(က)-မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုး ဆာဖျူရစ် အက်စစ် စက်ရုံ လည်ပတ်ခြင်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေ၍စက်ရုံကို လွတ်ကင်း ရာ နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ (၁၆.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

win thein zawယခင် MICCL ခေါ် Myanmar Copper Co.,Ltd က ခေတ်မီတူးဖော်စဉ်က ငရဲမီးကို နိုင်ငံခြားက တင်သွင်းပါကြောင်း၊ ငရဲမီးစက်ရုံနှင့် စက်ရုံတို့နီးခြင်းဝေးခြင်းသည် အဓိကမဟုတ်ဘဲ ပြည်သူများနှင့် လွတ်ကင်းရာ တစ်နေရာတွင် တည်ဆောက်သင့်ပါကြောင်း၊ ယခုမိုးကြိုးဆာဖျူရစ်စက်ရုံသည် ယခင်မဆလအစိုးရလက်ထက်က ရှေ့ပြေးစက်ရုံ တစ်နေ့တန် ၅၀ ကျကြေးနီစက်ရုံနေရာဖြစ်ပါကြောင်း၊ မိုးကြိုးဆာဖျူရစ်အက်စစ်စက်ရုံကို ၂၀၀၇ ခုနှစ်တွင်စတင်ပြီး ၂၀၁၃ ခုနှစ်အထိ တရားမဝင်လည်ပတ်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာထွက်မှသာ စမ်းသပ်လည်ပတ်ခွင့်ဟုဆိုပြီး ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ 

မိုးကြိုးဆာဖျူရစ်အက်စစ်စက်ရုံသည် အောက်ပါဥပဒေပုဒ်မများနှင့်ငြိစွန်းပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၅ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အခြေခံ ဥပဒေပုဒ်မ ၃၉၀(ခ) နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုဥပဒေပုဒ်မ ၄၁ အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုတားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ် မှတ်သည်။ ပုဒ်မခွဲ(ဃ) ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပုဒ်မခွဲ(င) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စသဖြင့် ဥပဒေများ ရှိပါကြောင်း၊ အမှန်တကယ်တွင် ဥပဒေ၊နည်းဥပဒေ တစ်ချက်ငြိရုံဖြင့် ပြောင်းရွှေ့ပေးရမည့်ကိစ္စ ဖြစ်ပါကြောင်း၊

မိုးကြိုးဆာဖျူရစ်အက်စစ်စက်ရုံလည်ပတ်နေသည့်အတွက် ကြက်သွန်ခင်း၊ ပဲခင်း၊ နှမ်းခင်း၊ ခရမ်းချဉ်းခင်း တို့ ပျက်ကြပါကြောင်း၊        ထို့ကြောင့်ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးပိုင်လီမိတက်၏ မိုးကြိုးဆာဖျူရစ်အက်စစ်စက်ရုံလည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေ၍ အဆိုပါစက်ရုံကို ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မြgen myint nweန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် ဆားလင်းကြီးမိုးကြိုးဆာဖျူရစ်အက်စစ်စက်ရုံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ NORINCO ကုမ္ပဏီနှင့် ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် စာချုပ်ချုပ်ဆို၍ ၂၀၀၆ ခုနှစ်၊ မေလ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် စတင်လည်ပတ်ဆောင်ရွက်ခဲ့ပြီး တစ်ရက်လျှင် ဆာဖျူရစ်အက်စစ်တန် ၅၀ ထုတ်လုပ်နိုင်သော၊ အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံထားရှိသော စက်ရုံ ဖြစ်ပါကြောင်း၊

စက်ရုံတွင်ထုတ်လုပ်သော ဆာဖျူရစ်အက်စစ်များအား လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင် တောင်တို့၏ ကြေးထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ရရှိသော အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအား နိုင်ငံတော်ကရရှိခံစားနေခြင်းဖြစ်သည့် စက်ရုံသည် နိုင်ငံတော်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသော စက်ရုံတစ်ရုံ ဖြစ်ပါကြောင်း၊

စက်ရုံတည်ဆောက်မှု Design အရ Double Conversion (3+2 Stage) နှင့် Double Absorption စနစ် သည် လက်ရှိကမ္ဘာပေါ်တွင် နောက်ဆုံးအသုံးပြုဆောင်ရွက်နေသော နည်းပညာဖြစ်ပြီး ၉၉.၉၅ ရာခိုင်နှုန်းအထိ ဆာဖျူရစ်အက်စစ်ထုတ်လုပ်နိုင်ပါကြောင်း၊ ပြည်ပလေထုသို့ SO2 နှင့် SO3 Gas များအား ခေါင်းတိုင်မှ တိုက်ရိုက် စွန့်ပစ်ခြင်းမပြုလုပ်ဘဲ နိုင်ငံတကာစံချိန်စံညွှန်းဖြစ်သော 150 ppm ထက်မများစေရန်အတွက် Efficiency ပိုမို ကောင်းမွန်သည့် Tail gas Treatment unit အား  အမေရိကန်ဒေါ်လာ ၁၇၈၀၀၀ ဖြင့် ပြည်ပမှ ဝယ်ယူတပ်ဆင် အသုံးပြုလျက်ရှိပြီး SO2  နှင့် SO3 ပါဝင်မှုများကို  Treatment  ပြုလုပ်ပြီးမှသာ လေထုထဲသို့ စွန့်ပစ်သည့်စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊

မိုးကြိုးဆာဖျူရစ်စက်ရုံနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းတောင်စုံစမ်း စစ်ဆေးရေးကော်မရှင်အနေဖြင့် စက်ရုံကို ၁၃-၃-၂၀၁၃ ခုနှစ်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းအဖွဲ့၏ အပြီးသတ်အစီရင်ခံစာတွင်ပါရှိသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ အပိုဒ် ၈၂ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် ၂၉ အရ မိုးကြိုး ဆာဖျူရစ်အက်ဆစ်စက်ရုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုထားပါကြောင်း၊

(က) မိုးကြိုးဆာဖျူရစ်အက်ဆစ်စက်ရုံမှ စွန့်လွှတ်သောအငွေ့တွင် ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုကို နိုင်ငံတကာစံချိန်စံနှုန်းဖြစ်သည့် 150 PPM-Part Pound Million ထက်မများစေရန် သတ်မှတ်ထိန်းချုပ်၍ စွန့်ထုတ်ရန်နှင့် စက်ရုံအနေဖြင့် နိုင်ငံတကာပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများနှင့်အညီ ISO Certificate များလည်း ရယူသင်‌့ကြောင်း၊ (ခ) ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးရှိ  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုး ဆာဖျူရစ်အက်ဆစ်စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်းမရှိသေးကြောင်းနှင့် စက်မှုဝန်ကြီးဌာန ၏ ခွင့်ပြုချက်ရယူရန်လိုအပ်သည်ဟု အကြံပြုသွားပါကြောင်း၊ အကြံပြုချက်တွင်ပါဝင်သော ပုဂ္ဂလိကစက်မှုမှတ်ပုံ တင်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နေစဉ်ကာလအတွင်း စက်ရုံလည်ပတ်ရန် ခွင့်ပြုချက် အား စက်မှုဝန်ကြီးဌာနသို့ နှစ်စဉ်ခွင့်ပြုချက်ရယူဆောင်ရွက်လျက် ရှိပါကြောင်း၊

စက်ရုံ၏ထုတ်လုပ်မှုနည်းလမ်းများ၊ နည်းပညာပိုင်းဆိုင်ရာများသည် လက်ရှိနိုင်ငံတကာတွင် အသုံးပြုလျက် ရှိသည့် နောက်ဆုံးနည်းပညာများဖြင့် လည်ပတ်လျက်ရှိသောကြောင့် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်း များနှင့်အညီ ISO လက်မှတ်သုံးစောင် ရရှိထားပြီးဖြစ်ပါကြောင်း၊ (၁) ISO 9001:2015 (Quality Management System)၊ (၂) ISO 14001:2015 (Environment Management System)၊ (၃) OHSAS 18001:2007 (Occupation Health & Safety Management System) တို့ဖြစ်ပါကြောင်း၊ စက်ရုံအနေဖြင့် လစဉ်တိုင်းတာ ရရှိသော Result များကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လစဉ်တင်ပြ လျက် ရှိပါကြောင်း၊ တင်ပြသော Result နှစ်မျိုးရှိပါကြောင်း၊ ပထမတစ်မျိုးက စက်ရုံ၏ DCS System တွင် မူလ တပ်ဆင်ပါရှိသော SO2  Analyzer များဖြင့် ထိန်းချုပ်ခန်းမှလည်းကောင်း၊ WHO စံနှုန်းများနှင့်အညီ လေထုအတွင်းရှိ SO2  ပမာဏ 20 µg/m3 (24 hour means) ထက်မများစေရန်အတွက် Portable Air Monitoring Machine Haz-scanner (Model-EPAS) ဖြင်‌့လည်းကောင်း စဉ်ဆက်မပြတ်စောင့်ကြပ်စစ်ဆေး၍ တိုင်းတာရရှိသော Result များ ဖြစ်ပကြောင်း၊ ဒုတိယ Result က စက်ရုံမှစွန့်ပစ်ရေအား pH 6 to pH 9 အကြားရရှိစေရန်အတွက် ဓာတ်ပြယ် စေရန်ပြုလုပ်ပြီးမှသာ စွန့်ပစ်ရေစုဆောင်းကန်အတွင်းသို့ သီးခြားစွန့်ပစ်လျက်ရှိပြီး စွန့်ပစ်အစိုင်အခဲများအား စက်ရုံ အတွင်းတွင် HDPE အစခင်းထားသည့် အလျား ၁၅၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၆ ပေရှိ စွန့်ပစ်ကန်အတွင်းသို့ စနစ်တကျထုတ်ပိုး၍ စွန့်ပစ်လျက်ရှိရာ အဆိုပါစွန့်ပစ်ကန်များအနီးရှိ မြေသားနှင်‌့ စက်ရုံ၏အရပ်လေးမျက်နှာမှ မြေနမူနာများကို မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းသို့ လစဉ်ပေးပို့စစ်ဆေး၍ တိုင်းတာရရှိသော Result များဖြစ်ပါကြောင်း၊

စက်ရုံအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများဆန်းစစ်နိုင်ရေး Environmental and Social Impact Assessment-ESIA Report အား ပြုစုတင်ပြနိုင်ရန်အတွက်  ကနေဒါနိုင်ငံတွင်အခြေစိုက်၍ စင်္ကာပူ နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားရှိသည့် Green Environmental, Health, Safety and Social Consultancy Co.,Ltd နှင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းကုမ္ပဏီမှ ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ စက်ရုံနှင့်ပတ်ဝန်းကျင်ကျေးရွာများသို့ လက်တွေ့ကွင်းဆင်းလေ့လာစစ်ဆေး တိုင်းတာမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ESIA Report အား ပြုစု ရေးသားကာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ သဘောထားမှတ်ချက် ၄၂ ချက်ပြန်ကြားခဲ့ခြင်းအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအား ထပ်မံ၍ တင်ပြဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က စက်ရုံသို့လာရောက်စစ်ဆေးစဉ် ဒေသခံများ၏ သတင်းပေးမှုအရ အက်ဆစ်ငွေ့ ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့်ကလေးငယ်လေးဦးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန် ကလေးဆေးရုံကြီးသို့ ပို့ဆောင်၍ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ရာ အက်ဆစ်ငွေ့ကြောင့်ဖြစ်သည့်ရောဂါများမတွေ့ရှိရကြောင်း  ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လ ၁၄ ရက်နေ့၌ ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတွင် သတင်းထုတ်ပြန်ချက်(၁၂/၂၀၁၂)ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊

လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဆောင်သော ပညာရှင်များပါဝင်သည့်အဖွဲ့နှင့် Third Party အဖွဲ့အစည်းဖြစ်သည့် Live Environmental Assessment Group မှ ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ ကျေးရွာဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ပြီး ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများနှင့် စက်ရုံရှိဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ လိုအပ်သည့်ကုသမှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် လေထုတိုင်းတာ ရေးကိရိယာများနှင့် စစ်ဆေးတိုင်းတာခြင်း၊ ရေနမူနာများရယူစစ်ဆေးခြင်း၊ လုပ်ငန်းများကိုဆောင်ရွက်ကာ ကျန်းမာ ရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ချက် Health Impact Assessment Report အား ရေးသားပြုစုခဲ့သော အစီရင်ခံစာအရ စက်ရုံမှထွက်ရှိသော အခိုးအငွေ့၊ အမှုန်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စသည်တို့ကြောင့် ကျန်းမာရေးထိခိုက်ယိုယွင်းခြင်းများ မတွေ့ရှိရပါဟု ဖော်ပြထားရှိပါကြောင်း၊

စက်ရုံအနေဖြင့် ကံကုန်းကျေးရွာရှိ ဒေသခံပြည်သူများ၏သောက်သုံးရေအဆင်ပြေစေနိုင်ရေးအတွက် ၂၀၁၀ ပြည့် နှစ်မှ စတင်ကာ ယမားချောင်းမှ ချောင်းရေအားအဆင့်ဆင့်သန့်စင်ပြီး ဂါလံ ၈၀၀ ဆံ့ အုတ်ရေကန် သုံးလုံး၊ ရေငုတ် သုံးခုပြုလုပ်၍ သန့်စင်ရေဂါလံ ၃၀၀၀၀ အား ၂၄ နာရီဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိပြီး စက်ရုံ၏ဝန်ထမ်း ၉၀ ရာခိုင်နှုန်းသည် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူရွာသားများ ဖြစ်ကြပါကြောင်း၊ ထို့အပြင် လူမှုရေးဆိုင်ရာတာဝန်ခံမှု (Corporate Social Responsibility-CSR) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်ရုံ၏အသားတင်အမြတ်ငွေမှ နှစ်ရာခိုင်နှုန်းအား CSR ရန်ပုံငွေအဖြစ်သတ်မှတ်၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း ၁၈ သန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၆၃ သန်းတို့ကို ရန်ပုံငွေအဖြစ် စီမံဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် နှစ်စဉ်စက်ရုံ၏အသားတင်အမြတ်ငွေမှ နှစ်ရာခိုင်နှုန်းကိုလည်း CSR ရန်ပုံငွေအဖြစ် ထားရှိသုံးစွဲနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မိုးကြိုးဆာလ်ဖျူရစ်စက်ရုံသည် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ လည်ပတ် ထုတ်လွှတ်လျက်ရှိသောကြောင့် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်သုံးစောင် ရရှိထားပြီးဖြစ်ခြင်း၊ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိသော စက်ရုံဖြစ်ခြင်း၊ စက်ရုံ၏အသားတင်အမြတ်ငွေမှ နှစ်ရာခိုင်နှုန်းအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် CSR ရန်ပုံငွေအဖြစ် ထားရှိဆောင်ရွက်လျက်ရှိခြင်း၊ စက်ရုံနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူရွာသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေသောစက်ရုံဖြစ်ခြင်း၊ စက်ရုံလည်ပတ်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်အန္တရာယ်ဖြစ်ပွားနိုင်မှုမရှိနိုင်ခြင်းနှင့် စက်ရုံမှထုတ်လုပ်သော ဆာဖျူရစ်အက်ဆစ် များအား လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့မှ ကြေးထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအား ရရှိခံစားနေခြင်း စသည့်အကြောင်းများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက်စီမံကိန်းအရအကျိုးပြုသော စက်ရုံ ဖြစ်ပါသဖြင့် ရွှေ့ပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။