(ခ)-ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံကို (၂၅) ခု တင်ဆံ့မှ ခုတင်(၅၀)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u myint theinမိမိတို့မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၇၂ အုပ်စု၊ ကျေးရွာပေါင်း ၃၀ နှင်‌့ လူဦးရေပေါင်း ၂၂၀၀၀၀ ကျော်ရှိပါကြောင်း၊ အရှေ့အနောက် ၂၇ မိုင်၊ တောင်မြောက် ၁၉ မိုင်ရှိပြီး စတုရန်းမိုင်ပေါင်း ၅၁၄.၅၈ မိုင် ကျယ်ဝန်းပါကြောင်း၊ အများစုသည် တောင်သူလယ်သမားများဖြစ်ပြီး စပါးနှင့်သီးနှံံမျိုးစုံကို စိုက်ပျိုးကြပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၄ ခု၊ ကျေးလက်ကျန်းမာရေးဌာန ရှစ်ခု၊ တိုက်နယ်ဆေးရုံ သုံးခုနှင့် (၂၅) ခုတင်ဆံ့ ဆေးရုံတစ်ရုံရှိပါကြောင်း၊ လူဦးရေများပြားခြင်းကြောင့် ဆေးရုံတွင်လူနာများအမြဲတမ်း ပြည့်ကြပ်နေပါကြောင်း၊ မန္တလေးမြို့နှင့် ၆၅ မိုင်၊ ရွှေဘိုမြို့နှင့် ၂၂ မိုင်ဝေးသောကြောင့် ဆင်းရဲသော တောင်သူလယ်သမားများနှင့် အလုပ်သမားများသည် မြို့နယ်ပြည်သူ့ဆေးရုံကိုသာ အားကိုးကြရပါကြောင်း၊ အဆောက်အဦနှစ်ခု တိုးချဲ့ဆောက် လုပ်ပေးထားသော်လည်း လုံလောက်မှုမရှိသေးသည့်အတွက် ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့ ဆေးရုံမှ ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည်‌့အချိန်တွင် စတင်အကောင်အထည်ဖော်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweစစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် လူဦးရေနှစ်သိန်းခန့် နေထိုင်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် (၂၅)ခုတင်ဆံ့မြို့နယ်ဆေးရုံတစ်ရုံ၊ မင်းချီတိုက်နယ်ဆေးရုံ၊ ရှိမ္မကားတိုက်နယ် ဆေးရုံနှင့် ရွှေပန်းကုံး တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ လေးရုံဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ ဝက်လက် ဆေးရုံအား (၂၅) ခုတင်မှ ခုတင်(၅၀)ဆံ့သို့ တိုးမြှင့် ရန် ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၃/၂၀၁၇) ကြိမ် မြောက်အစည်းအဝေးမှ သဘောတူညီပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ်အတွင်း သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲနိုင်ရန်ညှိနှိုင်းထားပါကြောင်း၊ ခုတင် (၅၀) ဆံံ့ဆေးရုံအဖြစ် တိုးမြှင့် ခွင့်ရရှိပါက အဆောက်အဦ၊ စက်နှင့်စက်ပစ္စည်း ထပ်မံလိုအပ်ငွေများအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဇူလိုင် ၂၄ ရက်နေ့ ၂၀၁၇ ရက်စွဲပါ စာဖြင့်တင်ပြထားပြီးဖြစ်ပါကြောင်းနှင့် သဘောတူညီမှုရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။