(ခ)-မြောက်ဦးမြို့နယ်အတွင်းပညာရေးကောလိပ် အသစ် တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၁၀.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u hla sawပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင်မြောက်ဦး၊ ကျောက်တော်၊ မင်းပြာ၊ မြေပုံမြို့နယ် ခရိုင်အဖြစ် ဖွဲ့စည်းခွင့်ရခဲ့ပြီးလူဦးရေ  ၈၃၀၀၀၀ ခန့်ပါရှိပါကြောင်း၊ထို့နောက် မြောက်ဦးခရိုင်သည်ပလက်ဝမြို့နယ်နှင်‌့ ချင်းပြည်နယ်(တောင်ပိုင်း)နှင့်လည်း ဆက်စပ်နေပါကြောင်း၊မြောက်ဦးခရိုင်တွင်အ.မ.က ၄၃၈ ကျောင်း၊ မူလွန် ၂၁၁ ကျောင်း၊ မူခွဲ ၆၆ ကျောင်းရှိပြီးမူလတန်းကျောင်းသား ၁၁၀၀၀၀ ကျော်နှင့်အလယ်တန်းကျောင်းသား ၄၅၀၀၀ ရှိပါကြောင်း၊ မြန်မာပြည်တစ်နှံ့တစ်ပြားတွင် ကျေးလက်အောက်ခြေပြည်သူလူထုမှစပြီးအခြေခံပညာတတ်မြောက်ရန်အလွန်အရေးကြီးပါကြောင်း၊ ယခုလက်ရှိအစိုးရသစ်လက်ထက်တွင်၊ ပညာရေးသည်မူလတန်းကျောင်းများကို ကျေးလက်တောရွာအနှံ့တွင် ဖွင့်လှစ်လာသည့်အတွက် ဖွံ့ဖြိုးတိုးတက် လာသည်မှာကြည်နူးစွာတွေ့ရှိရပါကြောင်း၊သို့သော် အားနည်းချက်တစ်ခုမှာဆရာ/မ မလုံလောက်ခြင်း၊ ဆရာ/မများအနေဖြင့်ပညာရေးစွမ်းရည်နိမ့်ကျခြင်းများကိုလည်းတွေ့ရှိရပါကြောင်း၊ထို့ကြောင့် ပညာရေးကောလိပ်များများများဖွင့်လှစ်ပြီး အရည်အချင်းပြည့်သောဆရာ/မများကိုမွေးထုတ်နိုင်ရန်လိုအပ်ပါကြောင်း၊ရခိုင်ပြည်နယ် ကျောက်ဖြူပညာရေးကောလိပ်တွင်တက်ရောက်သည့် ကျောင်းသား/သူများကိုဝန်ဆောင်မှုမဖြည့်ဆည်းပေးနိုင်သည့်အတွက် ပြည်မဘက်ကိုသွားပြီး သင်တန်း တက်ရသည့်အခါ ငွေကုန်ကြေးကျများသည့်အပြင် ပညာရေးဆရာ/မများဆင့်ပွားသင်တန်းပေးခြင်းများမနိုင်မနင်းဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ထို့ကြောင်‌့ ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆရာ/မများမွေးထုတ်နိုင်ရန်အတွက် ပညာရေးကောလိပ်ကိုဖွင့်လိုက်ခြင်းအားဖြင့် ကျောက်ဖြူတွင်ရှိသည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် (တောင်ပိုင်း)အတွက် ပညာရေးမျိုးဆက်များကိုမွေးမြူပေးရန်အတွက် အများကြီးအထောက် အကူပြုမည်ဟုယူဆပါကြောင်း၊ထို့ကြောင့် မိမိတို့အနေဖြင့် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်းပညာရေးကောလိပ်အသစ်တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်အစီအစဉ် ရှိပါကလည်းမည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်မည်ဆိုသည်ကိုသိရှိလိုပါကြောင်းမေးမြေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw htunရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာပညာရေးကောလိပ်တစ်ခုဖွင့်လှစ်ထားပါကြောင်း၎င်းကောလိပ်တွင် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာဒီပလိုမာသင်တန်း(DTED)၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ ဒီပလိုမာသင်တန်း(PPTT)များမှ နှစ်စဉ်သင်တန်းသား ၆၀၀ ဦးခန့် မွေးထုတ်လေ့ကျင့်ပေးခဲ့ပါကြောင်း၊မြောက်ဦးခရိုင်အတွင်းယခုပညာသင်နှစ်စာရင်းအရဆိုလျှင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၂ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲပေါင်း ၃၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၈၂ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၃၈၁ ကျောင်းနှင့်အခြေခံပညာမူလတန်းကျောင်းခွဲပေါင်း ၇၀ ကျောင်းစုစုပေါင်းအခြေခံပညာကျောင်းပေါင်း ၈၆၉ ကျောင်းဖွင်‌့လှစ်ထားပါကြောင်း၊

ကျောင်းသား/သူဦးရေနှင့်တင်ပြရလျှင် အထက်တန်းအဆင်‌့တွင် ၁၂၁၁၈ ဦး၊ အလယ်တန်းအဆင့်တွင် ၄၇၉၈၁ ဦး၊ မူလတန်းအဆင့်တွင် ၁၀၂၉၉၅ ဦးစုစုပေါင်း ၁၆၃၀၉၄ ဦးရှိပါကြောင်း၊ ဆရာ/မဦးရေအနေဖြင့် တာဝန်ချထားမှုမှာ အထက်တန်းအဆင့်တွင် ၅၃၂ ဦး၊ အလယ်တန်းအဆင့်တွင် ၂၀၂၉ ဦး၊ မူလတန်းအဆင့်တွင် ၃၅၀၃ ဦးစုစုပေါင်း ၆၀၆၄ ဦးဖြစ်ပါကြောင်း၊ကျောင်းသားဆရာအချိုးအားဖြင့် တင်ပြရလျှင် အထက်တန်းဆင့်အတွက် ဆရာနှင့်ကျောင်းသားအချိုးမှာ ၁း၂၃၊ အလယ်တန်းအဆင့်၏ဆရာနှင့်ကျောင်းသားအချိုးမှာ ၁း၂၃၊ မူလတန်းအဆင်‌့၏ဆရာနှင်‌့ကျောင်းသားအချိုးမှာ ၁း၂၉ ဖြစ်ပါကြောင်းနှင်‌့ ဆရာ၊ ကျောင်းသားဦးရေမှာသင့်တင်‌့မျှတသည့် အခြေအနေတွင် ရှိပါကြောင်း၊ကျောက်ဖြူပညာရေးကောလိပ်တွင် နှစ်စဉ်‌မွေးထုတ်ပေးနေသည့်မူလတန်းပြဆရာ/မများကိုလည်းရခိုင်ပြည်နယ်အတွင်းဆရာလိုအပ်ချက်ရှိသည့်အခြေခံပညာကျောင်းများသို့ နှစ်စဉ်ဖြည့်ဆည်းခန့်ထားတာဝန်ပေးလျက်ရှိပါ ကြောင်း၊ထို့အပြင် ယခုပညာသင်နှစ်တွင်ကျောင်းအဆင်‌့တိုးမြှင်‌့ပေးလိုက်သည့်ကျောင်းပေါင်းမှာမြောက်ဦးခရိုင်အတွင်း ၁၀၄ ကျောင်းအတွက်လိုအပ်သောဆရာ/မများကို ဖြည်ဆည်းဆောင်ရွက်ပေးပါကြောင်း၊

သို့ပါ၍ မြောက်ဦးခရိုင်အတွင်းဆရာကျောင်းသားအချိုးအရသင့်တင့်မျှတမှုရှိနေခြင်းယခုလာမည့် ဘဏ္ဍာရေးနှစ် ၂၀၁၇-၀၈ ဘဏ္ဍာရေးနှစ်တွင်လည်းပညာရေးကောလိပ်အသစ်တစ်ခုအတွက် ဘဏ္ဍာငွေလျာထားခဲ့ခြင်းမရှိပါသဖြင့် လတ်တလော အားဖြင့် ဖွင့်လှစ်ရန်အစီအစဉ်မရှိပါကြောင်းနှင်‌့ နောင်တိုးတက်လာမည့် ကျောင်းသားဦးရေနှင့်လိုက်လျောညီထွေစွာဆရာ/မများကိုလိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။

ဦးဦးလှစော(မြောက်ဦးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိအနေဖြင့် ပညာရေးဝန်ကြီးဌာနကိုအကြံနှစ်ခုပေးချင်ပါကြောင်း၊ပထမတစ်ခုအနေဖြင့် ရခိုင်ပြည်နယ်၏သီးခြားလက္ခဏာဆောင်နေသည့်လူမှုစီးပွားအခြေအနေများကိုထည့်သွင်းစဉ်းစားပေးစေလိုပါကြောင်း၊ပညာရေးနှင့်ဆိုင်သည့်ရခိုင်များ၏ Index များကိုလည်းထည့်သွင်းစဉ်းစားပေးရန်နှင့် ဒုတိယအချက်အနေဖြင့် မြန်မာ၊ ဗမာ၊ ရခိုင်၊ ချင်းစသည့် တိုင်းရင်းသားအားလုံးသည် ချစ်ကြည်စည်းရုံးသည့် ပြည်ထောင်စုကြီးကိုဖက်ဒရယ်နိုင်ငံတော်ကြီးကိုတည်ဆောက်မည်ဟုလုပ်ဆောင်နေကြသည့် အချိန်တွင်မဖွံ့ဖြိုးသေးသည့်တိုင်းရင်းသားဒေသများ၏ပညာရေးအတွက် ပညာရေးအမြင်တစ်ခုတည်းမဟုတ်ဘဲနှင့် ပြည်ထောင်စုစိတ်ဓာတ် အမြင်ဖြင့်လည်းစဉ်းစားပေးရန်အတွက် ပညာရေးဌာနကို တိုက်တွန်းပါကြောင်း၊ ထို့ကြောင့်ရခိုင်တွင်လောလောဆယ်ပညာရေးကောလိပ်ကိုဖွင့်ခွင့်မပေးဘူးဆိုရင် ၂၀၁၅-၂၀ လွှတ်တော်သက်တမ်းအတွင်းပညာရေးကောလိပ်များ မြန်မာတစ်ပြည်လုံးတွင်တိုးချဲ့ဖွင့်လှစ်မည့် အစီအစဉ်ရှိ/မရှိဆိုသည်ကိုသိချင်ပါကြောင်း၊ ယခုလို တိုးချဲ့ဖွင့်လှစ်မည့် အစီအစဉ်ရှိသည်ဆိုရင် မြောက်ဦးပညာရေးကောလိပ်အနေဖြင့်ဦးစားပေးအဆင့်တွင် ရရှိနိုင်မည်လားဆိုသည်ကိုသိလိုပါကြောင်းဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အကြံပြုချက်နှစ်ချက်လုံးဖြစ်သည့်သီးခြားလက္ခဏာလိုအပ်ချက်ကိုစဉ်းစားပေးရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်နှင့် စဉ်းစားပေးရန်အချက်ကိုမိမိတို့ လိုက်နာဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ဆက်စပ်မေးခွန်းဖြစ်သည့်နောင်တွင်ဖွင့်လှစ်မည့် ပညာရေးကောလိပ်များတိုးချဲ့ ဆောင်ရွက်ရာတွင်ရခိုင်ပြည်နယ်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရခိုင်ပြည်နယ်ဒေသ၏အစိုးရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။