(ခ)-မူလတန်းအရွယ် ကလေးများ၏ အခမဲ့ မသင် မနေရ ပညာရေးစနစ်ကို အပြည့်အဝ အကောင်အ ထည်ဖော်နိုင်ရေးအတွက်မည်သို့ စီစဉ်ထားသည် ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ (၁၄.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr saw naingမိမိတို့နိုင်ငံလူဦးရေ၏ ၁၂ သန်းကျော်က ကလေးများဖြစ်ကြပါ‌ကြောင်း၊ အသက် ၅ နှစ်မှ ၁၁ နှစ် ကြား မူလတန်းအရွယ်ကလေး ခြောက်သန်းကျော်ရှိသည်ဟု သုတေသနမှတ်တမ်းများအရ သိရှိရပါကြောင်း၊ မူလတန်း အရွယ်ကလေးများ၏ ၁၁ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကြား အရေအတွက်အားဖြင့် ၆၀၀၀၀ ကျော်က စာသင်ခန်းထဲတွင် စာသင်ကြားနိုင်ခြင်းမရှိဖြစ်နေပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါကြောင်း၊ စစ်ဘေး ရှောင်များဖြစ်နိုင်သကဲ့သို့ မိဘများက ကျောင်းမထားနိုင်ခြင်းဖြစ်နိုင်ပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈ တွင် နိုင်ငံတော်သည် မူလတန်းအရွယ်ကလေးများ၏ မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးမည်ဟုပြဋ္ဌာန်းထားရှိပါကြောင်း၊ မူလတန်းအရွယ်ကလေးများ အပြည့်အဝ စာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tun၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၆ ပုဒ်မခွဲ(ခ) တွင် ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ည) တွင် အခမဲ့မသင်မနေရမူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်ရေးဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမူလတန်းအဆင့် တွင် အခမဲ့ပညာရေးအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်အခမဲ့ဖြန့်ဝေမှုအပြင် ၂၀၁၂-၁၃ ပညာ သင်နှစ်က စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း အခမဲ့မသင်မနေရမူလတန်းပညာရေးကို ဦးတည်အကောင် အထည်ဖော်ပြီး အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၂-၁၃ ပညာသင်နှစ်မှ ၂၀၁၄-၁၅ ပညာသင်နှစ်ထိ မူလတန်းအဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကိုလည်းကောင်း၊  ၂၀၁၅-၁၆ ပညာသင်နှစ်မှ ကျောင်းသုံးပုံနှိပ်စာအုပ်အခမဲ့ဖြန့်ဝေမှုကို အထက်တန်းအဆင့်ထိတိုးချဲ့ဆောင်ရွက်၍လည်းကောင်း၊  မူလတန်း အဆင့်အတွက် ကျောင်းဝတ်စုံအခမဲ့ဖြန့်ဝေပေးမှုကိုပါ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၇-၁၈ ပညာ သင်နှစ်အထိ ကျောင်းသုံးပုံနှိပ်စာအုပ်အခမဲ့ဖြန့်ဝေမှုကို အထက်တန်းအဆင့်ထိလည်းကောင်း၊ ဗလာစာအုပ်နှင့် ကျောင်းသုံးစာအုပ်အခမဲ့ဖြန့်ဝေမှုကို မူလတန်းအဆင့်စသည်ဖြင့် နိုင်ငံတော်ဘဏ္ဍာငွေခွင့်ပြုချက်ရရှိမှုအပေါ် မူတည်ပြီး တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခမဲ့ မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်မှုအဖြစ် ကျောင်းနေအရွယ်ကလေးများ စာရင်းကောက်ယူ၍ ကျောင်းအပ်နှံရေးနေ့ရက်သတ္တပတ်သတ်မှတ်ဆောင်ရွက်ခြင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်နှံခြင်းမရှိသေး သော  ကျောင်းနေအရွယ်ကလေးငယ်များကို ကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ပူးပေါင်း ခြင်း၊ ကျောင်းသားမိဘများအား စည်းရုံးဆောင်ရွက်ခြင်း၊ အစိုးရပိုင်သတင်းစာ၊ ရုပ်မြင်သံကြားအစီအစဉ်များက စည်းရုံးအသိပေးခြင်း၊ အခမဲ့ထောက်ပံ့မှုပေးခြင်းများကို နိုင်ငံတစ်ဝန်းသိရှိနိုင်စေရန်အတွက် ထည့်သွင်းဖော်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းကိုလာရောက်ကျောင်းအပ်နှံပါက မူလ တန်းအဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံံ့ပေးပြီး မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေး၊ စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမပြုရန်၊ အလယ်တန်းအဆင့်နှင့်အထက်တန်း အဆင့်များအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များအခမဲ့ဖြန့်ဝေပေးပြီး မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမပြုရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေပြဋ္ဌာန်းပြီးနောက် ဥပဒေနှင့်အညီ အမျိုးသားပညာရေးမဟာဗျူဟာ ၂၀၁၆-၂၁ ကိုလည်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းပါ ကဏ္ဍများအလိုက် အခြေခံပညာရေးကို ကျောင်းနေအရွယ် ကလေးတိုင်း သင်ကြားခွင့်ရရှိစေရေးကိုရည်ရွယ်ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပညာသင်ထောက်ပံ့ကြေး၊ KG Kids အစရှိသည်ဖြင့် အခမဲ့ဖြန့်ဝေပေးရန်အတွက် လိုအပ်သော ဘဏ္ဍာငွေ များကိုလည်း နှစ်စဉ်တိုးမြှင့်ထည့်သွင်းလျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅ ခုနှစ်) ၏ ပုဒ်မ ၃၁ တွင် နိုင်ငံတော်၏ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်၏ အသုံးစရိတ်အားလုံး၏ ၂၀ ရာခိုင်နှုန်းအထိ ရရှိစေရေးအတွက် ရည်မှန်းထားဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းအရွယ်ကလေးများ၏ အခမဲ့မသင်မနေရ ပညာရေးစနစ်ကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပညာရေးဥပဒေ နှင့်အညီ ရေးဆွဲဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၁ အတိုင်း ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစောနိုင်(တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးမြန်းလိုသောရည်ရွယ်ချက်က စာသင်ခန်းထဲတွင် စာသင်ကြားနိုင်ခြင်းမရှိသည့်ကလေးများအတွက် သက် ဆိုင်ရာဌာနအနေဖြင့် မည်ကဲ့သို့ရည်ရွယ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ပညာရေး စီမံကိန်းများဆောင်ရွက်ရာတွင် All of Include လူတိုင်းအကျုံးဝင်ပညာရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအစိုးရသစ်လက်ထက်တွင် ဦးစီးဌာနအသစ် Alternative  Education ကျောင်းပြင်ပနှင့် တစ်သက်စာပညာရေးဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၎င်းဦးစီးဌာနအနေဖြင့် သက်တမ်းအားဖြင်‌့ နုနယ်သေးသော်လည်း ပြည်နယ်လုံးကျွတ်စာတတ်မြောက်ရေး၊ အချို့သောမြို့နယ်များတွင် ဒေသဆိုင်ရာအာဏာ ပိုင်များနှင့် ညှိနှိုင်းပြီး အကြောင်းကြောင်းကြောင့် ကျောင်းပြင်ပတွင်ရောက်ရှိနေသော ကလေးများအတွက် ပညာရေးကိုဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။