်တည်ဆောက်ရေးလုပ်ငန်းများမှ ပိုလျှံသည့် ပစ္စည်းများဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနက တည်ဆောက်ခဲ့ပါကြောင်း၊ လှိုင်မြို့နယ် အားကစားကွင်းတွင် လှိုင်မြို့နယ်ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲများ၊ ရန်ကုန်တိုင်းဒေသကြီး မြိုနယ်ပေါင်းစုံ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ၊ လူထုချီတက်ပွဲများ၊ ကျင်းပပြုလုပ်သည့် နိုင်ငံတော်နေ့ကြီး၊ ရက်ကြီး အခမ်းအနားများကို လည်းကောင်း၊ အားကစားရုံအနီး မြေကွက်လပ်တွင် နှစ်စဉ်နှစ်တိုင်း ယာယီဇာတ်ရုံများ တည်ဆောက်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ပြီး မြို့နယ်ခန်းမအဖြစ်လည်း အသုံးပြုခဲ့ပါကြောင်း၊ လှိုင်မြို့နယ်တွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား အဖြစ် အလေးမတွင် မြသိန်း၊ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားများအဖြစ် မောင်မောင်လေး၊ ဉာဏ်ဝင်း၊ အောင်ထွန်းထွန်း၊ ကျော်မင်း၊ အေးနိုင်၊ တင်မောင်ထွန်း၊ အောင်အောင်ဦး တို့ပေါ်ထွက်ခဲ့ပါကြောင်း၊ အားကစားရုံအတွက် အခန်းက အလျား ၈၃၆ ပေ၊ အနံ ၇၂၀ ပေ ကျယ်ဝန်းပြီး ကစားကွင်းမြေ ၁၃.၇၅၄ ဧကရှိပါကြောင်း၊ အဆိုပါ လှိုင်အားကစားရုံကို ၁၉၈၈ ခုနှစ်၊ လူထုအရေးတော်ပုံကာလတွင် တပ်မတော်မှ လုံခြုံရေးချထားခြင်းမှအစပြုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားပါကြောင်း၊ လှိုင်မြို့နယ်အားကစား ကွင်းကို ရန်ကုန်ယူနိုက်တက်သ့ို B.O.T စနစ်ဖြင့် ငှားရမ်းခဲ့ပါကြောင်း၊ လှိုင်မြို့နယ်အားကစားရုံကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ကမူလအတိုင်း ထိန်းသိမ်းထားရှိပြီး တပ်မတော်ဘော်လီဘောနှင့် လက်ဝှေ့ ပြိုင်ပွဲများကို ကျင်းပလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်ပြည်သူများ၏ဆန္ဒနှင့်အညီ လှိုင်မြို့နယ် တစ်ခုလုံးနှင့်သက်ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် စုဝေးပွဲများ၊ စည်းဝေးပွဲများ၊ အခမ်းအနားများ ကျင်းပနိုင်သည့် မြို့တော်ခန်းမအဖြစ်လည်းကောင်း၊ အားကစားပွဲများ ကျင်းပနိုင်ရန် အားကစားရုံအဖြစ်လည်းကောင်း၊ မြို့နယ် အတွက်မရှိမဖြစ်လိုအပ်လျက်ရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ထိန်းသိမ်းထားရှိသည့် မြို့နယ်အားကစားရုံကို မြို့နယ်နေပြည်သူများ ပြန်လည်အသုံးပြုခွင့် ရရှိရေးအတွက် ပြန်လည်ပေးအပ်ဖို့ အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ဖြေကြားချက်
လှိုင်အားကစားရုံသည် လှိုင်မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်-၂၅(ကမာရွတ်)၊ မြေကွက်အမှတ်(၁/င၊ ၅/က၊ ၆/ခ၊ ၇/က၊ ၈/ခ၊ ၉/က၊ ၉/ခ)တို့ရှိ မြေဧရိယာ ၁၃.၇၅၄ ဧကပေါ်တွင် ဆောက်လုပ် ထားခြင်းဖြစ်ပြီး အဆိုပါမြေနှင့် အားကစားရုံအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်စွဲပါစာအမှတ်၊ မခ/မသ/၂၀ အယ်လ် ၉၁/(၂၁၁၀)ဖြင့် အမိန့်ပြန်တမ်းထုတ်ပြန်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလှိုင်အားကစားရုံတွင် တပ်မတော်အားကစားသမားများ အဆင့်အတန်းပိုမိုမြင့်မားရေးအတွက် စနစ်တကျလေ့ကျင့် မွေးမြူနိုင်စေရန်၊ တပ်မတော်အတွင်း နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန် အားကစား သမားများ ထွက်ပေါ်လာစေရန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း အားကစား ပြိုင်ပွဲများနှင့် အခြားအဆင့်မြင့် တပ်မတော်အားကစားပြိုင်ပွဲများ ကျင်းပနိုင်စေရန်စသည့် ရည်ရွယ် ချက်သုံးချက်ဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အခါအားလျော်စွာ အရပ်ဘက် အားကစား ပြိုင်ပွဲများ ကျင်းပခွင့်ကိုလည်း ခွင့်ပေးထားလျက်ပြီး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲများ ကျင်းပရေးအတွက် တစ်ခုတည်းသော မိုးလုံလေလုံအားကစားကွင်းနေရာအဖြစ် အသုံးပြုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်အားကစားရုံ အပါအဝင် မြေဧရိယာ ၁၃.၇၅၄ ဧကသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာကွယ် ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပြီး လက်ရှိတွင်လည်း အဆိုပါအားကစားရုံတွင် တပ်မတော်နှင့် ဒေသတွင်းမှ လူငယ်များအား နိုင်ငံတော်အတွက် ထူးချွန်သောအားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိခြင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေးအတွက် တစ်ခု တည်းသော မိုးလုံလေလုံအားကစားကွင်းနေရာအဖြစ် အသုံးပြုလျက်ရှိတဲ့အတွက်ကြောင့် ပြန်လည် ပေးအပ်နိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်
လှိုင်မြို့နယ်အတွက် အားကစားရုံမရှိမဖြစ်လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် မြေနေရာလည်း မရှိသည့်အတွက် လှိုင်မြို့နယ် (၁၄) ရပ်ကွက်နှင့် (၁၅)ရပ်ကွက်များတွင် တပ်မတော်မှ သိမ်းယူထားသည့် မြေကွက်များမှ အသုံးမပြုရ သေးသည့် မြေလွတ်၊ မြေရိုင်းများလည်း ကျန်ရှိနေသေးပါကြောင်း၊ ၎င်းမြေနေရာများတွင် အားကစားရုံ အတွက် မြေနေရာအစားထိုး ပေးနိုင်ခြင်းရှိ/မရှိ ကိုသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် မှဖြေကြားပါသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်တွင် ၁၉ မြို့နယ်သာ အားကစားရုံရှိပြီး လှိုင် မြို့နယ်ကဲ့သို့ပင် အခြားနေရာများတွင်လည်း အားကစားရုံဆောင်ရွက်ခြင်းမရှိပါကြောင်း၊ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖြေကြားရမည်ဆိုပါက အားကစားရုံများ ဆောင်ရွက်ရမည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ မြို့နယ်၏ လိုအပ်ချက် အပေါ်မူတည်ပြီး တင်ပြတောင်းခံ၍ရပါကြောင်း၊ မိမိတို့၏လိုအပ်ချက်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ပြီး တင်ပြဆောင်ရွက်ခဲ့ပြီး သဘောထားမှတ်ချက်ဖြင့် တင်ပြ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားခဲ့ပါသည်။
