(ခ)-ရပ်စောက်မြို့နယ်၊ ပါမဲ ကျေးရွာအုပ်စု၊ ထင်း ကွင်း၊ ရွာသစ်၊ တပ်ဦး (၃)ရွာပေါင်း၍ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် ရေအသုံးချရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၁) ရက်မြောက်နေ့ (၉.၈.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u khin maung myintရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာ အုပ်စု ထင်းကွင်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၂၂၀၊ လူဦးရေ ၈၁၅ ဦး၊ တပ်ဦးကျေးရွာတွင် အိမ်ခြေ ၂၅၇၊ လူဦးရေ ၁၀၈၈ ဦး၊ ရွာသစ်ကျေးရွာတွင် အိမ်ခြေ ၁၂၉၊ လူဦးရေ ၄၉၀ ဦး စုစုပေါင်း အိမ်ခြေ ၆၀၆ နှင့် လူဦးရေ ၂၃၉၉ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာများတွင် ရေရှားပါး၍ သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာမရရှိခြင်း၊ နွေ ကာလများတွင် ရေတွင်းများခမ်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရ ပါကြောင်း၊၎င်းကျေးရွာများနှင့် ၃.၅ မိုင်ကွာဝေးသော မြေနီကျေးရွာ၊ သိမ်ဂနိုင်ရေထွက်မှရေများကို စိမ့်စမ်းရေသွယ်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ၎င်းကျေးရွာသုံးရွာအတွက် သောက်သုံးရေလုံလောက်စွာ ရရှိသုံးစွဲနိုင်မည်ဖြစ်ပါ၍ သက်ဆိုင်ရာရေအရင်းအမြစ်နှင့် ရေအသုံးချ ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးရန်လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု ထင်းကွင်း၊ ရွာသစ်၊ တပ်ဦးသုံးရွာ‌ပေါင်း၍ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ရေအရင်းအမြစ်နှင့် ရေအသုံးချရေးဦးစီးဌာနမှ လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ  သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း ရွာသုံးရွာပေါင်းပြီး စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းဖြစ်မြောက်နိုင်စွမ်းအကြိုစူးစမ်းလေ့လာမှု၊ မြေပြင်တိုင်းတာမှု လုပ်ငန်းများကို ဆောင်ရွက်ရန်ရှိသည့်အတွက် အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် စူးစမ်းလေ့လာတိုင်းတာမှုများ ဆောင်ရွက် သွားရန် စီစဉ်ထားရှိပြီဖြစ်ကြောင်း၊  စူးစမ်းလေ့လာမှုနှင့် တိုင်းတာမှုများအရ ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်း၊ ရွာသစ်၊ တပ်ဦးသုံးရွာပေါင်းပြီး စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဖြစ်မြောက် နိုင်စွမ်းရှိမည်ဆိုပါက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့က တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်ကာ လုပ်ငန်းကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။