(ဂ)-နိုင်ငံတော် စီမံကိန်းများ ရေးဆွဲခြင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်မှု၊မြေယာစီမံခန့်ခွဲ အုပ်ချုပ်မှု များ ဆောင်ရွက်ရာတွင် မြေယာမှတ်ပုံတင်ခြင်းနှင့် မြေပုံစနစ်ကိုမည်ကဲ့သို့စီစဉ်ဆောင်ရွက်နေကြာင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ (၉.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

zin mar aungမြေသယံဇာတကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုသည် နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံသားများ၏ လူနေမှုဘဝ အဆင့်အတန်းစသည့်အချက်များကို ဆက်စပ် သက်ရောက်မှု ကြီးကြီး မားမား ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံကို ကဏ္ဍပေါင်းစုံက ဝင်ရောက်လာနိုင်သည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် မြေယာစီမံခန့်ခွဲမှုနှင့် များစွာဆက်စပ်လျက်ရှိနေပါကြောင်း၊ ကန်ထရိုက်စနစ် စိုက်ပျိုးရေးကစတင်ကာ စက်မှုဇုန်များ၊ မြို့ပြလူနေအိမ်ရာစီမံကိန်းများ၊ အထူး စီးပွားရေးဇုန်များ စသည့်စီမံကိန်းများသည် မြေနေရာကိုအခြေခံ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခင်ကာလများတွင် အထိန်းအကွပ်မဲ့ စီမံခန့်ခွဲမှုကြောင့် ကျူးကျော်ပြဿနာများ၊ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊

လယ်ယာမြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ဗြိတိသျှခေတ်ကစတင်ကာ မြေခွန်ကိုစနစ်တကျ ကောက်ခံခဲ့ပြီး မြို့နှင့်ကျေးရွာများကို စနစ်တကျဖြစ်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် မြေယာစီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြခံဥပဒေ၊ ၂၀၁၂ ခုနှစ်  မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေများတွင် လည်း မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ထိုက်သင့်သကဲ့သို့ ပါဝင်နေပါကြောင်း၊  

မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနပေါင်းစုံက အကွဲကွဲအပြားပြား စီမံခန့်ခွဲနေသည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စုအစိုးဖြစ်စေ၊ တိုင်းဒေသကြီးအစိုးဖြစ်စေ အစိုးရတစ်ရပ်သည် စီမံကိန်းတစ်ခုကိုစတင် စဉ်းစားလိုက်သည်နှင့် စီမံကိန်းဆောင်ရွက်လိုသည့်နေရာ၏ မြေပြင်ပထဝီ အနေအထား၊ မြေအမျိုးအစားနှင့် မြေယာပိုင်ဆိုင်မှုအခြေအနေ၊ သတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန်လိုအပ်သလို ရင်းနှီးမြှုပ်နှံသူများကိုလည်း အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန်လိုအပ်ပါကြောင်း၊ မြို့ပြအိမ်ရာစီမံကိန်းများအပါအဝင် ဥပဒေနှင့်အညီ စံချိန်စံညွှန်း ကိုက်ညီပြည့်မီသော မြို့ပြဖွံ့ဖြိုးရေးတွင်လည်း အဆောက်အဦနှင့် မြေယာမှတ်ပုံတင်ခြင်းသည် မြို့ရွာများစီမံခန့်ခွဲအုပ်ချုပ်ရေး အတွက် အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊

နောက်ထပ်အရေးကြီးသည့် အချက်သည် ခေတ်မီစံကိုက်မြေပုံစနစ် ထားရှိနိုင်ရေးဖြစ်သည့်အတွက်  Digital Based ကိုပြောင်းလဲရန် လိုအပ်ပါကြောင်း၊ မြေသယံဇာတနှင့် ပတ်သက်ပြီး တိကျကောင်းမွန်သည့် အခြေခံအချက်အလက်များမရှိဘဲ စီမံခန့်ခွဲမှု ကောင်းမွန်မည့်မဟုတ်သည့် အပြင် နိုင်ငံတော်အနေနှင့် မြေသယံဇာတ၊ မြေယာအုပ်ချုပ်မှုတွင် အချုပ်အခြာအာဏာကို ကျင့်သုံးရန်ခက်ခဲမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားမြေအသုံးချမှုမူဝါဒ၊ အခန်း(၃)တွင် မြေသက်ဆိုင်သည့် သတင်းအချက်အလက်များ စီမံခန့်ခွဲခြင်း၊ အခန်း(၁၅)တွင် မှန်ကန်တိကျသည့် မြေကြီး၊ မြေပုံ၊ မြေနှင့်သက်ဆိုင်သည့် မှတ်တမ်းနှင့်သတင်း အချက်အလက်တို့ကို စနစ်တကျ စီမံထားရှိခြင်းသည် မြေအသုံးချမှုကို စနစ်တကျစီမံခန့်ခွဲခြင်း၊ မြေလုပ်ပိုင်ခွင့် ခိုင်မာမှုနှင့် မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဆိုထားပါကြောင်း၊

အပိုဒ် ၁၇ အပိုဒ်ခွဲ (ဃ) တွင် မြေပြင်အမှန်အသုံးချမှုနှင့် လက်ရှိမြေအသုံးချမှု မြေပုံအပါအဝင် မြေနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို နှိုင်းယှဉ်ရာတွင် အရည်အသွေးမြင့် ဂြိုလ်တုပုံရိပ်နှင့် ပထဝီဆိုင်ရာ သတင်းအချက်အလက်၊ နည်းပညာအပါအဝင် သင့်လျော်သည့် နည်းပညာများကိုရယူ အသုံးပြုခြင်း ဆိုပြီး အမျိုးသားမြေအသုံးချမှုမူဝါဒတွင် ဖော်ပြထားတာရှိပါကြောင်း၊

ထို့ကြောင့် မည်သည့်မြေပုံစနစ်မျိုးကို အသုံးပြုသည်နှင့် ခေတ်မီနည်းစနစ်ကို ပြောင်းလဲသုံးစွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အစီအစဉ်တွင် ပြည်ထောင်စုအဆင့်၌ စီမံကိန်းကော်မရှင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းကော်မရှင်နှင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၊ ခရိုင်/မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကော်မတီအဆင့်ဆင့်တွင် စီမံကိန်းပါမြေယာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် စပ်လျဉ်းသော မြေယာစီမံခန့်ခွဲအုပ်ချုပ်မှုများကို ဆောင်ရွက်နေသည့် ဌာနများက တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီများနှင့် သက်ဆိုင်ရာဒေသအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဆွေးနွေးညှိနှိုင်း ရေးဆွဲဆောင်နေခြင်း ဖြစ်ပါကြောင်း၊

မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများအနက် သစ်တောမြေစီမံခန့်ခွဲမှုတွင် သက်ဆိုင်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအနေနှင့် သစ်တောဥပဒေပုဒ်မ ၇ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေများတွင် နိုင်ငံတော် စီမံကိန်းလုပ်ငန်း၊ နိုင်ငံတော်လုံခြုံရေးလိုအပ်ချက်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ မြို့ပြ/ကျေးရွာဖွဲ့စည်းမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးလုပ်ငန်းနှင့် သာသနာ့မြေများ သတ်မှတ်တည်ထောင်ရန် လိုအပ်လာပါက  ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် သစ်တောမြေအဖြစ်က စွန့်လွှတ်ပြောင်းလဲ၊ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့သော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအနေဖြင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာမြေနှင့် စပ်လျဉ်းပြီး စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အဓိကဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူများကို မှတ်ပုံတင်စာရင်းပုံစံ (၅) နှင့် မှတ်တမ်းတင်ရေးသွင်းခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ကို ပြဋ္ဌာန်း ထားသည့်  ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် စိစစ်ဆောင်ရွက်ရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခံရသူများကို မှတ်ပုံတင်စာရင်းပုံစံ (၆) တွင် မှတ်ပုံတင်ရေးသွင်းပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများကို မှတ်ပုံတင်စာရင်း ပုံစံ (၁၁) နှင့် မှတ်တမ်းတင်ရေးသွင်းပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရုံးများတွင်လည်းကောင်း ထိန်းသိမ်းထားရှိရပါကြောင်း၊

နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုကို အထိရောက်ဆုံး အသုံးပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ပြဋ္ဌာန်းခဲ့ပြီး ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုကို မှတ်ပုံတင် စာရင်းပုံစံ (၅)၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ရရှိသူများကို ပုံစံ (၉)၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း အသုံးပြုခွင့်ငြင်းပယ်ခြင်း ခံရသူများကို ပုံစံ(၁၀) စသည့်ဖြင့် မှတ်တမ်းရေးသွင်း ထိန်းသိမ်းထားရှိပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေအပိုဒ် ၅၂၀ အရ မြေယာနှင့် စပ်လျဉ်းပြီး အဓိကအခြေပြုရမည့် မြေပုံကိစ္စကို ဆောင်ရွက်ရပါကြောင်း၊ မြေပုံဆိုသည်မှာ မှတ်တင်ပုံတင် စာရင်းများ၏ အညွှန်းဖြစ်သည့်အတွက် မြေတည်ရာအရပ်၊ အတိုင်းအတာနှင့် နယ်နိမိတ်များကို ဖော်ပြရသည့် မှတ်တမ်းဖြစ်တာနှင့်အညီ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံ ဆောင်ရွက်ရပါကြောင်း၊ မြေပုံရေးဆွဲနိုင်ရေးအတွက် မြေတိုင်းတာရာတွင်လည်း သာမန်မြေ တိုင်းတာခြင်း နည်းလမ်း (Conventional Surveying)၊ ခေတ်မီမြေတိုင်း ကိရိယာများနှင့် မြေတိုင်း တာခြင်းနည်းလမ်း (Advanced Survey)၊ ဂြိုလ်တုဓာတ်ပုံများအသုံးပြုပြီး မြေပုံရေးဆွဲခြင်း(Satellite Survey) နည်းလမ်းတွေကို အသုံးပြုဆောင်ရွက် လျက်ရှိပါကြောင်း၊

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် အသုံးပြုနေသည့် မြေပုံအများစုသည် ကွက်စိပ်မြေပုံ(Cadastral Map) များ ဖြစ်ကြပါကြောင်း၊ သာမန်မြေတိုင်းတာခြင်းနည်းလမ်းနှင့် တိုင်းတာပုံ ထုတ်အသုံးပြုလျက်ရှိသော ကွင်း/အကွက် မြေပုံများကို ခွင်‌့ပြုရန်ပုံငွေ အပေါ်မူတည်ပြီး ခေတ်မီမြေတိုင်း နည်းပညာဖြင့် Digital မြေပုံပြောင်းလဲရေး ဆွဲထုတ်လုပ်ရေးကို စီမံချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၆-၁၇ ခုနှစ်ထိ ကွင်းပေါင်း ၂၁၀၉၈ ကွင်း၊ ဧရိယာဧက ၁၁.၅၁ သန်းကို တိုင်းတာရေးဆွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ Satellite Image များ အသုံးပြုပြီး မြေပုံရေးဆွဲသည့် လုပ်ငန်းတွင် မြေပုံရေးဆွဲပြီးပါက မြေပြင် ကွင်းဆင်းပြီး မှန်ကန်အောင် စစ်ဆေးဆောင်ရွက်ရပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ယင်းဌာန၏ စီမံခန့်ခွဲ ဆောင်ရွက်ရသော ကျေးရွာမြေများနှင့်ပတ်သက်ပြီး လိုင်စင်၊ မြေငှားဂရန်၊ အခွန်လွတ်ဂရန်၊ ဘဒ္ဒသိမ် ဂရန်တို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုထုတ်ပေးပါကြောင်း၊ ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေနှင့် ၁၉၀၇ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာများ နည်းဥပဒေတို့အရ မှတ်တမ်းတင်စာရင်း စာအုပ်ကိုးမျိုးဖြင့် စနစ်တကျမှတ်တမ်း ရေးသွင်းထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

မြို့ပြဆိုင်ရာမြေစီမံခန့်ခွဲမှုတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၁၉၂၀ ပြည့်နှစ်ရန်ကုန်စည်ပင်သာယာရေး အဖွဲ့အက်ဥပဒေအရ ရန်ကုန်မြို့မြေစီမံခန့်ခွဲမှု လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေစီမံခန့်ခွဲမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် မြေယာမှတ်ပုံတင်ခြင်းစနစ်ကို မြို့မြေစာရင်းမှတ်ပုံ တင်စာအုပ် (Town Land Roll) နှင့် ဦးပိုင်မှတ်ပုံတင်စာရင်း (၁-က) (Register 1 A) တို့ကို အသုံးပြု ပြီး မှတ်တမ်းထိန်းသိမ်းပါကြောင်း၊ မြေပုံမှတ်တမ်းစနစ်ကို ဗြိတိသျှအတိုင်းအတာစနစ်ကို အသုံးပြုပြီး မှတ်တမ်းထိန်းသိမ်းခြင်း ဖြစ်ပါကြောင်းနှင့် ယခုအခါ (Computerize) ကွန်ပျူတာ မှတ်တမ်းတင်‌ မြေပုံ စနစ်အဖြစ် ပြောင်းလဲနိုင်ရေးကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။