အစိုးရလျှပ်စစ်သုံးစွဲခများအကြွေးတင်ကျန်ရှိနေရခြင်းအပေါ် မည်သို့ဖြေလျှော့ပေးနိုင်မည်နှင်‌့ မီတာခခန့်မှန်းကောက်ယူမှုဖြင့် တာဝန်မကျေပွန်မှုကိုမည်သို့အရေးယူမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၁.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u nyan heinမိမိမဲဆန္ဒနယ်ကပြည်သူလူထုတချို့သည်မီတာခကိုလစဉ်ပုံမှန်သွင်းပါလျက်ရှိသော်လည်းယခင် ပေးသွင်းလျက်ရှိသော မီတာခထက် ပိုမိုပေးသွင်းခဲ့ရသည့်အတွက် မီတာနံပါတ်ကိုမှတ်သား၍ သုံးစွဲယူနစ်တိုက်ဆိုင်စစ်ဆေးရာခဲ့ရာတစ်လလျှင်ယူနစ် ၃၀၀ ပိုမိုကောက်ခံနေတာကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကိုသွားရောက်မေးမြန်းရာမီတာဖတ်သမားသည်စိတ် မှန်းဖြင့် မီတာများကိုဖတ်ခဲ့ခြင်းကြောင့် အကြွေးကျန် သုံးသိန်းနီးပါးရှိနေသည်ကို ပြန်လည်ကောက်ခံနေခြင်း ဖြစ်သည် ဟူ၍ ဖြေရှင်းခဲ့ပါကြောင်း၊ သုံးစွဲသူအနေဖြင့်လစဉ်လည်း မီတာခများပုံမှန်ပေးသွင်းမီတာသည့်အတွက် သုံးစွဲသည့် မီတာကိုစစ်ဆေးခဲ့ခြင်းမရှိပါကြောင်း၊ ပုံမှန်‌ယူနစ် ၄၀၀ ခန့်သာသုံးစွဲခြင်းဖြစ်သောကြောင့် သုံးသိန်းဆိုသည်မှာနှစ်ကာလဖြင့်တွက်ချက်ပါကနှစ်နှစ်ကျော်ကျော်ခန့်ကိုခန့်မှန်းကောက်ခြင်းမျိုး ဖြစ်နေသည့်အပေါ်လည်းယုံကြည်ခြင်းမရှိပါကြောင်း၊ထို့ကြောင့် ယင်းကျသင့်သည်မီတာကြွေးများကိုလျှော်ပစ်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်ပေါင်းစပ်ညှိနှိုင်းရာ ၎င်းတို့အနေဖြင့်လျှော်ပစ်ရန်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း မီတာဘောက်အလုံးတစ်သောင်းကျော် ကိုတရားဝင်ဝန်ထမ်းသုံးဦးသာခန့်ထားနိုင်သည့်အတွက် ယင်းကဲ့သို့မှားယွင်းခြင်းမျိုးများတွေ့ကြုံရခြင်းသည် ဟု ပြန်လည်ဖြေကြားပါကြောင်း၊ ထို့ကြောင့် ပြည်နယ်လျှပ်စစ်ဝန်ကြီးရုံးနှင့် ထပ်မံပေါင်းစပ်ညှိနှိုင်းခဲ့ရာပြည်နယ်လျှပ်စစ်ဝန်ကြီးအနေဖြင့်လည်းဝန်ထမ်းလုံလောက်ခြင်းမရှိခြင်းကြောင့် ယင်းသို့ဖြစ်တတ်ပါ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုဘတ်ဂျက်တင်ပါက ဖြတ်တောက်ခြင်းမပြုပါရန်တင်ပြ ပြောကြားခဲ့ပါကြောင်း၊ ၎င်းဝန်ကြီးကိုယ်တိုင်ပင် လျှပ်စစ်ဝန်ကြီးမဖြစ်ခင်က ၃၀၀၀ ဖိုးကျော်ခန့်ကိုပေးဆောင်ခဲ့သည်ကိုလည်းသိရှိရပါကြောင်း၊သာမန်ပြည်သူလူထုအများစုသည်စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရခြင်းကြောင့်မီတာကိုသုံးစွဲယူနစ်စစ်ဆေးခြင်းမရှိသကဲ့သို့ ဘောင်ချာများကိုလည်းသိမ်းဆည်းခြင်းလည်းမရှိပါကြောင်း၊လျှပ်စစ်ဓာတ်အားသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်အဓိကလိုအပ်သောအခြေခံဝတ္တုပစ္စည်းဖြစ် သကဲ့သို့ယင်းကဏ္ဍကြီးတိုးတက်လာဖို့အတွက်လည်း ပြည်သူလုထုပါဝင်ရန် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့အပေါ်၌စိတ်ချလက်ချယုံကြည်သည့်ဝန်ဆောင်မှုမျိုးကိုပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ လူထုယုံကြည်မှုရှိရန်၊လူထုချို့ယွင်းချက်များကို ပြင်ဆင်ရန်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုဝန်ဆောင်မှုပေးရာတွင် လူထုစိတ်တိုင်းကျဖြစ်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ထို့ကြောင့် အစိုးရလျှပ်စစ်သုံးစွဲခများအကြွေးတင်ကျန်ရှိနေရခြင်းအပေါ် မည်သို့ဖြေလျှော့ပေးနိုင်မည်နှင်‌့ မီတာခခန့်မှန်းကောက်ယူမှုဖြင့် တာဝန်မကျေပွန်မှုကိုမည်သို့အရေးယူမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingမိမိအနေဖြင့် ပထမဦးစွာတင်ပြလိုသည်မှာမေးခွန်းပါအချက်များကိုတိတိကျကျမပါရှိလာသည့်အတွက် အဆိုပါဖြစ်စဉ်ဖြစ်ရပ်အပေါ်အဖြေပြုစုရှင်းပြနိုင်ခြင်း မရှိသေးပါကြောင်းနှင့်တိကျသည့် လိပ်စာနှင့်ကာယကံရှင်၏ ဖြစ်စဉ်ကိုထပ်မံရရှိတယ်ဆိုပါကတိတိကျကျ စစ်ဆေးဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်သည်ကိုဦးစွာဖြေကြားလိုပါကြောင်း၊ မီတာစာရေးများမီတာမှန်မှန်မဖတ်သည့်ကိစ္စနှင်‌့ပတ်သက်၍ယခင်ကတိုင်းနှင့်ပြည်နယ်အနှံ့ ဒီဇယ်ဓာတ်အားပေးစက်များနှင့် လူဦးရေနည်းနည်းကိုသာဓာတ်အားပေးနိုင်ခဲ့စဉ်ကမြို့ရုံးများ၏ ဝန်ထမ်းဖွဲ့စည်းပုံအင်အားကိုခွင်‌့ပြုချက်နည်းနည်းဖြင့်သာ ရရှိခဲ့ပါကြောင်း၊အချို့သောမြို့ရုံးများတွင် ဝန်ထမ်းအင်အားငါးဦးခန့် (သို့) ခုနစ်ဦးခန့်ခွင်‌့ရှိသည့်အပေါ် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အရ ဝန်ထမ်းဦးရေသုံးပုံနှစ်ပုံထက် ပိုမခန့်ရဟုဆိုသည့်အတွက် မိမိတို့အနေဖြင့် ဝန်ထမ်းများကို လေးဦး၊ သုံးဦးသာခန့်ထားနိုင်ခဲ့ပါကြောင်း၊ယခုကဲ့သို့ တိုးတက်လာသည့်ခေတ်တွင်မီတာသုံးစွဲလျှပ်စစ်ကိုပိုမို  ဖြန့်ဖြူးပေးနိုင်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မီတာဦးရေများပြားလာသည့်အခါ မူလဝန်ထမ်းအရေအတွက်၊ဝန်ထမ်း၏ခရီးသွားလာရမည့်အချိန်နှင့် တာဝန်ဝတ္တရားသည် အင်မတန်များပြားလာပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းများတိုးတက်ခန့်ထားရေးကိုအကြိမ်ကြိမ်တင်ပြတောင်းခံဆောင်ရွက်နေသည့် အကြောင်းအရင်းသည်လည်း ဤအချက်သာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချိန်မီဖတ်ရသည့်အခါတွင်အားနည်းချက်ရှိနိုင်သည်ကိုမိမိတို့ လက်ခံပါကြောင်း၊မီတာများခန့်မှန်းဖတ်ရှုခြင်း၊ခန့်မှန်းကောက်ခံခြင်းကြောင့် မီးသုံးသည့် လူများအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်လာစေအောင်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊မီတာခန့်မှန်းကောက်ခံမှုမဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်မှုအနေအထားနှင်‌့ပတ်သက်၍ မီးသုံးသူဦးရေနှင့် အချိုးညီမီတာဖတ်ရှုသည့် မီတာဖတ်စာရေး‌များကိုခန့်ထားဆောင်ရွက်နိုင်ခွင်‌့ရရှိရေးအတွက် အဆင့်ဆင်‌့တင်ပြတောင်းခံလျက်ရှိပါကြောင်း၊ ဒုတိယအချက်အနေဖြင့်မူလကAnalogue မီတာများအစားယခုအခါဒစ်ဂျစ်တယ်မီတာများနှင်‌့ တပ်ဆင်ပြီး စက်နှင့်ဖတ်သည်စနစ်ကိုကျင့်သုံးပြီးတိကျမှန်ကန်သည့်စနစ်ဖြစ်အောင် ပြောင်းလဲဆောင်ရွက်နေတာရှိပါကြောင်း၊သို့သော်လည်းတစ်နိုင်ငံလုံးအတွက် ပြောင်းလဲရသည့်အတွက်မိမိတို့ရရှိသည့် ဘတ်ဂျက် ပြောင်းလဲရခြင်းဖြစ်သည့်အတွက်အဆင့်အလိုက် ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ဓာတ်အားခကောက်ခံသည့်စနစ်ကို ကွန်ပျူတာဘေစနစ်ဖြင့်ကျင့်သုံးပြီး အဂတိလျော့နည်းအောင်ဆောင်ရွက်လျက်ရှိသကဲ့သို့မိမိတို့ အိမ်သို့လာရောက်ဖတ်ရှုရမည်‌့ မီတာဖတ်ရက်ကိုအများ ပြည်သူသိရှိအောင် နိုင်ငံပိုင်သတင်းစာများတွင် အစဉ်သဖြင့် ထည့်သွင်းကြေညာလျက်ရှိပါကြောင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်းအများပြည်သူသိနိုင်အောင် တရားဝင်ကြေညာထားပါ ကြောင်း၊ မီတာဖတ်ရှုရန် ပျက်ကွက်ခဲ့ပါကလည်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့တိုင်ကြားနိုင် ကြောင်းကိုပါ တစ်ပါတည်းအသိပေးထားပါကြောင်း၊ ဓာတ်အားခကြွေးကျန်ကိစ္စနှင်‌့ပတ်သက်၍ အတိအကျရှင်းပြနိုင်ခြင်း မရှိသော်ငြားလည်းဓာတ်အားခပိုမိုကောက်ခံကြောင်းကာယကံရှင်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကိုသွားရောက်တိုင်ကြားခဲ့ပြီးအမှန် တစ်ကယ် ပိုကောက်ခံခဲ့ပြီးယင်းသို့ကောက်ခံခြင်းသည်လည်းမတော်တဆမှားယွင်းမှုဖြစ်ခဲ့သည်ဆိုပါကနောက်လများတွင်အဆိုပါအိမ်ကသုံးစွဲသည့် လျှပ်စစ်ယူနစ်ကိုပထမပိုကောက်ထားသည့်ယူနစ်နှင့် ပြန်လည်တွက်ချက်ကာကျသင့်သည်ထက် လျှော့၍ ကောက်ခံသည့်စနစ်ကိုကျင့်သုံးပါကြောင်း၊ မီတာလိုဖတ်၊ ပိုဖတ်သည့် ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအခန်း(၁၉) အပိုဒ် ၂၁၀ အရအပြစ်ပေးအရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားခကြွေးကျန်များကို ရငွေစာရင်းတွင်ရရန်ရှိစာရင်းအဖြစ် ပေးသွင်းစာရင်းဖော်ထားခြင်းဖြစ်သည့်အတွက် လျှော်ပစ်သည့်နည်းလမ်းကိုဆောင်ရွက်၍ မရပါကြောင်းနှင့် ယခုဖြစ်ရပ်အပေါ် လိပ်စာအတိအကျပေးခဲ့ပါက ပြန်လည်စိစစ်ပေးမှာဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။