(က)-တန့်ယန်းမြို့လေယာဉ်ကွင်းသို့လေယာဉ်ခရီး စဉ်ပြန်လည်ပြေးဆွဲရန်အစီအစဉ်ရှိ/မရှိနှင့်အစီအစဉ် မရှိပါကမြေနေရာအားပြန်လည်စွန့်လွှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၁.၈.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

sai maung pwintတန့်ယန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ လေယာဉ်ကွင်းသည် Twin Arthur လေယာဉ်ငယ်များသာ ဆင်းသက်နိုင်သည့် ကွင်းတိုလေးသာဖြစ်ပြီး ၎င်းလေယာဉ်ကွင်းသို့ လေယာဉ်ဆင်းသက် ပြေးဆွဲခြင်း မရှိသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိလေယာဉ်ကွင်းသည် မြို့တွင်း လူနေအိမ်များအကြား တည်ရှိနေခြင်း၊ ရေအားလျှပ်စစ်ဓာတ်မီးတိုင်များ စိုက်ထူထားခြင်းတို့ကြောင့် လေယာဉ်ဆင်းသက်ရန် မသင့်သည့်အခြေအနေသို့ရောက်ရှိနေပါကြောင်း၊ ၁၀ ဧကကျော် ကျယ်ဝန်းသည့် လေယာဉ်ကွင်းနေရာအား ပြန်လည်စွန့်လွှတ်ပါက မြို့နယ်၏ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ် ကြက်ခြေနီအဖွဲ့ရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအိမ်ရာများအတွက် မြေနေရာလိုအပ် လျက်ရှိသည်ကို ဌာနဆိုင်ရာများမှ တင်ပြလာသဖြင့် တန့်ယန်းမြို့နယ်လေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ်မရှိပါက လိုအပ်သည့် ရုံးမြေနေရာများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် လေယာဉ်ကွင်းမြေနေရာအား ပြန်လည် စွန့်လွှတ်‌ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoတန့်ယန်းလေယာဉ်ကွင်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၂၅၀၀ တွင် တည်ရှိပါကြောင်း၊ လေယာဉ်ပြေးလမ်းမှာ အလျား ၁၇၀၀ ပေ၊ အကျယ် ၁၀၀ ပေသာရှိသည့် ဂဝံခင်းကွင်းဖြစ်သဖြင့် ခြောက်သွေ့သောရာသီတွင်သာ အော်တာလေယာဉ်များ ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ဆင်းသက်အသုံးပြုခဲ့သည့် လေယာဉ်ကွင်းဟောင်း ဖြစ်ပါကြောင်း၊

တန့်ယန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင်‌့ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့က တန့်ယန်းလေယာဉ်ကွင်းဟောင်းနေရာအား ဌာနဆိုင်ရာစုပေါင်းရုံးနှင့်  မြို့နယ်ခန်းမအဆောက်အဦသစ် ဆောက်လုပ်ပေးနိုင်ရေးကိစ္စကို ယခင်အစိုးရလက်ထက်တွင်တင်ပြခဲ့ရာ ၎င်းကိစ္စအား ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနသို့ စိစစ်တင်ပြရန် ၁၆-၁၀-၂၀၁၄ ရက်နေ့တွင် အကြောင်း ကြားခဲ့ပါကြောင်း၊

ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနက တန့်ယန်းလေယာဉ်ကွင်းဟောင်းနေရာကို စိစစ်မှုများပြုလုပ်ခဲ့ရာ လေယာဉ်ပြေးလမ်းက အရှေ့နှင့်အနောက် အနေအထားတည်ရှိပြီး၊ အနောက်ဖက်တွင် တန့်ယန်းမြို့ရှိနေခြင်း၊ အရှေ့ဖက်လေယာဉ်ဆင်းသက်ရာ လမ်းကြောင်းတွင် တောင်ကုန်းများရှိနေခြင်း၊ မြို့လယ်၌ရှိနေသဖြင့် ဘေးပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့် နီးကပ်စွာရှိနေခြင်းတို့ကြောင့် နှစ်ဘက်စလုံး လေယာဉ်ပြေးလမ်း တိုးချဲ့ရန် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းတို့ကြောင့် တန့်ယန်းလေယာဉ်ကွင်းဟောင်းနေရာအား ဌာနဆိုင်ရာ စုပေါင်းရုံးနှင်‌့ မြို့နယ်ခန်းမအဆောက်အဦသစ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုပေးနိုင်ပါကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ၁၂-၁၁-၂၀၁၄ ရက်နေ့တွင် သဘောထားမှတ်ချက်ပြန်လည်တင်ပြခဲ့ ပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ တန့်ယန်းလေယာဉ်ကွင်းသည် လက်ရှိပျံသန်းအသုံးပြုနေသော လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်ရန် လိုအပ်သော လေယာဉ်ပြေးလမ်းအရှည်ပမာဏအထိ တိုးချဲ့ရန်အတွက် ကန့်သတ် ချက်များကြောင်‌့ ပြေးလမ်းတိုးချဲ့ရန်မဖြစ်နိုင်သဖြင့် လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် အစီအစဉ် မရှိပါကြောင်းနှင်‌့ တန့်ယန်းမြို့ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော အဆောက်အဦများ တည်ဆောက်နိုင်ရန် လေယာဉ်ကွင်းဟောင်းနေရာအား ဌာနပိုင်မြေအဖြစ်မှ စွန့်လွှတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်သွားနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။