(ဃ)-နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ ၆၆/၆) များကို ဥပဒေနှင့်အညီ အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထားဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၁၀.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u win winပြည်သူများအတွက်လိုအပ်နေသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနများသို့ သွားရောက်ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းနှင့်သတ်မှတ်နှုန်းထားများထက် ငွေကြေးများပိုမိုတောင်းခံခြင်းရှိနေကြောင်းနှင့် ငွေကြေးမပေးရပါက အကြောင်းအမျိုးမျိုးပြ၍ လိုအပ်ချက်များရှိနေသေးသည်ဟုဆိုကာ ရက်ချိန်းများပေးပြီး အချိန်ကိုလာဘ်စားနေသေးပါကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) ပုဒ်မ ၃၄၅ ပုဒ်မခွဲ(က)တွင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသောသူများက နိုင်ငံသားများဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိပြီး ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအခန်း (၂) ပုဒ်မ ၅ တွင်တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူတိုင်းသည်လည်းကောင်း နိုင်ငံသားများဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါဥပဒေ၏ပုဒ်မ ၆ နှင့် ပုဒ်မ ၇ တွင်မည်သူတို့သည် နိုင်ငံသားဖြစ်သင့်ကြောင်းကိုအတိအလင်းပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မိမိလွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်ကတည်းကမှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့ ပြုလုပ်ရန်အခက်အခဲရှိသောမြို့နယ်ရှိပြည်သူများကို ထဲထဲဝင်ဝင်ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊မှတ်ပုံတင် ပြုလုပ်မည်ဆိုပါက နိုင်ငံတော်ကတရားဝင်သတ်မှတ်ပြဋ္ဌာန်းထားသည်ကအသစ်ပြုလုပ်သူများကို ၆ ကျပ်နှုန်းဖြင့်ဆောင်ရွက်စေပြီးအပျက်၊ အပျောက်များကို ၁၀ နှုန်းဖြင့်ဆောင်ရွက်ပေးကြောင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို နိုင်ငံတော်ကအခမဲ့ဆောင်ရွက်ပေးပါကြောင်း၊ယခုမိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး၏ဦးဆောင်ညွှန်ကြားမှုဖြင့် ကျေးရွာများအရောက် မှတ်ပုံတင်အသစ်များကိုဆောင်ရွက်ပေးနေပြီးအသက် ၁၀ နှင့်အထက် ကျောင်းသူကျောင်းသားများအတွက်ကို မှတ်ပုံတင်အသစ်ဆောင်ရွက်ပေးခြင်းကိုကျောင်းများသို့ ကိုယ်တိုင်သွားရောက်ပြီးဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ယခင်ကထက်များစွာအားရကျေနပ်မိပါသော်လည်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးများကိုအပျက်၊ အပျောက်များနှင့်အသစ်ပြုလုပ်လိုသူအချို့ကိုယ်တိုင်သွားရောက်ပြီးဆောင်ရွက်နေသူများ အထက်ပါအခက်အခဲများရှိနေသေးပါကြောင်း၊မှတ်ပုံတင်များပြုလုပ်သည့်အခါ စာရွက် စာတမ်းများလိုအပ်ခြင်းရှိနေသူများ၊လိုအပ်သောစာရွက်စာတမ်း၊ အထောက်အထားပါရှိသူများကိုတချို့က သတ်မှတ်နှုန်းထားထက် ပိုတောင်းခြင်းများ၊ အချိန်ကိုလာဘ်စားနေခြင်းများရှိနေသည့်အတွက် ခိုင်လုံသောအထောက်အထားများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများကိုတိုင်ကြားနိုင်ကြောင်းမိမိတို့ကပြောသော်လည်းအထောက်အထားယူရန် ခက်ခဲကြောင်းနှင့် မတိုင်ကြားရဲကြပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများကပြည်သူ့လခကိုစားနေသောဝန်ထမ်းများဖြစ်သည့်အတွက်မိမိဌာနကိုရောက်လာသော ပြည်သူများကိုအဆင်ပြေချောမွေ့စေရန် အတွက် စေတနာသန့်သန့်ဖြင့်လုပ်ထုံးလုပ်နည်းနှင့်အညီကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ ထို့ကြောင့်ပြည်သူများအတွက် လိုအပ်လျက်ရှိနေသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကိုဥပဒေနှင့်အညီအဆင်ပြေချောမွေ့စွာရရှိရေးအတွက် မိုပိုကြပ်မတ်အလေးထားဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါကမည်သို့စီစဉ်ဆောင်ရွက်ပေးသွားမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ
အဖြေ
ဖြေကြားချက် 

u thein sweမိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဝင် စာရင်းများကိုဥပဒေနှင့်အညီပိုမိုပြီးအဆင်ပြေချောမောနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါ‌ကြောင်း၊ လိုအပ်သောအထောက်အထား၊ အချက်အလက်များကိုလည်း အတတ်နိုင်ဆုံးဖြေလျှော့ပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မဖြစ်မနေကောက်ခံရမည့် အနည်းဆုံးလိုအပ်ချက်များကိုသာ ဆက်လက်ကောက်ခံသွားမည် ဖြစ်ပါကြောင်း၊ဒုတိယအနေဖြင့်အခြေခံပညာကျောင်းများတွင် ၁၀ နှစ်ပြည့်မှတ်ပုံတင်ကတ်ပြားများကိုလည်း နှစ်စဉ်ကျောင်းဖွင့်ချိန်များတွင် ဆောင်ရွက်ပေးနေပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလနေထိုင်ရာဒေသကအခြားဒေသများကို ပြောင်းရွှေ့နေထိုင်သော်လည်း ၎င်းတို့ကပြောင်းရွှေ့ပုံစံ(၁၀)ထုတ်ယူခြင်းမရှိဘဲ သက်ဆိုင်ရာရောက်ရှိဒေသတွင်အိမ်ထောင်စုလူဦးရေနှင့် မှတ်ပုံတင်ထုတ်ယူနိုင်ရေးအတွက်ကိုယခင်က၎င်းတို့မူလနေထိုင်ခဲ့သောနေရာဒေသကို ပြန်လည်စေလွှတ်ပြီး ထောက်ခံစာများနှင့်ယူဆောင်သော အစီအစဉ်အစားလက်ရှိတွင်ရောက်ရှိရာဒေသတွင် လျှောက်ထားနိုင်စေရန် မြို့နယ်ရုံးအချင်းချင်းညှိနှိုင်းဖြေလျှော့ပြီးှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊အချို့ဒေသတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ရန်ကျန်သည့်သူအများအပြားရှိသည့်အခါသက်ဆိုင်ရာမြို့နယ်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုများမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် နည်းလမ်းလေးသွယ်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။

 

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

(၁၀)နှစ်မှတ်ပုံတင်ရှိသူ(၁၈)နှစ်ပြည့်ပါကမှတ်ပုံတင်အသစ် လဲလှယ်ရမည်ဟုပါရှိပါကြောင်း၊ တချို့အသက်(၃၀)ပြည့်ပြီးပါကမှတ်ပုံတင်အသစ် လဲလှယ်ရန်ပျက်ကွက်ပါကအရေးယူခြင်းခံရမည်ဟုမှတ်ပုံတင်၏နောက်ကျောတွင် ပါရှိပါကြောင်း၊ လက်တွေ့တွင်အသက်(၃၀)ပြည့်မှတ်ပုံတင်ကိုသာကိုင်ဆောင်ပြီး (၃၀)ကျော်ပါကမလဲဖြစ်သူကအများစုဖြစ်နေသည်မှာသွားရောက်လဲလှယ်ပါကလဲလှယ်စရာမလိုသေးကြောင်း၊ ကိုင်ဆောင်၍ ရပါသေးကြောင်းဝန်ကြီးဌာန က ပြောလွှတ်ခြင်းများရှိပါကြောင်း၊အမှန်တကယ်တွင် ဥပဒေအရသတ်မှတ်အသက် ကျော်ပါကမှတ်ပုံတင်အသစ်သွားရောက်လဲလှယ်ရမည် ဖြစ်ပါကြောင်း၊ လဲလှယ်ရာတွင်မှတ်ပုံတင်ကအကောင်းအတိုင်းဖြစ်ပြီး ကာယကံရှင်ပုဂ္ဂိုလ်ကိုယ်တိုင် လာရောက်ပါကအခြားအထောက်အထားများပြစရာလို/မလိုသိရှိလိုပါကြောင်းဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ

(၁၀)နှစ်၊ (၁၈)နှစ်ပြည့်မှတ်ပုံတင်များ၊ နှစ်(၃၀)ပြည်‌့မှတ်ပုံတင်များကိုလဲလှယ်ရန်ညွှန်ကြားထားပါကြောင်း၊ လဲလှယ်ပါကစနစ်တကျပြန်လည်လဲလှယ်ပေးနေပါကြောင်း၊ နှစ်(၃၀)ပြည့်မှတ်ပုံတင် လာရောက်လဲလှယ်သူကိုယ်တိုင် လာရောက်လဲလှယ်ပြီး မှတ်ပုံတင်ရှိအထောက်အထားကိုသေချာစွာစစ်ဆေးနိုင်၍မှန်ကန်သည်ဟုယူဆနိုင်မည်ဆိုပါကအခြားအထောက်အထား မလိုဘဲဆောင်ရွက်ပေးနိုင်ပါကြောင်း၊ သို့ရာတွင် မှတ်ပုံတင်ရှိပုံစံနှင့်အပြင်ရှိပုံစံကမတူညီဘဲ ပျက်ယွင်းနေခြင်း၊မှတ်ပုံတင်ပေါ်ရှိ အထောက်အထားကအစစ်အမှန်ဖြစ်ကြောင်းသံသယရှိမည်ဆိုပါကအထောက်အထားများလိုမည် ဖြစ်ပါကြောင်း၊အဓိကအားနည်းချက်ကမှတ်ပုံတင်ကစက္ကူကတ်ပြားများဖြစ်သည့်အတွက် အတုပြုလုပ်ရန်အလွန်လွယ်ကူသည့်အတွက်နောင်တွင်EIT ဟုခေါ်သော Digital မှတ်ပုံတင်လုပ်ရန်မိမိတို့အစိုးရအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊လတ်တလောတွင်မိမိတို့ဝန်ထမ်းများကိုဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ထားသောငွေကြေးထက် ပိုမိုမကောက်ခံရန်၊လိုအပ်သောအထောက်အထားများကိုအကြောင်းပြ၍ ပြည်သူများကြန့်ကြာအောင်မဆောင်ရွက်ရန်အကြိမ်ကြိမ်အခါခါညွှန်ကြားပြီးဖြစ်ပါကြောင်း၊တိုင်ကြားမှုများရှိလာပါကထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။