(ဂ)-လှိုင်မြို့နယ်၊ ရန်ကုန် တက္ကသိုလ် (လှိုင်နယ် မြေ) ရှိ ပုဂ္ဂလိကသို့ အငှားချထားသော ပျက်စီးယို ယွင်းလျက် ရှိသည့် တက္ကသိုလ် အားကစားရုံအား ပြုပြင်ထိန်းသိမ်းထားရန်နှင့်အသုံးပြုနိုင်ရေးဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၁၀.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

aung kyaw kyaw oo(၁၉)ရာစုကတည်းက မြို့ပြဖွံ့ဖြိုးမှုသည် တစ်ကမ္ဘာလုံးတိုးတက်လာပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင်မြို့ပြလူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သွားခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး စောင့်ကြည့်မှုအဖွဲ့၏ ခန့်မှန်းချက်အရယခုနှင့် ၂၀၃၀ ခုနှစ်အတွင်းတိုးပွားလာသည့် ကမ္ဘာ့လူဦးရေအများစုသည်မြို့ပြတွင် နေထိုင်ကြပါကြောင်း၊ ၂၀၅၀ ခုနှစ်တွင်အာရှဒေသ၏ လူဦးရေ ၆၄ ရာခိုင်နှုန်းက အမြင့်ပိုင်းတွင် နေထိုင်သည်ဟု ခန့်မှန်းမိပါကြောင်း၊ လက်ရှိမြို့ပြ လူဦးရေသည် ကမ္ဘာ့ထုတ်ကုန်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပါကြောင်း၊ယခုနှင့် ၂၀၃၀ ကြား မြန်မာနိုင်ငံ၏ GDP ဖွံ့ဖြိုးမှုသည်လည်း ၅၄ ရာခိုင်နှုန်းမှာ ရန်ကုန်နှင့် အခြားမြို့ပြဒေသကနေ ပေးစွမ်းရမည်ဟု ခန့်မှန်းမိပါကြောင်း၊ထို့ကြောင့် မြို့များသည် နိုင်ငံ့စီးပွားရေးကို လည်ပတ်မောင်းနှင်စေသည့် စက်များဖြစ်ပါကြောင်း၊ မြို့များကပညာသင်လိုသူများ၊ ကျွမ်းကျင်သူများအား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆွဲဆောင်နိုင်ရန်အတွက် အခြေခံအဆောက်အအုံများ၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ၊ တန်ဖိုးမျှတအိမ်ရာနှင့် ကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေးတို့ လိုအပ်ပါကြောင်း၊တက္ကသိုလ်ကျောင်းသား/သူများနှင့် အများပြည်သူတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်သည့် လှိုင်မြို့နယ်တွင်ရှိသည့် တက္ကသိုလ် အားကစားရုံမှာ ယခုပုဂ္ဂလိကကို အငှားချထားပါကြောင်း၊ ပျက်စီးယိုယွင်းလျက်ရှိသည့် တက္ကသိုလ်အားကစားရုံမှာ မိုးများယိုနေသည့်အတွက် အဝတ်များဖြင့် ကြမ်းခင်းသုတ်ပြီး ကစားနေရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်အားကစားရုံ အဆောက်အအုံသည် ယခင်ကအမျိုးသား အားကစားရုံအမှတ်(၂)အဖြစ် နိုင်ငံအဆင့်ကစားပွဲများ ကျင်းပခဲ့ပါကြောင်း၊ ယခုတက္ကသိုလ် ကျောင်းသား/သူများ၊ အများပြည်သူများ၊ ဖူဆယ်ဘောလုံးကစားရာမှာ တစ်နာရီကိုကျပ် ၁၀၀၀၀ လည်းပေးနေရသည့် အတွက် ၎င်းတက္ကသိုလ် အားကစားရုံကို ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိနှင့် ကျောင်းသား/သူများနှင့် ပြည်သူများအခမဲ့ အလွယ်တကူ ကစားနိုင်ရန်အတွက် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw htunရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ရှိတက္ကသိုလ်အားကစားရုံကိုပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှစပြီး တစ်နှစ်တစ်ကြိမ် သဘောတူညီချက်ဖြင့် ပုဂ္ဂလိကကိုအငှားချခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပတ်ဝန်းကျင်အဆောင်များတွင် ကျောင်းသား/သူများနေထိုင်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသား/သူများအတွက် ဆောက်လုပ်ထားသည့် အားကစားရုံကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်ထည့်သွင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းကိစ္စအား ပြုပြင်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီးပုဂ္ဂလိကသို့ ၂၀၀၂ ခုနှစ်ကစပြီး အငှားချထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုအားကစားရုံကို တစ်လလျှင် ကျပ် ၄၀၀၀၀၀ နှုန်းဖြင့် စာချုပ်ချုပ်ဆိုငှားရမ်းထားပါကြောင်း၊ ငှားရမ်း၍ရရှိသော ငွေကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာရငွေအဖြစ် သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အောက်တွင် အပ်နှံဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအားကစားရုံတွင် တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ဝန်ထမ်းမိသားစုများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များတွင်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း၊ စနေနေ့နှင့်တနင်္ဂနွေနေ့များတွင်နံနက် ၆ နာရီမှ နေ့လယ် ၁၁ နာရီအထိလည်းကောင်းတစ်ပတ်မှ ၅ ရက် သီးသန့်အခမဲ့ ကစားခွင့်‌ပြုထားပါကြောင်း၊ အားကစားရုံအတွင်းရှိ မသက်ဆိုင်သည့် အလုပ်ရုံများကို တိုင်းရင်းသားနှင့် လုပ်ငန်းရှင်များအနေဖြင့် ရှင်းလင်းရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင်‌့ပညာ ဦးစီးဌာနအနေဖြင့် တက္ကသိုလ်အားကစားရုံကို ပြင်ဆင်မွမ်းမံခြင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို စိစစ်ပြီးစာချုပ်ချုပ်ဆို ငှားရမ်းထားသည့်လုပ်ငန်းရှင်မှ ဆောင်ရွက်စေပြီး  ပြုပြင်မွမ်းမံမှုများကို လိုအပ်သလို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်ကျော်ကျော်ဦး(လှိုင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တစ်လကိုကျပ် ၄၀၀၀၀၀ ဆိုသည်မှာလက်ရှိ ပေါက်ဈေးအရ အလွန်နည်းပါးပါကြောင်းနှင့် အများပြည်သူ အသုံးပြုနိုင်သည့် နေရာများ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ဆရာ/မများအသုံးပြုနိုင်သည့်နေရာကို ဆက်လက်ငှားရမ်းထားရန် အစီအစဉ် ရှိ/မရှိ၊၎င်းစာချုပ်ကို ပယ်ဖျက်ရန် အစီအစဉ်ရှိ/မရှိနှင့် အားကစားရုံကို အများပြည်သူ အခမဲ့အသုံးပြုနိုင်အောင် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် မနှစ်ကစပြီးလှိုင်နယ်မြေအတွင်း ပညာသင်ကြားမှုများတိုးမြှင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုလိုစီမံဆောင်ရွက်သည့် နည်းတူလှိုင်တက္ကသိုလ်အားကစားရုံကိုလည်းကျောင်းသား/သူများအတွက် အားကစားကိစ္စများ အကျိုးအရှိဆုံးအသုံးပြုနိုင်ရန် ပြန်လည်စိစစ် ဆောင်ရွက်သွားပါမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။